Monday, 6 August 2012
ပြီးပြည့်စုံသော အစ္စလာမ် (ဒီန်)
ပြီးပြည့်စုံသော အစ္စလာမ် (ဒီန်)
“………ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန် သာသနာတော်ကို ပြီးပြည့်စုံတော်မူပြီ။ ၄င်းပြင် ငါအရှင်မြတ်သည် မိမိ၏ ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူပေပြီ။ ၄င်းပြင် ငါအရှင်မြတ်သည် အစ္စလာမ်ကို အသင်တို့အဖို့ ဒီန် ဘဝတည်ဆောက်မှု လမ်းစဉ် သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူပေပြီ……” (ကုရ်အာန် ၅း၃)
ခေတ်အသီးသီးတွင် ပွင့်ခဲ့ကြသော ကမ္ဘာ့နဗီတမန်တော် အလင်းပြပုဂ္ဂိုလ်များအနက် မုဟမ္မဒ်သခင်သည် ခရစ်သက္ကရဇ် ၆၁၀ ခုနှစ် မက္ကာမြို့တွင် ပွင့်ပေါ်ခဲ့၍ (၂၃)နှစ်တိုင် သာသနာပြုခဲ့ပြီး ခရစ်သက္ကရဇ် ၆၂၃ ခုနှစ်တွင် မဒီနာမြို့တော်၌ (ကွယ်လွန်) ‘ဝဖသ်’ ဖြစ်တော်မူခဲ့လေသည်။ အစ္စလာမ် ‘ဒီန်’ကို အပြော သက်သက်သာ မဟုတ်ဘဲ (၂၃)နှစ်တာ ကာလအတွင်း လက်တွေ့အောင်မြင်စွာ စံပြတည်ဆောက် ပြသွားခဲ့လေသည်။ (တမန်တော်မြတ်၏ အောင်နိုင်ခြင်းများ’ ကဏ္ဍတွင် အသေးစိတ်ကြည့်ပါ)။ မိဘမဲ့ အဖြစ် မွေးဖွားလာခဲ့၍ စာပေမသင်ကြားရသူ သိုးကျောင်းသားအဖြစ် ကြီးခဲ့သော်လည်း အောင်မြင်သော နိုင်ငံခေါင်းဆောင်အဖြစ် လည်းကောင်း၊ အလ္လာဟ်၏ တမန်တော် တစ်ဦးအဖြစ်လည်းကောင်း၊ ရုပ်၊ နာမ် နှစ်ပါးလုံး အောက်တန်းကျနေသော အာရဗ်လောက တစ်ခွင်လုံးကို အောင်မြင်စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်းအတွက် ယနေ့ ကမ္ဘာ့လူသားတို့ အံ့သြကြရ၏ မည်သည့် စွမ်းအင်ကြောင့် ဤမျှအောင်မြင်ခဲ့သနည်း။
‘ဒီန်’ ဟူသည် ပန်းတိုင်သို့ ရောက်ရန် တိကျပြတ်သားသော၊ ပြီးပြည့်စုံသော လမ်းညွှန်လို၏။ အစ္စလာမ်သည် ဖန်ဆင်းခံတို့၏ သဘာဝကို အကြွင်းမဲ့ သိတော်မူသော ဖန်ဆင်းရှင် အလ္လာဟ်၏ ဝဟီလမ်းညွှန် ကုရ်အာန်ကျမ်းမြတ် အပေါ်၌ အခြေခံ တည်ဆောက်ထားသည်။ ကုရ်အာန်သည် မပြီးမပြည့်စုံသော လူသား၏ အတွေးအခေါ်များ မဟုတ်။ သံသယဖြစ်ဖွယ် အလျင်းမရှိ၊ လူ့သဘာဝတရားနှင့် မဆန့်ကျင် အစွန်းရောက်သော သဘာဝလွန် ကျင့်စဉ်များမပါရှိ၊ ခေတ်တိုင်းအတွက် ပြီးပြည့်စုံသော လမ်းညွှန်ဖြစ်၍ အခြေခံမူများ ပြောင်းလဲရခြင်းမရှိ။ ခေတ်တိုင်းကို စိန်ခေါ်မှုရှိသည်။ ရုပ်လောကအတွက်သော်လည်းကောင်း၊ တမလွန်လောကအတွက် ပြီးပြည့်စုံသော ငြိမ်းချမ်းမှုအတွက် လည်းကောင်း ပြီးပြည့်စုံသော လမ်းညွှန်များ ပါဝင်သည်။ (ကုရ်အာန်ကဏ္ဍတွင် ကြည့်ပါ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment