Monday 6 August 2012

အစ္စလာမ်ကို ဒီန်ဟု အဘယ့်ကြောင့် ခေါ်ရသနည်း

အစ္စလာမ်ကို ဒီန်ဟု အဘယ့်ကြောင့် ခေါ်ရသနည်း စကြဝဠာခပ်သိမ်း၊ လောကခပ်သိမ်း၊ သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ အစ္စလာမ်(ဒီန်)ကို မုစ်လင်မ်အဖြစ် (နာခံ)ကျင့်သုံးနေ၍ ကမ္ဘာ့နဗီတမန်တော် အလင်းပြပုဂ္ဂိုလ်အပေါင်းတို့ ဟောကြားခဲ့သော အစ္စလာမ် ဒီန်သည်သာ အလ္လာဟ်လက္ခံတော်မူသည်။ “ထို့ပြင် မည်သူမဆို အစ္စလာမ်(ဒီန်)မှ တစ်ပါး အခြား သာသနာ တစ်ရပ်ရပ်ကို ရှာဖွေပါမူ ထိုသူ၏တံမူ (ထိုသူရှာဖွေသော သာသနာသည် အလ္လာဟ်အရှင်မြတ် ထံတော်တွင်) လက္ခံ သဘောတူတော်မူခြင်း အလျင်းခံရမည် မဟုတ်ပေ။ ထို့ပြင် ထိုသူသည် နောင်တမလွန်ဘဝ၌လည်း ဆုံးရှုံးသူများတွင် တစ်ဦးအပါအဝင် ဖြစ်ပေမည်” (ကုရ်အာန် ၃း၈၅) စကြဝဠာ လောကခပ်သိမ်းက နာခံကျင့်သုံးနေသော “အစ္စလာမ် ခေါ် တစ်ပါးတည်းသော အလ္လာဟ်ကိုသာ နာခံခြင်း လမ်းစဉ်ကို အလွန်သေးငယ်သော ကမ္ဘာဂြိုဟ်ပေါ်မှ လူသားက မည်သို့ငြင်းနှိင်အံ့နည်း၊ အလ္လာဟ်သည် ကျမ်းမြတ်ကုရ်အာန် အတွင်း၌ အစ္စလာမ်ကို “ဒီန်”ဟူသော စကားလုံးဖြင့် တွဲဖက်သုံးစွဲထား၏။ “ဒီန်”ဟူသော စာလုံးကို သာသနာ၊ လမ်းစဉ် စသည်ဖြင့် ပြန်ဆိုက ပြီးပြည့်စုံသော မူရင်းအဓိပ္ပာယ် သဘောကို မခြုံငုံမိချေ။ ယေဘုယျသဘောသာ ဖြစ်၏။ “ဒီန်” ဟူသော အာရဗီ စာလုံးသည် စာပေအရ အဓိပ္ပာယ် (၃)မျိုးထွက်သည်….. (၁) ဂုဏ်၊ အစိုးရမှု၊ အုပ်ချုပ်မှု။ (၂) နာခံစေမှု၊ ကျွန်ခံစေမှု၊ ကျိုးနွံစေမှု။ (၃) စစ်ဆေးမှု၊ အဆုံးအဖြတ်ပေးမှု၊ အကျိုးအပြစ်ပေးမှု စသည်တို့ ဖြစ်သည်။ ကျမ်းမြတ် ကုရ်အာန်တွင် အစ္စလာမ်ကို ဒီန် ဟူ၍ ခေါ်ဝေါ် သုံးစွဲခြင်းမှာ… (၁) အလ္လာဟ်တစ်ပါးတည်းသာ လောကခပ်သိမ်း သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့၏ အရှင်သခင် ဖြစ်တော်မူခြင်း။ (၂) အလ္လာဟ်မှလွဲ၍ စကြဝဠာလောကခပ်သိမ်းနှင့် သက်ရှိသက်မဲ့ခပ်သိမ်းတို့သည် အလ္လာဟ်၏ ဖန်ဆင်းခံများသာ ဖြစ်ကြ၍ မိမိတို့၏ အရှင်သခင် အလ္လာဟ်၏ အမိန့်လမ်းညွှန်ကို နာခံရမည့် ကျွန်များဖြစ်ခြင်း။ (၃) လူသားအပါအဝင် ဖန်ဆင်းခံတို့၏ ပြုမူဆောင်ရွက်ချက်၊ လုပ်ရပ်များနှင့် စပ်လျဉ်း၍ စစ်ဆေးမှု၊ ဆုံးဖြတ်မှု၊ အကျိုး အပြစ်ပေးမှု အာဏာသည် အလ္လာဟ်တစ်ပါးတည်း၌သာ ရှိခြင်း အဓိပ္ပာယ်ဖြင့် သုံးစွဲထားပေသည်။ (ဂုဏ်၊ အမိန့်၊ အာဏာ၊ ဆုံးဖြတ်မှု၊ အကျိုးအပြစ်ပေးမှု အားလုံး အလ္လာဟ်သာ ပိုင်၏)

No comments:

Post a Comment