Thursday, 13 September 2012

ဝဟီနှင့် နဗီ

ဝဟီနှင့် နဗီ လူသားတို့၏ နဖ်စ်ဝိညာဉ်နှင့် သဘာဝ၊ လူသားတို့၏ ဆင်ခြင်တုံတရား၊ ဉာဏ်လွှာအဆင့်ဆင့်တို့၏ စွမ်းရည်နှင့် ယင်းတို့ဖြင့် လွှမ်းခြုံ ထိုးဖောက်သိမြင်နိုင်စွမ်းမရှိသော ဂိုက်ဘ်ခေါ် အကွယ် တရားများ စကြဝဠာ လောကခပ်သိမ်းသို့ အလ္လာဟ်ထံတော်မှ ဝဟီလမ်းညွှန်သက်ဆင်းပုံ၊ လူသားတို့၏ နဖ်စ်၏ သဘာဝနှင့် ကိုက်ညီသော ဝဟီလမ်းညွှန်နှင့် လူသားတမန်တော် တို့အကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပေသည်။
လူသားတစ်ဦးချင်း တိုင်းတွင်ရှိသော နဖ်စ်ဝိညာဉ်သည် မဖွံ့ဖြိုးသေးသော အသွင်ဖြင့်ရှိနေသော်လည်း အလ္လာဟ် အရှင်မြတ်၏ ဂုဏ်တော်များနှင့်အညီ အရောင်ဆိုးကျင့်ကြံပါက အလွန်ပြင်းထန်သော ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းရှိပေသည်။ ထိုနဖ်စ်၏ သဘာဝမှာလည်း လူသားတစ်ဦးချင်း ခွဲခြားကျင့်ကြံမှုမျိုး မဟုတ်ဘဲ လူ့အဆောက်အအုံအတွင်း စုပေါင်းကျင့်ကြံရမည် ဖြစ်ပေသည်။ လူသားသည် စကြဝဠာ လောကခပ်သိမ်းတွင်းရှိ ဖန်ဆင်းခံတို့ အနက်အကောင်းဆုံးသော စွမ်းရည်များ ချီးမြှင့်ပေးထားခြင်းခံထားရသော်လည်း အကန့်အသတ်အတွင်း၌ရှိနေသော လူသား၏ ဉာဏ်လွှာ အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့သည် အရာခပ်သိမ်းကို လွှမ်းခြုံထိုးဖောက် သိမြင်နိုင်စွမ်းမရှိချေ။
ဖန်ဆင်းရှင် အလ္လာဟ်သည်သာလျင် အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူပေသည်။ လူသားတို့ လွှမ်းခြုံသိမြင်နိုင်စွမ်းမရှိသော ဂိုက်ဘ် အကွယ်တရားတို့၏ သဘာဝနှင့် လက်ရှိရုပ်လောကတို့၏ သဘာဝတို့၏ ဆက်စပ်မှု၊ လူသား၏ နဖ်စ်ဝိညာဉ်သည် ဤလောက၌ လူသား၏ ရုပ်ခန္ဓာများသေပြီး အကွယ်လောကဖြစ်သော တမလွန်တွင် ကြုံတွေ့ရမည့်တရားများကို၊ ဤလောက၌ သဘာဝနှင့်အညီ ကျင့်ကြံရန် လမ်းညွှန်များမှာ လူသားတို့အတွက် အမှန်တကယ်ပင် လိုအပ်ပေသည်။
ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ စွမ်းရည်ဖြင့် ထိုးဖောက်သိမြင်နိုင်စွမ်းမရှိသော အကွယ်တရားတို့နှင့် လူသားတို့၏ နဖ်စ်ဝိညာဉ်အဆင့်ဆင့် တိုးတက်ဖွံ့ဖြိုး၍ နိစ္စထာဝရ ပြီးပြည့်စုံသော အောင်မြင်ငြိမ်းချမ်းမှု ဂျန္နသ်သို့ ဝင်ရောက်နိုင်သော အဆင့်ရောက်ရန် ကျင့်ကြံရမည့်လမ်းညွှန်တို့ကို ဝဟီအဖြစ် လူသားတို့အတွင်းမှ ‘နဗီတမန်တော်’များကို ရွေးချယ်ပွင့်ပေါ်စေတော်မူ၍ ချပေးသနားတော်မူလေသည်။
နဗီတမန်တော်များဟူသည်
နဗီတမန်တော်များသည် လူသားများသာဖြစ်ကြသည်။ သို့သော် ထူးခြားချက်ကား အလ္လာဟ်ထံတော်မှ ဝဟီအမိန့်လမ်းညွှန်များကို ရရှိခြင်းဖြစ်၏။ (ကုရ်အာန် ၁၈း၁၁၀)။ ၄င်းတို့သည် အလ္လာဟ်ထံတော်မှ ဝဟီအမိန့်မရမီအလျင် ဝဟီရလိမ့်မည်ဟူ၍ ကြိုတင်မသိကြချေ။ ဝဟီရမှသာလျင် နဗီဖြစ်ကြောင်း သသိရှိကြရသည်။ (ကုရ်အာန် ၂၈း၈၆)။
၎င်းတို့သည် မိမိတို့၏ တာဝန်အပေါ် သစ္စာမဲ့ခြင်း အလျင်းမရှိ၊ အသက်အန္တရာယ်ကြုံသည့်တိုင်အောင် တာဝန်ကျေသူ၊ ဖြောင့်မတ် မှန်ကန်သူများ ဖြစ်ကြ၏ (ကုရ်အာန် ၃း၁၆၁။ ၃း၁၈၃။ ၁၄း၁၃)။ နဗီဖြစ်ရန် မည်သူမျှကျင့်ကြံ၍မရ။ အဆင့်အမြင့်ဆုံး ဝဟီဉာဏ်တော်ကို ၄င်းတို့ရရှိသော ဝဟီလမ်းညွှန်အမိန့်တော်တို့မှာ အိပ်မက်များ မဟုတ်။ ၄င်းတို့၏ ကိုယ်ပိုင်အတွေးအခေါ်များ မဟုတ်ချေ။ အလ္လာဟ်ထံတော်မှ တင်းကျပ်သော စောင့်ရှောက်မှုများဖြင့် လူသားတို့ထံ တိကျမှန်ကန်စွာ ရောက်ရန်အတွက် စောင့်ရှောက်ပြီး ဖြစ်ပေသည်။(ကုရ်အာန် ၇၂း၂၇)။
သို့သော် လူသား နဗီအားလုံးတို့သည်လည်း အလ္လာဟ်ကဲ့သို့ အရာခပ်သိမ်းကို အကြွင်းမဲ့သိတော်မူသော ဉာဏ်တော်ရှင်များ မဟုတ်။ လူသားများအတွင်း အမြင့်ဆုံး ဝဟီဉာဏ်တော်ကို ရရှိကြသော်လည်း အလ္လာဟ် သတ်မှတ်ပေးသမျှကိုသာ သိကြရ၏ ၄င်းတို့သည် အလ္လာဟ်ထံတော်မှ လက္ခံရရှိသော ဝဟီအမိန့်တော်တို့ကို ပထမဦးဆုံး နာခံများအဖြစ် စံပြဆောင်ရွက်ကြရမည့်သူများ ဖြစ်ကြသည်။ (၆း၁၆၄)။ ၄င်းတို့ ကိုယ်တိုင်သည်ပင်လျင် အလ္လာဟ်ကို နာခံကိုးကွယ်သူများ ဖြစ်ကြသည်။ တရားအလင်းရောင်တို့ကို လူသားတို့ထံ ဟောကြားကြရသူများ ဖြစ်ကြသည်။
သို့သော် ထိုသို့ဟောကြားရသည့်အတွက် လူသားတို့ထံမှ ဘာမျှတောင်းခံခြင်း မရှိခဲ့ကြ လူသားတို့အား တစ်ပါးတည်းသော ကိုးကွယ်ရာ ဖန်ဆင်းရှင် အလ္လာဟ်ကို အသနားခံကိုးကွယ်ရန် ဟောကြားခဲ့ကြသည်။ ၄င်းတို့ကို ကိုးကွယ်ရန် လူသားတို့ကို ဟောကြားခဲ့ခြင်းမရှိခဲ့ကြ (၃း၇၈-၇၉။ ၄း၆၄။ ၁၀း၇၂)။ ၄င်းတို့ကို ခေတ်အသီးသီးတွင် ပြခဲ့ကြသော အံ့ဖွယ် သက်သေလက္ခဏာတို့မှာ ၄င်းတို့၏ ကိုယ်ပိုင် မဟုတ်။ အလ္လာဟ်ပေးသော စွမ်းရည်နှင့် အလ္လာဟ်၏ သက်သေလက္ခဏာတော်များသာ ဖြစ်ကြသည်။ (ကုရ်အာန် ၄၀း၇၈)
နဗီများနှင့် ကျမ်းများ၏ သက်သေလက္ခဏာတော်များ
“စင်စစ်လူမျိုးတိုင်း၌ သတိပေးနှိုးဆော်သူတစ်ဦး ပွင့်ရောက်ခဲ့သည်သာ ဖြစ်၏….” (ကုရ်အာန် ၃၅း၂၄)
“….ခေတ်ကာလတိုင်းအဖို့ ကျမ်းဂန် တစ်စောင်သည် ရှိချေသတည်း …” (ကုရ်အာန် ၁၃း၃၈) လူ့သမိုင်းအစမှ ခေတ်တိုင်း လူမျိုးတိုင်းတွင် လူသားတို့အား တရားအလင်းပေးရန် အလ္လာဟ်ထံမှ ဝဟီဉာဏ်တော်ရ နဗီအပေါင်း မြောက်များစွာ ပွင့်ခဲ့ကြရာ နောက်ဆုံး နဗီတမန်တော်ချုပ်မှာ အရေဗျမှ မုဟမ္မဒ်သခင် (အေဒီ ၅၇၀-၆၃၂)ဖြစ်၍ ကမ္ဘာမြေသို့ အမြင့်ဆုံးဉာဏ်တော် ဝဟီကျဆင်းသည့် နဗူဝပ်ဘွဲ့မှာလည်း အဆုံးသတ်ခဲ့ချေပြီ။ ကုရ်အာန်သည်လည်း နောက်ဆုံး ဝဟီလမ်းညွှန် ကျမ်းအဖြစ် မပျက်စီးဘဲ တည်ရှိနေပေသည်။
ကုရ်အာန် ကျမ်းမြတ်အတွင်း၌ အလ္လာဟ် မိန့်ကြားသည်မှာ အလ္လာဟ်သည် ရစူလ်တမန်တော်အချို့၏ အမည်ကိုသာ ကုရ်အာန်တွင်း၌ ဖော်ပြထားပြီး အခြားများစွာသော အမည်တို့ကို (မလိုအပ်၍) ဖော်ပြမထားပေ။ (၄၀း၇၈)။ တမန်တော်မြတ် မုဟမ္မဒ်သခင်၏ သြဝါဒတော်အရမူ တစ်သိန်းနှစ်သောင်းလေးထောင်သော နဗီများ ပွင့်ခဲ့ကြသည်ဟု ဆိုသည်။
သို့သော် ကုရ်အာန်ကျမ်းမြတ်တွင်း၌ တမန်တော် အချို့၏ အမည်များကိုသာ ဖော်ပြထားပေသည်။ ၄င်းတို့မှာ အာဒမ်၊ အီဒရစ်၊ နူဟ် (Noah)၊ ဟုဒ်၊ ဆွာလိဟ်၊ အီဘရာဟီမ် (Abraham)၊ လုသ်(Lot)။ အစ္စမာအီလ် (Ismael)။ အစ္စဟာက် (Isaac)။ ယာအ်ကုဘ် (Jacob)။ ယူစုဖ်(Joseph)။ ရှုအိုက်ဘ်။ ယူနုစ်(Johnah)။ အိုက်ယုဘ်(job)။ မူဆာ(Moses)။ ဟာရွန်(Aaron)။ ဒါဝုဒ်(David)။ စူလိုင်မာန်(Solomon)။ ဇကရီယာ(Zacharia)။ ယဟ်ယာ(John)။ အီလ်ယာစ်(Elias)။ အတ်လ်ယစာ(Elisha)။ ဇူလ်ကိဖ်။ အိုဇိုက်ရ်(Uzair)။ အီဆာ(Jesus)နှင့် မုဟမ္မဒ်သခင် (၄င်းတို့အားလုံးအပေါ်သို့ အလ္လာဟ်ထံတော်မှ ငြိမ်းချမ်းမှု ကျရောက်စေသောဝ်) တို့ဖြစ်ကြသည်။ တမန်တော် ရှမ်မျူယဲလ်နှင့် စပ်လျဉ်း၍ အမည်မပါသော်လည်း အကြောင်းအရာ ဖော်ပြပါရှိသည်။
အစ္စလာမ် သာသနာတွင် လူမျိုးမရွေး ဒေသမရွေး ပွင့်ခဲ့ကြသော တမန်တော်တိုင်းကို လက္ခံရပေသည်။ ကုရ်အာန် ကျမ်းမြတ်အတွင်း၌ အလ္လာဟ်ထံမှ ဝဟီဉာဏ်တော် တရားအလင်းရခဲ့သူတို့ကို နဗီနှင့် ရစူလ်ဟူ၍ သုံးစွဲထားသည်။ အစ္စလာမ် ပညာရှင်တို့၏ ဖွင့်ဆိုချက်အရ‘ရစူလ်’ဟူသည် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်များကို အခြေခံယုံကြည်ချက်နှင့် ကျင့်သုံးစဉ် မပြောင်းလဲသော်လည်း တိုးတက်ပြောင်းလဲလာသော ခေတ်ကာလ အသိဉာဏ် နှင့် အညီ လမ်းညွှန် အသစ်ပေးခြင်း ခံရသူများ ဖြစ်ကြသည်။ ‘နဗီ’ဟူသည် အလ္လာဟ်ထံမှ ဝဟီရသော်လည်း ရှိပြီးဖြစ်သော တရားအလင်းတို့ကို ဆက်လက် ဟောကြားရသူ ဖြစ်သည်။
ထို့ကြောင့် ရစူလ်တိုင်းသည် နဗီဖြစ်သော်လည်း နဗီတိုင်းသည် ရစူလ်မဟုတ်ချေ။ ထိုနဗီ ရစူလ် ဟူသော အမည်ကို အခြားကမ္ဘာ့ ဘာသာစကား အသီးသီးတွင်လည်း အမျိုးမျိုး ခေါ်ဝေါ်ကြကြောင်း တွေ့ရပေသည်။ သို့သော် အားလုံးကမူ တရားအလင်းပြ ပုဂ္ဂိုလ် အမြင့်ဆုံး ဉာဏ်တော်ရှင် လူသားတို့ကိုသာ ရည်ညွှန်း၏။ ခေတ်တိုင်းအတွက် အလ္လာဟ်ထံတော်မှ ကျမ်းတစ်စောင် ချပေးရာ ကျမ်းများပျက်သွားတိုင်း၊ တရားအလင်း မှိန်သွားတိုင်း နောက်ထပ် ရစူလ်၊ နဗီ တမန်တော်တစ်ပါး ပွင့်ပေါ်၍ တရားအလင်းပြရမြဲ ဖြစ်သည်။
ခေတ်အဆက်ဆက် ကျမ်းပေါင်းမည်မျှ ရှိခဲ့သည်ကို မသိနိုင်တော့သော်လည်း ကုရ်အာန်တွင်း၌ ကျမ်း(၅)စောင်၏ အမည်ကို ဖော်ပြထားသည်။ ၄င်းတို့မှာ တမန်တော် အီဘရာဟီမ်၏ကျမ်း၊ တမန်တော် မူဆာ ထံသို့ သောဝ်ရဟ်ကျမ်း၊ တမန်တော် ဒါဝုဒ်ထံသို့ ဇဗူရ်ကျမ်း၊ တမန်တော် အီဆာထံသို့ အင်ဂျီလ်ကျမ်းနှင့် ထိုကျမ်းများ အားလုံး မူရင်းအတိုင်း မရှိတော့သောအခါ နောက်ဆုံးကျမ်းအဖြစ် မုဟမ္မဒ်သခင်ထံ ကုရ်အာန်ကျမ်း ချပေးခြင်း ဖြစ်သည်။ ကမ္ဘာ့သာသနာများကို လေ့လာရာတွင်
(၁) ဖန်ဆင်းရှင်၊ တစ်ပါးတည်းသော အရှင်၊ ထာဝရအရှင်၊ ရုပ်တရားမှ ကင်းလွတ်သော အရှင် အမည်နာမ အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကိုးကွယ်ခြင်း (သို့တည်းမဟုတ်)
(၂)တရားအလင်းပေး လူသား ဉာဏ်တော်ရှင်များပွင့်သည်ကို ယုံကြည်ခြင်း၊ နောက်ဆုံး အမြင့်ဆုံး ဉာဏ်တော်ရှင် ပွင့်မည်ကို ယုံကြည်ခြင်း၊ (သို့တည်းမဟုတ်)
(၃) ဖန်ဆင်းရှင်နှင့် ထိုအရှင်၏ တမန်တော်များကို ယုံကြည်ခြင်း၊ နောက်ဆုံး တမန်တော်ချုပ် အလင်းပြပုဂ္ဂိုလ်ကို ယုံကြည်ခြင်း စသည်တို့ကို တွေ့မြင်ရပေသည်။
ထို့ကြောင့် ကမ္ဘာ့သမိုင်းကို ပြန်လေ့လာသော် ခေတ်ကာလ အသီးသီး၊ ဒေသအသီးသီး၊ လူသားမျိုးနွယ် အသီးသီးတွင် ပွင့်ပေါ်ခဲ့ကြသော တမန်တော် အလင်းပြပုဂ္ဂိုလ် အသီးသီးနှင့် ၄င်းတို့၏ တရားလမ်းညွှန်များ၊ ၄င်းတို့ပြခဲ့ကြသော သက်သေ လက္ခဏာတော်များကို တွေ့နိုင်ပေသည်။
ထိုတမန်တော်များကို လက်မခံရုံသာမက နည်းမျိုးစုံ ဒုက္ခပေးခဲ့ကြသူတို့၏ မရှုမလှ ဇာတ်သိမ်းနှင့် နောင်လာနောက်သားတို့ အတွက် သက်သေအဖြစ် အကြွင်းအကျန် အပျက်အစီးများကို တွေ့နိုင်သည်။ ထိုတမန်တော် အသီးသီးတို့ တစ်ဦးကိုတစ်ဦး ခေတ်အဆက်ဆက်တွင် ထောက်ခံပြောဆိုမှုနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်မည့်အကြောင်း ကြိုတင်သတင်းကောင်းပေးသွားမှု စသည်တို့ကို ကြည့်ခြင်းဖြင့် ဖန်ဆင်းရှင် အလ္လာဟ်ရှိတော်မူကြောင်း သိနိုင်ပေသည်။

No comments:

Post a Comment