Thursday, 13 September 2012

အတ်ဒ်လူမျိုးတို့ခေတ် လေပြင်းမုန်တိုင်းကြီး

အတ်ဒ်လူမျိုးတို့ခေတ် လေပြင်း မုန်တိုင်းကြီး အတ်ဒ်လူမျိုးတို့သည် တမန်တော်နူဟ်နှင့် လူမျိုးတို့မှ ဆင်းသက်သောမျိုးနွယ်များအနက် မျိုးနွယ်တစ်ခုဖြစ်သည်။ ၄င်းတို့သည် အာရေဗျ ကျွန်းဆွယ်ရှိ ယီမင်ဒေသ ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ကြ၏။ ထိုခေတ်ရှိမျိုးနွယ်များအနက် အားအင်အကောင်းဆုံးနှင့် သြဇာသက်ရောက်သော ယဉ်ကျေးမှုကို ထူထောင်ခဲ့ကြသည်။ (ကုရ်အာန် ၇း၆၉။ ၈၉း၈)။ မိမိတို့၏ အားအင်စွမ်းအား ကြီးမားမှုကို အကြောင်းပြု၍ အားနည်းသော သူတို့အပေါ် မတရားပြုခဲ့ကြသည်။ အလွန်မာနကြီးခဲ့ကြလေသည်။ (ကုရ်အာန် ၄၁း၁၅။ ၂၆း၁၃၀)။
အလ္လာဟ်သည် အာဒ်လူမျိုးတို့အတွင်း၌ တမန်တော်ဟုဒ်ကို ပွင့်ပေါ်စေ၍ တရားလမ်းညွှန်များ ဟောကြားစေခဲ့သော်လည်း အလ္လာဟ်၊ အလ္လာဟ်၏ လမ်းညွှန်နှင့် အလ္လာဟ်၏ တမန်တော်ဟုဒ်ကို ငြင်းပယ်ခဲ့ကြသည်။ မတရားမှု၊ မောက်မာမှုများကို ဆက်လက်ကျူးလွန်ခဲ့ရာ နောက်ဆုံးတွင် အလ္လာဟ်ထံတော်မှ ပြစ်ဒဏ်အဖြစ် လေပြင်းမုန်တိုင်းကြီးသည် (၇)ညနှင့် (၈)ရက်တိုင် မရပ်မနား ကျရောက်ခဲ့၍ ပျက်စီးခဲ့ကြရလေသည်။ (၅၉း၁၉။ ၆၉း၆-၈)။ အပျက်အစီး အကြွင်းအကျန်များသည်ပင် တစ တစပျက်သုဉ်းလာလေရာ ယခုအခါ အလွန်ပူပြင်း၍ လူမသွားရဲသော သကန္တာရကြီးအဖြစ် တည်ရှိနေပေတော့သည်။
ယခုခေတ် တောင်ယီမင်နိုင်ငံ၊ မုခါလားမြို့၏ မြောက်ဘက် ၁၂၅ မိုင်အကွာ တိုက်ဒရာ့မောင်တောင်ပေါ်တွင် သင်္ချီုင်းဂူ တစ်ခုရှိ၏။ အာရဗ်တို့၏ ရှေးဟောင်း သမိုင်းတွင် အာဒ်လူမျိုးတို့ အဖြစ်အပျက်ကို သိကြ၏။ သို့သော် ထိုသင်္ချီုင်းဂူကို မည်သူမျှ သက်သေမပြနိုင်သော်လည်း တမန်တော်ဟုဒ်၏ သင်္ချီုင်းတော်ဟု အစဉ်အဆက် ခေါ်ဝေါ်ခဲ့ကြ၍ ယနေ့တိုင် များစွာသောသူတို့ ယုံကြည်ကြလေသည်။
ဆမုဒ်(သို့မဟုတ်)ဒုတိယအာဒ်လူမျိုးတို့ခေတ်နှင့် ငလျင်ကြီး
ပထမ အာဒ်လူမျိုးတို့အပေါ် ပြစ်ဒဏ်ကျစဉ်က တမန်တော် ဟုဒ်နှင့် ယုံကြည်သူနောက်လိုက်တို့ကို အလ္လာဟ်က ကယ်တင်လွတ်မြောက် စေခဲ့သည်။ ဆမုဒ်လူမျိုးတို့သည် ပထမအာဒ်လူမျိုးတို့ ခေတ်အပြီးတွင် အလွန် အင်အားကြီးမားသော စွမ်းအားရှိသော တိုးတက်သော ယဉ်ကျေးမှုကို ထူထောင်ခဲ့သည်။ ပမထ အာဒ်လူမျိုးတို့၏ မျိုးဆက်ဖြစ်၍ သမိုင်းတွင် ဒုတိယအာဒ်လူမျိုးများဟု ခေါ်တွင်သည်။ ၄င်းတို့သည် အာရေဗျ ကျွန်းဆွယ်ရှိ ဟီဂ်ျရ်ဒေသတွင် နေထိုင်ကြသည်။ ကျောက်တောင်များကို ထွင်းထု၍ နေထိုင်ခဲ့ကြသည်။ (ကုရ်အာန် ၇း၇၃-၇၉။ ၁၅း၈၀)
၎င်းတို့သည်လည်း လူနေမှုအဆင့်အတန်းအရ အလွန်မြင့်မားသော ယဉ်ကျေးမှုကို ထူထောင်ခဲ့ကြသော်လည်း ဝိညာဉ်ပိုင်းဆိုင်ရာတွင် အလွန်နိမ့်သည်ထက် နိမ့်လာသည်။ ရုပ်တုကိုးကွယ်မှုများ၊ အားနည်းသူတို့ကို မတရားပြုမှုများ စသည်တို့ကို ပထမအာဒ်လူမျိုးတို့ကဲ့သို့ပင် ပြုကျင့်လာကြပြန်သည်။ ဆိုးသွမ်းသူတို့က အုပ်ချုပ်သူများ ဖြစ်လာ၏။ အလ္လာဟ်အရှင်မြတ်သည် ဆမူဒ်လူမျိုးများ အတွင်း၌ တမန်တော် ဆွာလိဟ်ကို ပွင့်ပေါ်စေတော်မူ၍ တရားအလင်းပေးစေခဲ့သည်။ မာနကင်းမဲ့သူ၊ အားနည်းသူတို့သာ ယုံကြည်လက်ခံခဲ့ကြ၍ များစွာသောသူတို့မှာ အလ္လာဟ်နှင့် အလ္လာဟ်၏တမန်တော်ကို ငြင်းပယ်ဆန့်ကျင်ခဲ့ကြသည်။ မတရားမှုများ ဆက်လက်ပြုကျင့်ခဲ့ကြ၏။
“အလ္လာဟ်ထံမှ ပြစ်ဒဏ်ချစမ်းပါ” ဟုပင် လှောင်ပြောင် ပြောဆိုခဲ့ကြသည်။ (ကုရ်အာန် ၇း၇၄-၇၉) နောက်ဆုံးတွင် ဆမူဒ်လူမျိုးများထံသို့ အလ္လာဟ်ထံမှ ပြစ်ဒဏ်အဖြစ် အလွန်ကျယ်လောင်သော အသံကြီးနှင့်အတူ ငလျင်ကြီးကျရောက် ဖျက်ဆီးခဲ့လေသည်။(၇း၇၈။ ၁၅း၈၃)။
ယနေ့ခေတ် ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့နှင့် ဆီးရီးယားနိုင်ငံတို့ အကြားတွင် ရှေးခေတ် ဆမူဒ် လူမျိုးတို့၏ လက်ရာမြောက်လှသော ယဉ်ကျေးမှု အကြွင်းအကျန်များစွာကို တွေ့မြင်နိုင်ပေသည်။ ကျောက်တောင်ကြီးများတွင် လှပသော အဆောက်အအုံ ပျက်များကို တွေ့မြင်ရပေသည်။ ထို့အတူ မီးတောင် ချော်ရည်များ လွမ်းမိုးထားသည့်နေရာများကိုလည်း တွေ့နိုင်ပေသည်။ ဆမူဒ်လူမျိုးတို့နှင့် စပ်လျဉ်း၍ အာရပ် ရှေးဟောင်းသမိုင်းများနှင့် အာရပ်မဟုတ်သော ကမ္ဘာ့သမိုင်းများတွင် ဖော်ပြချက်များစွာ အခိုင်အမာ ရှိပေသည်။
သို့သော် အာဒ်နှင့် ဆမူဒ်မျိုးနွယ်တို့မှာ ကမ္ဘာဦးကာလအပြီး တမန်တော်နူဟ်၏ မျိုးနွယ်များမှ ပေါက်ဖွားခဲ့ရာ ၄င်းတို့ခေတ်၏ အချိန်ကာလကို ယနေ့ သမိုင်းပညာရှင်တို့မှာ ရှာဖွေသတ်မှတ်နိုင်စွမ်း မရှိသေးချေ။
တမန်တော် အာဒမ်နှင့် တမန်တော်နူဟ်တို့အကြားတွင် လူသားမျိုးနွယ်များ ပြန့်ပွားလာခဲ့၍ တမန်တော်များ အသီးသီးပွင့်ခဲ့သကဲ့သို့ တမန်တော် နူဟ်ခေတ်နောက်ပိုင်းတွင်လည်း လူသားမျိုးနွယ်များ ပိုမို၍ ပြန့်ပွားလာပြီး တမန်တော်များစွာလည်း ပွင့်ခဲ့ကြပေသည်။ ဤသို့ဖြင့် တမန်တော်ကြီး အီဘရာဟီမ် ပွင့်ပေါ်သောခေတ်သို့ ရောက်ရှိခဲ့လေသည်။

No comments:

Post a Comment