Tuesday 7 August 2012

ကြားဝင်အသနားခံမှု ရှဖာအတ်သ်

ကြားဝင်အသနားခံမှု ရှဖာအတ်သ် “အလ္လာဟ်သည် ကရုဏာပြုသူတို့တွင် ကရုဏာ အပြုဆုံးသော အရှင်မြတ် ဖြစ်တော်မူပေသည်” (ကုရ်အာန် ၁၂း၆၄) “(အို…..နဗီတမန်တော်) အသင်ပြောလော့၊ ရှဖာအသ် ခေါ် ကြားဝင် ဆောင်ရွက်မှု အာဏာ အလုံးစုံကား အလ္လာဟ်အရှင်မြတ်၌သာ ရှိ၏” (ကုရ်အာန် ၃၉း၄၄)
“ထိုအရှင်မြတ်သည်သာလျှင် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ဝယ် ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့ကို ပိုင်ဆိုင်တော်မူသော အရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ အထံတော်၌ ထိုအရှင်မြတ်၏ ခွင့်ပြုချက် မရှိဘဲ သူတစ်ပါးအတွက် ရှဖာအသ် အသနားခံ တောင်းပန်ပေးနိုင်သူကား အဘယ်နည်း…” (ကုရ်အာန် ၂း၂၅၅)
“စင်စစ်မှာကား ထိုအရှင်မြတ်အား စွန့်၍ ၄င်းတို့ ဟစ်အော် တ,သသော သူတို့၌ ရှဖာအသ် ကြားဝင် အသနားခံ ပေးနိုင်ခွင့်ပင် မရှိချေ။ သို့ရာတွင် အမှန်တရားကို သက်သေခံခဲ့ကြ၍ (အလ္လာဟ်တစ်ပါးတည်းသာ ပြီးပြည့်စုံကြောင်း နှလုံးသားတွင်းမှ) သိကြသူများသာလျှင် (အလ္လာဟ် ခွင့်ပြုချက်ဖြင့် အသနားခံပေးခွင့် ရှိပေသည်”) (ကုရ်အာန် ၃၃း၈၆) “အလ္လာဟ်သည် တရားစီရင်သူ အပေါင်းတို့တွင် အကောင်းဆုံး တရာစီရင်တော်မူသော အရှင် ဖြစ်တော်မူသည် မဟုတ်ပါလော” (ကုရ်အာန် ၉၅း၈)
အစ္စလာမ်သည် သောဝ်ဟီးဒ်ခေါ် အလ္လာဟ်တစ်ပါးတည်းသာ ပြီးပြည့်စုံစွာ ရှိနေမှု သစ္စာတရားပေါ်၌ အခြေခံထားခြင်း ဖြစ်၏။ ရုပ်လောက အတွက် ဖြစ်စေ၊ တမလွန် အတွက်ဖြစ်စေ အလ္လာဟ်သည်သာ လူသားတိုင်းအတွက် ပြီးပြည့်စုံသော ကူညီမည့်သူ (ဝလီယွန်း)နှင့် သနားကြင်နာမည့်သူ။ အလ္လာဟ်၏ ကရုဏာတော်ကို မည်သည့် ဖန်ဆင်းခံသမျှ မယှဉ်နိုင်ချေ။ ထို့ကြောင့် ကိယာမသ်နေ့တွင် အလ္လာဟ်သည်သာ အကြီးမားဆုံး ရှဖာအသ်ပေး နိုင်သော အရှင်ဖြစ်၏။ အလ္လာဟ် ခွင့်မလွှတ်သည့် အပြစ်အတွက် မည်သည့် တမန်တော်၊ ဝလီသူတော်စင်တို့ကမျှ ဝင်ရောက်ကြားဝင် အသနားခံ၍ မရချေ။ ကြားဝင် အသနားခံခွင့် ရသူတို့မှာလည်း အလ္လာဟ် ခွင့်ပြုပြီးမှသာ ပြုနိုင်စွမ်းရှိ၍ ထိုသူတို့အား အလ္လာဟ်က ဂုဏ်ပေးခြင်းသာ ဖြစ်သည်။ (ကုရ်အာန် ၁၀း၃။ ၁၉း၆၇။ ၆း၇၀။ ၂၀း၁၀၉။ ၂၁း၂၈။ ၅၃း၂၆) ထို့ကြောင့် အကြီးမားဆုံး မဟာကရုဏာတော်ရှင် အလ္လာဟ်သည်သာ အားထားရာဖြစ်ပေသည်။

No comments:

Post a Comment