Thursday, 23 August 2012
ယင်ကောင်နှင့် ပင့်ကူတို့၏ သက်သေ
ယင်ကောင်နှင့် ပင့်ကူတို့၏ သက်သေ
“အို လူသားအပေါင်းတို့ (ငါအရှင်မြတ်သည်) ဥပမာ ပုံဆောင်ချက် တစ်ခုကို ခိုင်းနှိုင်းမည် ဖြစ်ပေရာ ယင်းဥပမာကို နားဆင်ကြလေကုန်။ မုချဧကန် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့ ဟစ်ခေါ် (တသဆည်းကပ်ကိုးကွယ်လျက်ရှိ)ကြသော အရာတို့သည် အားလုံးစုရုံး၍ (ကြိုးပမ်းအားထုတ်) ကြသည့်တိုင်အောင် ယင်ကောင်တစ်ကောင်ကိုမျှပင် အလျင်း ဖန်ဆင်းနိုင်သည် မဟုတ်ပေ။ ထို့ပြင် အကယ်၍ ထိုယင်ကောင်သည် သူတို့ထံမှ တစ်စုံတစ်ရာကို လုယူပါလျှင်(သုတ်ယူသွားပါလျှင်) သူတို့သည် ယင်းအရာကိုပင် ထိုယင်ကောင်ထံမှ ပြန်လုယူနိုင်ကြမည် မဟုတ်ချေ။ ကိုးကွယ်ဆည်းကပ်ခြင်း ပြုသူနှင့် ကိုးကွယ်ဆည်းကပ်ခြင်း ခံရသူ နှစ်ဦးလုံးသည် အားနည်းချည့်နဲ့ကြ ပေသည်တကား” (ကုရ်အာန် ၂၂း၇၃)
“အလ္လာဟ်အရှင်မြတ်ကို စွန့်၍ အခြားတစ်စုံတစ်ရာကို (မိမိတို့၏) ကိစ္စအဝဝကို ပြီးစီးအောင် ပြုလုပ်ဆောင်ရွက်ပေးသူများဟု ရွေးချယ်ပြုလုပ်ကြကုန်သော သူတို့သူတို့၏ ဥပမာကား ပင့်ကူ၏ ဥပမာနှင့် တူသည်။ ထိုပင့်ကူ အိမ်တစ်ခုကို ပြုလုပ်လေသည်။ သို့ရာတွင် ဧကန်မလွဲ အနုဆုံး (အားအနည်းဆုံး)သော အိမ်မှာ ပင့်ကူ၏အိမ်ဖြစ်ကြောင်း ထိုသူ (မယုံကြည်သူ)တို့ သိရှိကြလျှင်ကောင်းလေစွ” (ကုရ်အာန် ၂၉း၄၁)
ယင်ကောင်၊ ပင့်ကူ၊ ပုရွက်ဆိတ် စသည်တို့သည်ပြင် သတ္တဝါအားလုံးတို့သည် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ရ၍ ထိုအတိုင်း ဘဝတည်ဆောက်နေကြရသည်။ ငြင်းပယ်နိုင်စွမ်း မရှိကြ၊ သို့သော် ထိုသတ္တဝါတို့သည် လူသားတို့အား သင်ခန်းစာများ ပေးနေခြင်းသာ ဖြစ်သည်။ (အစ္စလာမ့်ယုံကြည်ချက်)
မည်မျှ မာနကြီးသောသူ ဖြစ်စေကာမူ မစင်ပုံပေါ်နားသော ယင်ကောင်သည် သူ၏ ဦးခေါင်းပေါ်တက်နား သွားနိုင်သည်။ ထို့အတူ ကမ္ဘာနှင့်အဝန်း ပင့်ကူမျိုးပေါင်းများစွာ ရှိသည်။ တောင်ထိပ်၌ ဖြစ်စေ ကျွန်းများတွင် ဖြစ်စေ ရှိကြ၏။ ၄င်းတို့၏ ပင့်ကူအိမ်ကို တည်ဆောက်သော ပင့်ကူမျှင်မှာ အဘယ်မျှ ဆန်းကြယ်သနည်း။ ပင့်ကူသည် ၄င်း၏ ပင့်ကူအိမ်နှင့် အမြဲဆက်သွယ်လျက် ရှိသည်။ ပင့်ကူအိမ်တွင် ပိုးမွှား တစ်ကောင်မိက ပင့်ကူထံသို့ ပင့်ကူမျှင်တို့မှ တစ်ဆင့် တုန်ခါမှုကြောင့် သတင်းရောက်သွား၏။ ထိုအခါ ပင့်ကူသည် ဖမ်းမိသော ပိုးမွှားကို သတ်လေသည်။ အကယ်၍ ပိုးမွှားသည် ပင့်ကူထက် အင်အားသာနေပါက ပင့်ကူသည် အဆိပ်ဂလင်းများ ထုတ်၍ သတ်လေသည်။
ပင့်ကူ၏ ရှုထောင့်မှဆိုလျှင် ၄င်း၏ ပင့်ကူမျှင်တို့မှာ ခိုင်မာ၏။ သို့သော် လူ့လောကမှ ကြည့်လျှင်ကား အားနည်းပေစွ။ ထိုနည်းတူ လူသားတို့သည် မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းပကားများနှင့် အောင်မြင်မှုများ၊ အလ္လာဟ်ကို စွန့်၍ ဘဝတည်ဆောက်မှုများ၊ မိမိနှင့် စိတ်တူကိုယ်တူ အသိုင်းအဝိုင်းတို့ကို ကြည့်၍ အလ္လာဟ်ကို ငြင်းပယ်ဆန့်ကျင် လိုကြ၏။ သို့သော် နိစ္စထာဝရ ပြီးပြည့်စုံသော လောကမှကြည့်လျှင်ကား လူသားတို့၏ လုပ်ရပ်သည် ပင့်ကူအိမ်ကဲ့သို့ အားနည်းပေစွ။ ပင့်ကူ၏ အဆိပ်သည် လူတို့ကို မနိုင်သကဲ့သို့ လူသား၏ ကြံစည်မှုအားသည်လည်း အလ္လာဟ်၏ ကြံစည်မှုတို့ကို မကျော်လွှားနိုင်ချေ တကား။
ဧကန်မလွဲ အလ္လာဟ်သည် မိမိအား စွန့်၍ ထိုသူတို့ဟစ်ခေါ်လျက်ရှိကြသော မည်သည့်အရာကိုမဆို ကောင်းစွာ သိရှိတော်မူသည်။ အမှန်သော်ကား ထိုအရှင်မြတ်သည် ဘုန်းတော် အနန္တနှင့် လွှမ်းမိုးတော်မူသော၊ ဉာဏ်တော် အနန္တနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏” (ကုရ်အာန် ၂၉း၄၂) (အစ္စလာမ့်ယုံကြည်ချက်)
ငှက်များ
ကျေးငှက် အသီးသီးတို့သည်လည်း အလ္လာဟ်ထံမှ ဝဟီလမ်းညွှန် အတိုင်းဘဝတည်ဆောက် နေကြပေသည်။ ၄င်းတို့တွင်လည်း လူတို့ကဲ့သို့ အသိုင်းအဝိုင်းများ ရှိကြပေသည်။
“ကောင်းကင် လေထု၌ ငှက်တိရစ္ဆာန်များ (အလ္လာဟ်၏) အမိန့်တော် နာခံလျက် ရှိကြသည်ကို အသင်တို့ မမြင်ကြလေသလော” (ကုရ်အာန် ၁၆း၇၉)
“မိမိတို့၏ အထက်ဝယ် ငှက်တိရစ္ဆာန်တို့အား အတောင်ပံများကိုကားလျက် ရှိသည်ကိုလည်းကောင်း။ ၇ုပ်သိမ်းလျက် ရှိသည်ကို လည်းကောင်း ရှုမြင်ခဲ့ကြသည် မဟုတ်လော။ ယင်း ငှက်တိရစ္ဆာန်တို့ကို အရ်ရဟ်မားန်၊ မဟာကရုဏာတော် အရှင်မှ တစ်ပါး အခြား မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိန်းသိမ်း၍ ထားရှိသည် မဟုတ်ပေ…….” (ကုရ်အာန် ၆၇း၁၉)
ငှက်အမျိုးအစားပေါင်း များစွာတို့သည် မိမိတို့၏ သဘာဝအလျောက် အလ္လာဟ်က ယင်းတို့၏ အသိစိတ်မှ တစ်ဆင့် ချပေးသော ဝဟီအတိုင်း နာခံနေကြသည်။ ၄င်းတို့ထဲတွင် အချို့သောငှက်အုပ်တို့မှာ အလွန်ထူးခြား၏။ ၄င်းတို့သည် အုပ်စုဖွဲ့၍ သတ်မှတ်ထားသော အချိန်များအတိုင်း သတ်မှတ်ထားသော နေရာများသို့ ရွေ့ပြောင်းပျံသန်း နေကြ၏။ ငှက်ငယ်ကလေးများသည်ပင် ပါဝင်၏။ ၄င်းတို့ စတင်ထွက်ခွာသွားရာ နေရာကိုလည်း သတ်မှတ်ထားသော နေ့ရက်များတွင် ပြန်ရောက်လာကြသည်။ ၄င်းတို့၏ ခရီးစဉ်မှာလည်း မိုင်ပေါင်းများစွာ ကွာဝေး၏။
ပရော်ဖက်ဆာ ဟမ်ဘာဂါက သူ၏ Power and Fragility (ပြင်သစ်) Muttom- bird ဟူသော ငှက်တစ်မျိုး အကြောင်း ဖော်ပြထားသည်။ ၄င်းတို့သည် ပစိဖိတ်တစ်ဝိုက်တွင် နေကြသည်။ အင်္ဂလိပ်ဂဏန်း (8) ပုံစံဖွဲ့၍ မိုင်ပေါင်း (၁၅၅၀၀) ကွာဝေးသောခရီးကို ပျံသန်းကြသည်။ ထိုခရီးစဉ်များနှင့် အချိန်များ၊ ပျံသန်းပုံများကို မည်သူက အစီအစဉ် ရေးဆွဲပေးသနည်း။ စင်စစ်သော်ကား ဖန်ဆင်းရှင် အလ္လာဟ်၏ ဝဟီလမ်းညွှန်များအတိုင်း နာခံနေကြခြင်းသာ ဖြစ်ပြီး၊ အလ္လာဟ်သည်သာ တိရစ္ဆာန်တို့၏ ရုပ်ခန္ဓာကို ဖွဲ့စည်းထားသော ဆဲလ် (D.N.A) များအတွင်း၌ မျိုးရိုးဗီဇဆိုင်ရာ လမ်းညွှန်များ ထည့်သွင်း၍ ထိုလမ်းညွှန်အတိုင်း အလုပ်လုပ်ကြစေရန် စွမ်းအင်ပေးနေသော အရှင်မြတ်ဖြစ်ပေသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment