Thursday, 23 August 2012

လူသား၏ ရုပ်ခန္ဓာအတွက် အလ္လာဟ်၏ စီမံပြဋ္ဌာန်းချက် သက္ကဒီရ်

လူသား၏ ရုပ်ခန္ဓာအတွက် အလ္လာဟ်၏ စီမံပြဋ္ဌာန်းချက် သက္ကဒီရ် “မိုးကောင်းကင်များ၌ လည်းကောင်း၊ ပထဝီ မြေ၌လည်းကောင်း၊ အဏုမြူ (အက်တမ်) ခန့်မျှသော အရာဝတ္ထုသည်ပင် လျှင် ထိုအရှင်မြတ်၏ အသိတော်မှ ကွယ်ပျောက်နေသည်ဟူ၍ မရှိ၊ စင်စစ် ယင်း အဏုမြူထက် သေးငယ်သော အရာပင်ဖြစ်စေ၊ (ယင်းအဏုမြူထက်) ကြီးသောအရာပင်ဖြစ်စေ ထင်ရှားစွာသော မှတ်တမ်းစာအုပ်၌ ရေးသားပြီး ဖြစ်ပေသည်။” (ကုရ်အာန် ၃၄း၃)
“မိုးကောင်းကင်များနှင့် ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည် အရှင်မြတ်၌သာ ရှိ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခဲ့ပြီးနောက် ထိုတရားများ၏ သဘာဝများကို (မိမိတစ်ပါးတည်း၏) စီမံပြဋ္ဌာန်ချက်ဖြင့်သာ သတ်မှတ်တော်မူခဲ့လေသည်” (ကုရ်အာန် ၂၅း၂)
“အလ္လာဟ်သည် မိန်းမတိုင်း မည်သည့်အရာကို (ဝမ်းတွင်း) လွယ်ထားသည်ကိုလည်းကောင်း၊ သားအိမ်များသည် မည်သည့်အရာကို လျော့စေ ချွတ်ယွင်းစေသည်ကို လည်းကောင်း၊ ပိုမိုစေသည်တို့ကို လည်းကောင်း သိတော်မူ၏။ စင်စစ် အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ်အထံတော်၌ စီမံသတ်မှတ်ပြီး ဖြစ်ပေသည်” (ကုရ်အာန်၁၃း၈)
“ထိုအရှင်မြတ်သည် အသင့်အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် အသင့်အား ဖန်ဆင်းရသည့် သဘာဝနှင့် လျော်ညီအောင် နေထားတကျ ပြုခဲ့၏။ တစ်ဖန် အသင့်အား အချိုးအစား မျှတအောင်လည်း စီမံတော်မူခဲ့၏” (ကုရ်အာန် ၈၂း၇)
ရုပ်စကြဝဠာကြီးသည် အက်တမ်ခေါ် အဏုမြူမှုန်များဖြင့် ဖွဲ့စည်းထား၏။ လူသား၏ ရုပ်ခန္ဓာသည်လည်း စကြဝဠာ၏ အပိုင်းအစတစ်ခု ဖြစ်ပေရာ အဏုမြူမှုန်များဖြင့်သာ ဖွဲ့စည်းထား၏။ မျိုးမတူသော အဏုမြူမှုန်များ ပေါင်းစပ်၍ ဒြပ်ပေါင်းများစွာ ဖြစ်လာ၏။ ဒြပ်ပေါင်း အသီးသီးတို့သည် သတ်မှတ်ထားရာ စနစ်အသီးသီးဖြင့် ပေါင်းစပ်ကြခြင်းဖြင့် ဆဲလ်အမျိုးမျိုး ဖြစ်လာသည်။ ဆဲလ်အမျိုးမျိုးတို့သည် ရုပ်ခန္ဓာကိုယ်၏ အဂါင်္အစိတ်အပိုင်း အသီးသီးတို့ကို သတ်မှတ်ချက်စနစ် အသီးသီးဖြင့် ဖွဲ့စည်းကြလေတော့သည်။
ဆဲလ်များနှင့် ဒီအင်အေ ဒြပ်ပေါင်းတို့၏ သက်သေ
အဏုမြူမှုန်ထက် သေးငယ်သော အရာဝတ္ထုများသည် အလ္လာဟ်၏ အမရ် စီမံမှု အမိန့်တော်ကြောင့် ဖြစ်လာရသည်။ အလ္လာဟ်၏ သက္ကဒီရ် စီမံ သတ်မှတ်ချက်အရ သဘာဝအဖြစ် ဖြစ်ပေါ်နေကြရသည်။ ရုပ်စကြဝဠာကြီကို အလ္လာဟ်က ၄င်းနှင့် သင့်မြတ်သော ဝဟီလမ်းညွန် ပေးကတည်းက အရာခပ်သိမ်းသည် မိမိတို့ သဘာဝနှင့် အညီဆောင်ရွက်ရမည့် တာဝန်များကို သိကြပြီး ဖြစ်၍ ဆောင်ရွက်နာခံနေကြ၏။
လူသား၏ ရုပ်ခန္ဓာကိုယ်ကြီးမှာ ဆဲလ်ပေါင်းကုဋေကုဋာ (60 to 75 trillion) ဖြင့် ဖွဲ့စည်းထား၏ ဆဲလ်တို့မှာ အဏုမြူမှုန်များဖြင့်သာ ဖွဲ့စည်းထားပေရာ ဆဲလ်တိုင်းသည် မိမိတို့ ဖန်ဆင်းခံထားရသည့် သဘာဝနှင့် ဆောင်ရွက်ရမည့် တာဝန်အသီးသီးကို ဝဟီလမ်းညွှန်ရ၍ သိပြီး ဖြစ်ကြသည်။ မုစ်လင်မ်များအဖြစ် နာခံဆောင်ရွက်နေကြ၏။ ရုပ်ခန္ဓာ အဂါင်္အစိတ်အပိုင်း အသီးသီးကို မည်သို့တည်ဆောက်ကြရမည်၊ မည်သို့လုပ်ကြရမည်ဆိုသည့်ရည်ရွယ်ချက်ကို ခြွင်းချက်မရှိနီးပါး သိကြ၏ ရုပ်ခန္ဓာကိုယ်၏ ကြီးထွားမှု၊ အဆင့်ဆင့် တိုးတက်ဖွံ့ဖြိုးမှု၊ ထိန်းသိမ်းမှု၊ ပြုပြင်မှု စသည်တို့ကို သတ်မှတ်ထားသော စနစ်အသီးသီးတို့ဖြင့် ဆောင်ရွက်နေခြင်း၏ နောက်ကွယ်တွင် တစ်ပါးတည်းသော နိစ္စထာဝရအရှင် အလ္လာဟ်၏ ဘုန်းတော် ဉာဏ်တော်အနန္တ၏ သက်သေလက္ခဏာများကို တွေ့နေရပေတော့သည်။
ယနေ့ သိပ္ပံပညာက လူသား၏ ရုပ်ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ဆဲလ်တိုင်းတွင် သက်ဆိုင်ရာ ရုပ်ခန္ဓာကိုယ်၏ ဇီဝနှင့် မျိုးရိုးဗီဇ ဆိုင်ရာသော့ချက်ဖြစ်သည့် ညွှန်ကြားချက်များပါဝင်သော ‘ဒီအင်အေဒြပ်ပေါင်း’ ကိုတွေ့ရလေသည်။ အလွန်သေးငယ်သော ဆဲလ်လေးတိုင်းထဲတွင် ၄င်းတို့ပြုလုပ်ရမည့် မြောက်မြားလှစွာသော ညွှန်ကြားလွှာများကို တွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်း ဒီအင်အေ ဒြပ်ပေါင်းအတွင်း မည်သူက ညွှန်ကြားချက်များ ထည့်သနည်း
ထိုညွှန်ကြားချက်များအတိုင်း အလုပ်လုပ်စေရန် မည်သူက ညွှန်ကြားနေသနည်း။ သိပ္ပံတွင် အဖြေရှာမရ၊ လွန်ခဲ့သော နှစ်ပေါင်း (၁၄၀၀) ကျော်က ကမ္ဘာသို့ ကျခဲ့သော ကုရ်အာန်ကျမ်းမြတ်တွင်း၌ ဖန်ဆင်းရှင် အလ္လာဟ်ကိုယ်တိုင်က ဖန်ဆင်းခံအရာခပ်သိမ်းသည် မိမိ၏ စီမံပြဋ္ဌာန်းချက် သက္ကဒီရ်အရ ဖြစ်ပေါ်လာကြောင်း၊ အရာခပ်သိမ်းကို (ဆောင်ဝါ) ယင်း စီမံပြဋ္ဌာန်းချက် သဘာဝနှင့်လျော်ညီအောင် နေသားတကျ ပြုလုပ်ထားကြောင်း၊ ‘ဝဟီ’ လမ်းညွှန်အသီးသီးလည်း ပေးထားကြောင်း ဖော်ပြပြီး ဖြစ်၏။

No comments:

Post a Comment