Tuesday, 11 February 2014

တမန်တော်မြတ်၏ စံပြကရုဏာ

 တမန်တော်မြတ်သည် တည်ငြိမ်အေးချမ်းသော နပ်စ်ဝိညဉ်အဆင့် အတန်းရှိသူတစ်ဦး အနေဖြင့် လောဓံတရားများအပ်ါကြံ့ခိုင်သူတစ်ဦးဖြစ်ပေသည်။ သို့သော် လူသားတို့ အတွက် ဖခင်ကောင်း၊ ခင်ပွန်းကောင်း၊ အကြီးအကဲကောင်း တစ်ဦးအဖြစ် စံပြလက်တွေ့ ဘ၀တည်ဆောက်ပြရသူတစ်ဦးလည်းဖြစ်ပေသည်။ ထို့ကြောင့် သူ၏သားငယ်လေး အိဗ်ရာဟီမ်ကွယ်လွန်ချိန်တွင် ကရုဏာတရားဖြင့် မျက်ရည်ဝဲ ခဲ့သည်။ (ဗုခါရီ မုစ်လင်မ်ကျမ်း)။ မိမိ၏သမီးတော် ဖါသွိမဟ်ကိုလည်း စံပြအချစ်ထား ပြခဲ့၏ သမီးတော်လာလျှင် ထိုရာမှထ၍ ကြိုဆိုနမ်းလေ့ရှိ၏။ (အဗူဒါဝူဒ်ကျမ်း)  သူ၏မြေးတော်နှစ်ဦးဖြစ်သော ဟစန်နှင့် ဟုစိုင်န်တို့ကိုလည်း သူ၏ ပုခုံးထက်သို့ တက်စေ၏။ သူသည် ကလေးသူငယ်များအနီးမှ ဖြတ်သွားလျှင် ကလေးတို့က သူ့အား စလာမ်နှုတ်ဆက်သလေ့ရှိပြီးသူ့အနီးအ၀ိုင်းအုံလေ့ရှိခဲ့ကြ၏။ သူကလည်း ကလေးငယ်တို့၏ ဦးခေါင်းကို ကရုဏာဖြင့် ပွတ်သပ်လေ့ရှိ၏။
 ကလေးကို နမ်းရှုတ်ခြင်းမပြုကြောင်းပြောကြားသူတစ်ဦးအား အလ္လာဟ်သည် ၎င်း၏ နှလုံးသားမှ ကရုဏာတရား ရုတ်သိမ်းခြင်းခံရသူအဖြစ်ပြောကြားခဲ့၏။ (အဗုခရီကျမ်း)။ တစ်ခုသော အာရုဏ်ဦးဖွဂျရ်ဆွလာသ်ကို မဒီနဟ်ဝတ်ကျောင်းတော်၌ တမန်တော် မြတ်ဦးဆောင်ဝတ်ပြုနေစဉ် နောက်မှ ကလေးငိုသံ ကြားရသဖြင့်ဝတ်ပြုနေသော မိခင်နှင့် သူ၏ကလေးကိုအလေးထား၍ ဆွလာသ်ကို တိုတိုဝတ်ပြုလိုက်သည်။ (ဗုခါရီကျမ်း)
မိဘက သားသမီးအတွက် ဆုမွန်ဒုအာအ်တောင်းပေးအပ်ခြင်း
 တမန်တော်မြတ်၏ သြ၀ါဒမှတ်တမ်းတစ်ရပ်တွင် လူတစ်ဦးအနေဖြင့် မိမိကိုယ်မိမိ ဖြစ်စေ၊ မိမိ၏ သားသမီးအပေါ်၌ဖြစ်စေ၊ မိမိ၏ဥစ္စာဓနပေါ်၌ဖြစ်စေ ကျိန်ဆဲမှုမပြုမိရန် လေးနက်စွာ တားမြစ်ထား၏။ ယင်းကျိန်ဆဲမှုအတိုင်း နောင်တွင်ဖြစ်လာသောအခါ ယူကျုံးမရဖြစ်ရတော့ သည်။ (မုစ်စလင်မ်ကျမ်း)  မိဘတိုင်းသည် မိမိတို့၏ သားသမီးများ၏ လောကီနှင့် တမလွန်အကျိုးအတွက် နှလုံးသားမှ ဆုမွန်ဒုအာအ်ပြုပေးအပ်ပါသည်။ ကုရ်အာန်ကျမ်းမြတ်အတွင်း၌ နဗီတမန်တော်အချို့နှင့် သူတော်စင်တို့က သားသမီးအပေါ်ထားသော မေတ္တာနှင့်ဒုအာအ်များ ဖော်ပြထားပါသည်။ မိမိ တို့လည်း အလားတူတောင်း ဆိုအပ်ပါသည်။
“အို - ကျွန်တော်မျိုးတို့အား အဆင့်ဆင့် ပြုစုပျိုးထောင်တော်မှုသောအရှင်မြတ်၊ ကျွန်တော်မျိုး တို့၏ ကြင်ဖော်များနှင့် ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက်၌ ကျွန်တော်မျိုးတို့အတွက် မျက်စိကြည်လင်အေးမြစေတော်မှုပါ။ ကျွန်တော်မျိုးတို့အား အလ္လာဟ်သိစိတ်ဖြင့် အမိန့်နာခံ သူတို့အတွက် ဦးစီးနာယဖြစ်တော်မှုပါ၏။” (ကုရ်အာန် ၃း၃၈)
“အို- ကျွန်တော်မျိုးအား အဆင့်ဆင့် ပြုစုပျိုးထောင်တော်မှုသောအရှင်မြတ်၊ သန့်စင်ကောင်မြတ်သော မျိုးဆက်အား အရှင်ထံမှ ကျွန်တော်မျိုးအား ပေးသနားတော်မှုပါ။ မုချဧကန် အရှင်မြတ်သည်တောင်းဆုကို အကြွင်းမဲ့ကြားတော်မှု သောအရှင်ဖြစ်တော်မှုပါ။” (ကုရ်အာန် ၃း၃၈)
“အို - ကျွန်တော်မျိုးတို့အား အဆင့်ဆင့်ပြုစုပျိုးထောင်တော်မှုသောအရှင်မြတ်၊ ကျွန်တော်မျိုး (နှင့် ကျွန်တော်၏ရင်သွေး) တို့နှစ်ဦးအားအရှင်မြတ်ကိုနာခံသူအဖြစ် ပြုလုပ်တော်မှုပါ။ ထို့တူ ကျွန်တော်မျိုး၏သားစဉ်မြေးဆက်ကိုလည်း အရှင်မြတ်ကို နာခံသူနှင့် မုစ်လင်မ်အွမ္မသ် သားချင်း အစုအဝေးတစ်ရပ်အဖြစ် ပြုတော်မှုပါ . . .။” (ကုရန်အာန် ၂း၁၂၈)
“အို-ကျွန်တော်မျိုးအား အဆင့်ဆင့်ပြုစုပျိုးထောင်တော်မှုသောအရှင်၊ ဤမြို့အားလုံးခြုံ ငြိမ်းချမ်းစေရန် စီမံပြုလုပ်ပေးသနားတော်မှုပါ။ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ သားသမီး များကို ရုပ်ထုများကိုးကွယ်ဆည်းကပ်ခြင်းမှ ကင်းဝေးစွာထားရှိတော်မှုပါ။” (ကုရ်အာန် ၁၄း၃၅)
“အို-ကျွန်တော်မျိုးအား အဆင့်ဆင့်ပြုစုပျိုထောင်တော်မှုသောအရှင်မြတ် ကျွန်တော် မျိုးအား ဆွလာသ်စွဲမြဲစွာ ၀တ်ပြုတည်ဆောက်သူအဖြစ် စီမံပြုလုပ်တော်မှုပါ။ ထို့တူ ကျွန်တော်မျိုး၏ သားစဉ်မြေးဆက်ကိုလည်း စီမံပြုလုပ်တော်မှုပါ . . .။” (ကုရ်အာန် ၁၄း၄၀) “မုချဧကန် ကျွန်တော်မျိုးမသည် သူမအား “မရ်ယမ်” ဟုအမည်ပေးခဲ့ပါသည်။ ထို့ပြင် သူမအားလည်းကောင်း၊ သူမ၏ သားစဉ်မြေးဆက်အားလည်းကောင်း နှင်ထုတ်ခြင်း ခံရသော ရှိုင်သွာန်အဖျက်အင်အားစုမှ ကင်းဝေးစေရန် အရင်မြတ်၏ အကာကွယ်၌ ကျွန်တော်မျိုးမခိုလှုံပါ၏။” (၃း၃၆) (၁) သူမနှင့် (၂)မရ်ယမ်၏နေရာတွင် (၁)သူ/သူမနှင့် (၂) သားသမီးအမည်ကို အစားထိုး ဆိုတောင်းပါ။
“သို့ဖြစ်ပေရာ အရှင်မြတ်ထံတော်မှ ကျွန်တော်မျိုးအား အမွေဆက်ခံသူတစ်ဦးပေးသနား တော်မှုပါ။ အို-အရှင်မြတ်၊ ၎င်းအားနှစ်မြို့ဖွယ်ရာအဖြစ်လည်း စီမံပြုလုပ်တော်မှုပါ။” (ကုရ်အာန် ၁၉း၅-၆)
“အို-ကျွန်တော်မျိုးအား အဆင့်ဆင့်ပြုစုပျိုးထောင်တော်မှုသောအရှင်မြတ်၊ ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏ မိဘနှစ်ပါးအပေါ်၌လည်းကောင်း၊ အရှင်မြတ်ပြုတော် မှုခဲ့သော ကောင်းကျိုးချမ်းသာမင်္ဂလာကျေးဇူးတော်အတွက် ကျေးဇူးတရားသိတတ်ရန် ကျွန်တော်မျိုးအားအစွမ်းသတ္တိပေးသနားတော်မှုပါ။ ၎င်းပြင်အရှင်မြတ်နှစ်သက်တော်မှုသော ကောင်းမှုကို အမြဲပြုနိုင်စွမ်းကျွန်တော်မျိုးအား ပေးသနားတော်မှုပါ။ ၎င်းပြင် ကျွန်တော်မျိုး အတွက် ကျွန်တော်မျိုး၏သားစဉ်မြေးဆက်အတွင်း၌ ကောင်းကျိုးမင်္ဂလာဖြစ်ထွန်းစေတော်မှု ပါ။ မုချဧကန်ကျွန်တော်မျိုးသည်အရှင့်ဆီသို့ ပြန်လှည့်ပါ၏။ ၎င်းပြင်မုချဧကန် ကျွန်တော်မျိုး သည် နာခံအပ်နှင်းသူတို့အနက်မှဖြစ်ပါ၏။” (ကုရ်အာန် ၄၆း၁၅)
ဆုဒုအာအ်နှင့်အတူအမလ်လုပ်ရပ်ပြုအပ်ခြင်း
အလ္လာဟ်အရှင်မြတ်ထံသို့ ဆုမွန်ဒုအာအ်ပြုရုံမျှဖြင့် မလုံလောက်ပါ။ ယင်းဆုမွန်ပြည့်ဝရေး အတွက် လက်တွေ့ကြိုးမျးမှုပါရန်လည်း အရေးကြီးပါသည်။
တမန်တော် မုဟမ္မဒ် (ဆွ) သခင်သည် မုအ်မင်န်ထုတ်စ်ရပ်လုံး၏ ဆရာနှင့်နာမ်ပိုင်း ဆိုင်ရာ ဖခင်ကြီးဖြစ်၏။ (အဗူဒါဝုဒ်၊ မိရှ်ကာသ်)။ တမန်တော်မြတ်၏ ကြင်ယာ တော်များမှာ မုအ်မင်န်ထုတစ်ရပ်လုံး၏ မိခင်မွန်များဖြစ်ကြပေသည်။ (ကုရ်အာန် ၃၃း၆)။ တမန်တော်မြတ်၏ အဟ်လုလ်ဗိုင်သ် ခေါ် အိမ်တော်သူအိမ်တော်သားများကို မုစ်လင်မ်တိုင်း လေးစားအချစ် ထားကြရပေမည်။ သို့သော မည်သူမဆို မည်သည့်မိသားစု မျိုးနွယ်ဖြစ်ခြင်းကြောင့်မြင့်မြတ် ခြင်းမဟုတ်၊ အလ္လာဟ်သိစိတ်ဖြင့် တာဝန်ကျေပွန်ခြင်း ‘သတ်က်ဝါ’ ဖြင့်သာ မြင့်မြတ်မှုကို တိုင်းတာမည်ဖြစ်သည်ကို သတိပြုပါ။
 ထို့ကြောင့် တမန်တော်မြတ်က မိမိနှင့် ဆွေမျိုးတော်စပ်ခြင်းကြောင့် အလ္လာဟ်က ထိုသူအား အခွင့်ထူးပေးမည်မဟုတ်။ လူတိုင်း မိမိ၏ ကြိုးပမ်းမှုအပေါ်၌သာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း အောက်ပါအတိုင်း ဆုံးမထားတော်မှုပေသည်။
“အို-မုဟမ္မဒ်၏အဒေါ်ဆွဖီယဟ်၊ အို-မုဟမ္မဒ်၏ချစ်သမီးတော် ဖွာသိမဟ်၊ ရှင်ပြန်ထရမည့်နေတွင် အသင်မတို့၏ (ကောင်းမှု) လုပ်ရပ်များကို ယူဆောင်လာကြကုန်လော့။ အသင်မတို့ ၏ဆွေဂုဏ်မျိုးဂုဏ်များကို မယူဆောင်လာကြလေနှင့်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်မည်သည့်အကူအညီကိုမျှ ပေးစွမ်းမည်မဟုတ်ချေ။” (မိရှ်ကာသ်ကျမ်း)  မုစ်လင်မ်မိသားစုတိုင်းသည် အလ္လာဟ်အပေါ်အားထား၍ ဆုမွန်ဒုအာအ်ပြုကာ မိမိတို့၏သားစဉ်မြေးဆက်၏ ရုပ်ပိုင်း၊ ၀ိညာဉ်ပိုင်း၊ ကိုယ်ကျင့်တရားဖွံ့ဖြိုးတိုးတက် ရေးကို လက်တွေ့ဆောင်ရွက်နိုင်ကြပါစေ။
ကျမ်းကိုးစာရင်း (၁) ကုရ်အာန်ကျမ်မြတ် အရဗီမူရင်း (၂) တမန်တော်မြတ်၏ သြ၀ါဒမှတ်မ်းများ (ဗုခါရီ၊ မုစ်လင်မ်၊ သိရ်မိဇီ၊ အဗူဒါဝူဗ်၊ အိဗ်နုမာဂျဟ်၊ နစာအီ၊ အဟ်မဒ်၊ ဗိုင်ကကီ) (၃) Silma Buckley (B.A Dip., EdO, ISLAMIC PARENTING Singapore, The Muslim Convert Association of Sigapore, 1991 (၄) Aliah Schleifer, MOTHERHOOD IN ISLAM Cambridge, The Islamic Academy, 1986 (၅) Muhammad Yusuf Islahi, ETIQUETTES OF LIFE IN ISLAM, Dehi, Ishaat-e-Islam Trust, 1982 (၆) Abdar Rehman Shad, THE RIGTS OF ALLAH AND HUAM RIGHTS Lahore, Kzi Publication, 1981 (၇) Akhaq Husain, MUSILIM PARENTS; THEIR RIGHTS AND DUTIES Karachi, International Islamic Publication, 1960 (၈) Dr. Yusuf Al-Qaradawi, THE LAWFUL AND PROHIBITED IN ISLAM Dalhi, Hindustan Publiactions, 1960 (၉) Marwan Ibrabhim Al-Kaysi, MORLS AND MANNERS IN ISLAM London, The Islamic Foundation, 1986 (၁၀) Mohamed Iqbal Siddiqi, THE FAMILY LAW OF ISLAM New Delhi, Adam Publicasher Distributer, 986 (၁၁) S.M. Madni Abbasi, FAMILY OF THE HOLY PROPHET Karchi, International Islamic Publication, 1987 (၁၂) UNICEF Annuel Report 1996 (၁၃) The State of the World’s Children 2001, (UNICEF) (၁၄) ဘ၀တွင်တာသိမှတ်စရာ၊ ရန်ကုန်၊ UNICEF ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ၁၉၉၉ (၁၅) သုံးနှစ်မပြည့်မီအရွယ်ကလေးငယ်၊ ရန်ကုန်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ၁၉၉၃ (၁၆) မိခင်နှင့် ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအတွက် လက်စွဲစာဆောင် (၀ မှ ၅-နှစ်) ရန်ကုန်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ၁၉၉၃ (၁၇) ကလေးသူငယ်များဆိုင်ရာကမ္ဘာ့ထိပ်သီးညီလာခံ၊ ရန်ကုန်၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ ၁၉၉၀ (၁၈) ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် ရန်ကုန်၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ၁၉၈၉၊ နိုဝင်ဘာ၊ ၂၀) (၁၉) မင်္ဂလာပါမေမေ၊ ကျန်းမာရေးပညာပေးစာစဉ်၊ Thailand, Krames Conmunication, 1997) (၂၀) ဒေါက်တာ ရောဘတ် ဒဗလျူရှီလ်စ် The First Five Years of The Child ဘာသာပြန် ရန်ကုန်၊ ပညာရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ၁၉၉၄

Thursday, 23 January 2014

တမန်တော့်စံနမူ

မဒီနာဟ်သို့ မပြောင်းရွှေ့မီမက္ကာဟ် မြို့၏ (၁၃)နှစ်တာကာလတွင် တမန် တော် မုဟမ္မဒ်နှင့် ဆွဟာဗာကြီးများ၏ ရပ်တည် နေထိုင်ပုံတွင် အယူမတူသူ အများစု နေထိုင်ရာ တိုင်းနိုင်ငံရှိ မွတ် စလင် လူအနည်းစုတို့အတွက် အရေးကြီး သောစံနမူနာများရှိ၏။ အုပ်ချုပ်သူတို့တွင် မွတ်စလင် တစ်ဦးမှမရှိ၊ နိုင်ငံရေး သြဇာ မဲ့နေသော လူနည်းစု မွတ်စလင်များအဖြစ် ဘာသာရေးလွတ်လပ်ခွင့်မရှိဘဲ အကြမ်း ဖက်မှုနည်းလမ်း ပေါင်းစုံ၏ ဒဏ်ကို ခါး စည်းခံခဲ့ရချိန်၌ တမန်တော်မြတ်၏တုံ့ပြန် ပုံမှာ ကျွန်ုပ်တို့ မျက်ခြေပြတ်မနေ သင့် သော၊ အဖိုးအနဂ္ဃ ထိုက်လှသော စံနမူနာ များပင် ဖြစ်သည်။
ခေါင်းဆောင်ကောင်း လိုအပ်သည်
ထိုကာလတွင် ကိုယ်တော်သည် မက္ကာဟ်မြို့၏ခေါင်းဆောင်ဖြစ်ရန် မကြိုး စားခဲ့။ နိုင်ငံရေး သြဇာရရှိရန် အာရုံ မထားခဲ့။ မိမိ၏ ဖြူစင်မှု၊ ရိုးသားမှု၊ သစ္စာသမာဓိရှိမှုစသည့်မွန်မြတ်သန့်စင်သော စာရိတ္တကို ပြ၍လည်းကောင်း၊ ပညာသား ပါ၍ လှပသော စွဲဆောင်မှုများအားဖြင့် အယူမတူသူများအား အစ္စလာမ့် သစ္စာ တရားအမှန်ကို သဘောပေါက်နားလည် စေရေးသာ ဦးတည်ချက်ထား ဆောင် ရွက်၏။ အစ္စလာမ့် အေးရိပ်ဆာယာ အောက်၌ ရောက်ရှိနေပြီးဖြစ်သော မွတ် စလင် တို့သည် ပြည့်ဝသော အီမာန်ရှင် မဟုတ်၊ အီမာန်မပြည့် အမလ်မရှိဟူ၍ မွတ်စလင် အချင်းချင်းအထင်သေး၊ အ မြင်သေး၊ နှိမ့်ချချိုးနှိမ် ရှုမြင်သုံးသပ်၍ ထို အီမာန်တို့ပြည့်ဝရေး၊ ဒိတ်ဒိတ်ကြဲ အီမာန် ရှင်များဖြစ်ရေး ပြုလုပ်ရမည်ဟူသော ဦးတည်ချက်မျိုး မတွေ့မြင်ရပေ။ အယူ မတူသူတို့၏ စိတ်နှလုံးဘ၀င် အေးမြ၍ အစ္စလာမ်အပေါ်အမြင်ကြည်လင်စေရေးသာရှေ့တိုး၍ ဆောင်ရွက်ခဲ့၏။ ကိုယ် တော်မြတ်၏ စည်းရုံးမှု နည်းဗျုဟာတွင် ပစ္စည်းမဲ့ လူတန်းစား၏ အားကို အဓိက ထားရယူခဲ့သည်။ အစ္စလာမ့်အေးရိပ် ဆာယာအောက် ခိုလှုံဝင်လာကြသူတို့၏ လူမှုရေး အဆင့်အတန်း အဘယ်မျှပင် ရှိ နေစေကာမူ ခေါင်းဆောင်ဖြစ်သော မိမိ၏ ပုဂ္ဂိုလ်ရေး သန့်စင်မှုကို အဓိက ပြယုဂ် ထားရှိပြီး ဗျူဟာမြောက်သော မိမိ၏ ဆက်ဆံရေးနည်းလမ်းဖြင့် အင်အားကို တိုးချဲ့ခဲ့၏။
အယူမတူသူ ဆွေမျိုးသားချင်းနှင့် ဆက်ဆံရေးကောင်းဖို့လိုသည်
ကိုယ်တော်မြတ်ကြီးသည် မိမိ၏ အယူမတူသူ ဆွေမျိုးသားချင်းနှင့် ဆက် ဆံရေးကောင်းဖို့လိုသည်။ ဆွေမျိုးများနှင့် အဆက်အသွယ် မဖြတ်တောက်ဘဲ မှန် မှန် အလည်အပတ်သွား၏။ အယူ မတူသူ တို့၏ သာရေး၊ နာရေးအားလုံးကို သွား ရောက်၍ ၎င်းတို့၏ပျော်ရွှင်မှု ၀မ်းနည်းမှု များကိုမျှဝေခံစား၏။ အားလုံးနှင့် ရင်းရင်း နှီးနှီး နေထိုင်ပြီး ကိစ္စရပ်အ၀၀ကို နှီးနှော တိုင်ပင်ဆွေးနွေး၏။ ခင်မင် ရင်းနှီး မှုရရှိ ပြီးနောက်မှ အစ္စလာမ်သဘော တရား များကို အခါအခွင့် သင့်လျှင်သင့် သလို ရှင်းပြဆွေးနွေး၏။ သို့သော် အငြင်းပွား ခြင်းကိုရှောင်ကြဉ်၏။ အရဗ်တို့တွင်မိမိတို့ မျိုးနွယ်လိုက် လူမျိုးစုအလိုက်မျိုးနွယ် ၀င်၊ လူမျိုးစုဝင်တို့အား အကာအကွယ် ပေးရသည့် ဓလေ့ရှိ၏။ ၎င်းဓလေ့အရ မျိုး နွယ်ဝင် အများစုသည် ဘာသာ ခြားဖြစ် သော်လည်း မိမိတို့မျိုးနွယ်၏ အကာ အကွယ်ကို ဆွဟာဗာများသည် အရယူခဲ့ ကြ၏။ တမန်တော် မုဟမ္မဒ်(ဆွ)ကိုယ် တော်တိုင်ပင် အဗူသွာလစ်ဗ်၏ အကာ အကွယ်ကိုရယူခဲ့ပြီး အဗူသွာလစ်ဗ် ကွယ် လွန်သွားသောအခါ အဗ္ဗဒုလ်မနဖ်၊ ဗနူ နောင်ဖလ်တို့၏ အကူအညီနှင့် အကာ အကွယ်ကို ရယူခဲ့သည်။ အရေးကြုံလျှင် အကာအကွယ် ပေးနိုင် သူ၊ အကူအညီ အထောက်အပံ့ ရနိုင်သူတို့ကို ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်သည်။
မက္ကာဟ်မြို့ တွင် ကိုယ်တော်၏ အသက်မွေး ၀မ်း ကျောင်းမှုသည် ကုန်စည်ကူးသန်းရောင်း ၀ယ်မှု ဖြစ်သည်။ ကုန်သည်တစ်ဦးအဖြစ် မွတ်စလင်မဟုတ်သူများနှင့် စီးပွားချင်းထိ တွေ့ဆက်ဆံတော်မူခဲ့၏။ စီးပွားရေးအရ ၎င်းတို့နှင့်ရင်းနှီးကျွမ်းဝင်မှုထားရှိ၏။ မိမိ နှင့် မိမိ နောက်လိုက်တို့၏ လက်ဝယ်ရှိနေ သော အစေခံတို့ကို လူမျိုး၊ ဘာသာ၊ အသွေး အရောင် မခွဲခြားဘဲ ကောင်းစွာ ဆက်ဆံကြရန်၊ ၎င်းတို့အား သူကောင်းပြု ရန် လမ်းညွှန်၏။ အစေခံ အစေအပါးတို့ နှင့် မူကာသဗာ ခေါ် စီးပွား ရေး ဘက်တူပြု၍ မိမိ လက်အောက်ခံ အစေအပါးတို့ စီးပွားရေးလုပ်တတ်အောင် သင်ကြားပေးရန် လမ်းညွှန်၏။ မျိုးနွယ်စု ခေါင်းဆောင်ပိုင်းက အစ္စလာမ် အေးရိပ် ဆာယာအောက် ခိုဝင်လာသည့် အခါတွင် လည်း အခြားသော အယူကွဲမတူသူ မျိုး နွယ် ၀င်များနှင့် မူလအတိုင်းဆက်လက်၍ လက်တွဲ ဆောင်ရွက်စေခဲ့သည်။ ရပ်ကျိုး ရွာအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက် စေခဲ့သည်။
မွတ်စလင်တို့အပေါ် ညှင်းပမ်း နှိပ် စက်မှုများ တစ်စထက်တစ်ဆ ပိုမို ဆိုးရွား လာသောအခါ၌ ရှိသမျှအင်အားဖြင့် သေ သေကြေကြေ တိုက်မည်ဟူ၍ ရန်ကို ရန် ဖြင့် တုံ့ပြန့်သည့် နည်းလမ်းကို မသုံးဘဲ ခရစ်ယာန်တိုင်းပြည်တစ်ပြည်ဖြစ်သော အဘီစီးနီးယား၌ ဒုက္ခသည် အဖြစ်ခိုလှုံ စေခဲ့သည်။ မောင်လာ အလီသခင်၏ အကိုဖြစ်သူ၊ မဟာတမန်တော်မြတ်ကြီး (ဆွ)နှင့်တစ်ဝမ်းကွဲညီအစ်ကိုတော်စပ်သူ ဂျအ်ဖရ်ဗင်အဗီတွာလစ်ဗ်ခေါင်းဆောင်သော အဆိုပါဒုက္ခသည် (Refugee)များ သည် အဘီစီးနီးယားဒေသခံတို့၏ ဒေသ ဆိုင်ရာဓလေ့ထုံးစံများအတိုင်း အယူမတူ ညီသူများအလယ်၌ ရောထွေးနေထိုင်ခဲ့ပြီး ဒေသခံတို့၏ ယဉ်ကျေးမှုကို အထူး လေး စားခဲ့သည်။ ထို့ကြောင့် ထိုဒေသတွင် နွေးထွေးစွာကြိုဆို ဧည့်ခံမှုကို ရရှိပြီး ငြိမ်း အေးစွာ နေထိုင်နိုင်ခဲ့၏။ မဟာတမန် တော်မြတ်ကြီး(ဆွ)သည် မဒီနာဟ်မြို့သို့ ပြောင်းရွှေ့ပြီးနောက်တွင် အချို့သည် ထို ဒေသကို မစွန့်ခွာနိုင်တော့ပဲ ထိုဒေသ၌ အပြီးအပိုင်နေထိုင်လိုက်ကြတော့သည်လည်းရှိ၏။
မက္ကာဟ်တွင် ဆက်လက် နေထိုင် ၍ မရတော့လောက်အောင်မိမိ၏အသက် အန္တရာယ်ကို ရန်ပြုသည်အထိ ဖိအားပေး ခံရသည့်အခါ ကိုယ်တော်သည် မဒီနာဟ် မြို့သို့ ဟစ်ဂျရသ်ပြုရွှေ့ပြောင်းသွားတော် မူခဲ့ရ၏။ ထိုကာလတွင် ယုံကြည်မှု ခိုင်မြဲ စွာရှိသော်လည်း မဒီနာဟ်မြို့သို့ မလိုက် ပါပဲ ကျန်ရစ်သူမွတ်စလင် များရှိခဲ့ပြီး မိမိ တို့ မျိုးနွယ်စုနှင့် မိမိတို့ အဆွေအမျိုးတို့၏ အကာအကွယ်အောက်တွင် နေထိုင်ခဲ့ကြ သည်။ မက္ကာဟ်မြို့၏အထင်ကရ ကုန် သည်ကြီးတစ်ဦးဖြစ်သော အဗ္ဗဒုရ် ရဟ် မာန်း ဗင်အောင်ဖ် (ရသွိ)သည် အီမာန် ယူပြီး မဒီနာဟ်သို့ ပြောင်းရွှေ့မည့်အချိန် တွင် မိမိနှင့် အလွန် ရင်းနှီးကျွမ်းဝင်ခဲ့သော မက္ကာမြို့သူဌေးကြီး လက်မရွံ့လူသတ် သမား အိုမိုင်ယာ အိဗ်နုခလားဖ်နှင့် သဘောတူစာချုပ်တစ်ခုကို ရေးသားချုပ် ဆိုခဲ့ကြသည်။ ထိုစာချုပ်တွင် မက္ကာဟ် မြို့တွင် ကျန်ရစ်ခဲ့သော အဗ္ဗဒုရ်ရဟ်မာန်း ဗင် အောင်းဖ်၏ ဆွေမျိုး ညာတကာတို့၏ အသက်အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုအ၀၀ကို အိုမိုင်ယာမှ တာဝန်ယူရန် နှင့်မဒီနာဟ် ရှိ အိုမိုင်ယာ၏ ဆွေမျိုးသား ချင်းတို့၏ အသက်အိုးအိမ် စည်းစိမ်ကို အဗ္ဗဒုရ် ရဟ်မာန်ဗင်အောင်းဖ် မှ တာဝန်ယူရန်ဖြစ် သည်။ ကိုယ်တော်မြတ်သည် ၎င်းစာချုပ် ကို သိတော်မူပြီး နောက် အသိအမှတ်ပြု ပေးခဲ့၏။
အများ၏ ယဉ်ကျေးမှုဓလေ့ ထုံး တမ်းကို လေးစားပါ
ကိုယ်တော်မြတ်သည် မက္ကာဟ်မြို့ တွင် ဒေသဆိုင်ရာ ဓလေ့ထုံးတမ်း၊ အစဉ် အလာများကို ဆန့်ကျင်ဘက် မလုပ်ခဲ့ သလို ကိုယ်တော်မြတ်နှင့် ဆွဟာဗာကြီး များ၏ စားဝတ်နေထိုင်မှုတွင် မက္ကာဟ်မြို့ ၏ ယဉ်ကျေးမှုနှင့်ဆန့်ကျင်ဘက်တစ်ခုမျှမရှိခဲ့ပေ။ မက္ကာဟ်မြို့သားများက မိမိတို့ နှင့်မတူပါဟု လက်ညှိုးထိုးပြစရာ တစ်စုံ တစ်ခုမျှ မမြင်သာပေ။ အလ္လာဟ်အရှင် မြတ်၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် သရွေ့သင့်တင့်လျောက် ပတ်သည်ဟု မြင်သာသရွေ့ ဓလေ့ထုံးစံ နှင့် ယဉ်ကျေး မှုတို့ကို လိုက်နာစမြဲဖြစ်၏။ မဒီနာဟ်မြို့သို့ရောက်ရှိသော အခါတွင်လည်း မိမိတို့ မက္ကာဟ်မြို့၏ ဓလေ့၌မရှိ သဖြင့်ဟုဆိုကာ မဒီနာဟ်မြို့ သားတို့၏ဓလေ့ကို မဆန့်ကျင်ရုံမျှမက မိုဟာဂျီရ်တို့အား မဒီနာဟ်၏ဓလေ့ကို လိုက်နာကြရန်ပင် လမ်းညွှန်သွန်သင် ပြသပေးတော်မူ၏။ မျိုးနွယ်စုများ အကြား ၌ရှိသော အစဉ် အလာအားဖြင့် သဘောတူညီချက်တို့ကိုလည်းဆက်လက်အသိအမှတ်ပြု လက်ခံ ပေးတော်မူခဲ့၏။ ကအ် ဘာ ကျောင်းတော်ကို ၀တ်လစ်စလစ်ဖြင့် တွဝါးဖ်ပြုလုပ်ခြင်း ဟူသည့် ဓလေ့ထုံးစံ သည် အရှက်ကင်းမဲ့သည့်လုပ်ရပ်ဖြစ်သ ဖြင့် ကိုယ်တော်သည် ၎င်းတို့နှင့်အတူ ဟဂ်ျမပြုလုပ်ခဲ့သော် လည်း မဒီနာဟ်မြို့ သို့ ကိုယ်တော်ပြောင်း ကြွသွားတော်မူပြီး နောက် (၈)နှစ်လုံးလုံး ဟာဂ်ျကာလ၌ ကအ်ဘာသို့ ဟဒီ၊ ဗုဒွန် (ကုရ်ဘာနီ လုပ်ရန် ကုလားအုတ်များ) ပို့ပေးတော်မူခဲ့ သည်။ မက္ကာဟ်မြို့တွင် မက္ကာဟ်သားတို့ ၏ကစ်စ၀သုလ် ကအ်ဘာ (ကအ်ဘာ၏ ဂိလားဖ်လဲလှယ်ပွဲ)တွင် ပါဝင်တော်မူခဲ့ပြီး ထိုနေ့ (မုဟရ်ရမ်လ ဆယ်ရက်နေ့)တွင် အများနည်းတူ ဆွီယာမ် စောင့်တော်မူခဲ့ သည်။ အလ္လာဟ်အမိန့်နှင့် ဆန့်ကျင် သော၊ အရှက်ကင်းမဲ့သောဓလေ့ ထုံးစံ များ၊ ယဉ်ကျေးမှုများကို ကိုယ်တော်မြတ်လက်ခံကျင့်သုံးခြင်းမပြုခဲ့ပဲ လွဲမှားသော ဓလေ့များကို ပြန်လည် တည့်မတ်ပေး၏။ သန့်စင်သော၊ ကောင်းမြတ်သော နဂို မူလဓလေ့ထုံးတမ်းအမှန်၊ ယဉ်ကျေးမှု အစစ်အမှန်ကို လက်တွေ့ပြန်လည်ကျင့်သုံးခြင်းဖြင့် လွဲမှားသော ဓလေ့များကို (အပြီးအပိုင်စွန့်ပယ်ခြင်းလည်း မဟုတ်၊ မမှန်သည်ကို အားနာပါးနာဖြင့် လိုက် လျောခြင်းလည်းမရှိဘဲ)အလယ် အလတ် လမ်းစဉ်ကို ပုံဖော်ခဲ့၏။
တရားဥပဒေ စိုးမိုးမှု ရှိဖို့လိုသည်
မဟာတမန်တော်မြတ်သည် အာ ရဗ်တို့၌ရှိနေပြီးဖြစ်သည့် Tribal Social Security System မျိုးနွယ်စုအလိုက်လူမှုကာကွယ်ရေးစနစ် ကို မြှင့်တင်ပေးခဲ့ပြီး မိမိကိုယ်တိုင်တသဝေမတိမ်းလိုက်နာခဲ့၏။ မိမိနှင့် သဘောတူညီထားသည့် မျိုးနွယ်စုနှင့်ဆန့်ကျင်ရမည့်ကိစ္စတွင် မွတ်စလင် တစ်ဦးကိုပင်လျှင် သာသနာရေးရာ အကူ အညီကိုပင် မပေးခဲ့ပေ။ (ကြည့် ကုရ်အာန် ၈း ၇၂)
မျိုးနွယ်စုအကြား သဘောတူညီ ချက်ကို အထူးလေးစားလိုက်နာ၏။ အယူ မတူညီသူ၊ ကွဲပြားသော လူမျိုးများအကြား ၌ ပဋိပက္ခကင်းရှင်းစွာအတူ ယှဉ်တွဲနေ ထိုင် နိုင်ရေးမှာ ထိုလူမျိုးများ၏ ဘုံ သဘော တူညီချက်၊ နှစ်ဦးနှစ်ဖက်စလုံး အနေဖြင့် ဦးလည်မသုန်လိုက်နာရမည့် ကတိက၀တ်ရှိရန် လိုအပ်ကြောင်း ကိုယ် တော်မြတ်၏ စံနမူနာ၌ တွေ့မြင်နိုင်၏။ ထိုခေတ်အခါက ကတိက၀တ်ဆိုသည်မှာ ယနေ့ခေတ်တွင် အခြေခံဥပဒေနှင့်နိုင်ငံ၏ ဥပဒေဖြစ်၏။ လူနည်းစုမွတ်စလင်များ အနေဖြင့် မတရားနှိပ်စက်မှုများ ခံရလျှင် အခြားဖြေရှင်းရမည့် နည်းလမ်းများ လုံးဝ ကင်းမဲ့နေသော အချိန်၊ အကာအကွယ်မဲ့ နေသော အခြေ အနေတွင် မိမိကိုယ်ကို ကာကွယ်ခွင့်၊ ရင်ဆိုင်ခွင့်ရှိ၏။ ဥပဒေ ဘောင်အတွင်း နေထိုင်ရန်နှင့် ဥပဒေကို လေးစားလိုက်နာရန်၊ ဥပဒေ၏ အကာ အကွယ် ရယူရန်မှာ တမန်တော်မြတ်၏ စွန္နသ် အဖြစ် လက်ခံ ရန်အရေးကြီး၏။
စုပေါင်းကော်မတီဖြင့် အခက်အခဲ ဖြေရှင်းပါ
ပဋိပက္ခတစ်ခုခု ပေါ်ပေါက်လာ တိုင်း မိမိ နှင့်အယူတူသူ၊ မတူသူအားလုံး ညှိနှိုင်း၍ စုပေါင်းကော်မတီဖြင့် ဖြေရှင်း ခြင်းသည် မဟာတမန်တော်မြတ်၏စွန္နသ် တော်ဖြစ်၏။ ၎င်းကို ဟစ်လ်ဖုလ် ဖိုဒွူးလ် ဟုခေါ်၏။ မဟာတမန်တော်မြတ် မိန့် တော်မူခဲ့သည်မှာ အဗ္ဗဒုလ္လာဟ်ဗင် ဂျအ် ဒါန်၏ အိမ်တွင် စာချုပ်ချုပ်ဆိုစဉ် ငါလည်း ပါဝင်ခဲ့၏။ ယနေ့အခါ ထိုအစည်း အဝေးမျိုး အယူမတူတို့က ငါ့အား ဖိတ် ကြားသော် ထိုအစည်းအဝေးကို ငါလက်ခံ ဦးမည်။ (ဗိုင်ဟကီ၊ ဟဒီးဆ် အမှတ်-၁၂၈၅၉) ဤဟဒီးဆ်ပါအကြောင်း အရာ မှာ ဤသို့ ဖြစ်၏။ ယီမင်မှလာသော ဇုဗိုင်ဒီမျိုးနွယ် ၀င်ကုန်သည် တစ်ဦးသည် မက္ကာဟ်မြို့တွင် ဂုဏ်သရေကြီးသည့် စဟမ်မျိုးနွယ် ၀င်အလ် အားစ်ွဗင်ဝါအီလ် အား ကုန်ပစ္စည်းများကို အကြွေးဖြင့် ရောင်း၏။ အလ်အားစ်ွသည် ၎င်းကုန်အား အခြားသူ တစ်ဦးအား လက်လွှဲ ရောင်းလိုက်ပြီး နောက် ယီမင်သားအား မူလသဘောတူ ထားသော ကုန်ဖိုးငွေကို မပေးဘဲ ငြင်းဆန်၏။ ယီမင်သားအဖို့ မက္ကာဟ်မြို့၌ အသိအကျွမ်းမရှိ၊ မိမိအနိုင် ကျင့်၍ရမည် ဆိုသည့် သဘောပင်ဖြစ် သည်။ ယီမင်သားသည် လူများကို လှည့် လည်အကူ အညီတောင်းခံသော်လည်း ကူညီမည့် သူမရှိပေ။ ထို့ကြောင့် နောက် တစ်နေ့ နံနက်တွင် တောင်တစ်လုံးပေါ် တက်၍ မိမိ၏ဒုက္ခကို အော်ဟစ်နေတော့ သည်။ ထို သတင်းကိုကြားသော ဇုဗိုင်းဒ် ဗင် အဗ္ဗဒုလ် မုသွာလိဗ်သည် မျိုးနွယ်စု ခေါင်းဆောင် များအား ကအ်ဘာကျောင်း တော်သို့ ဖိတ်ခေါ်၍ ထိုကိစ္စကို ဖြေရှင်း ပေးရန် အစည်း အဝေးပြုလုပ်၏။
ဆီးရီးယား၊ အဘီစီးနီးယား တိုင်း ပြည်များတွင်မတရား အပြုခံရသူ၊ မတ ရား အသတ်ခံရသူတို့ ဘက်မှ ကူညီပေး သည့် အဖွဲ့အစည်းများရှိပြီး မိမိတို့ မက္ကာဟ်မြို့တွင် ထိုအဖွဲ့အစည်း မရှိခြင်း ကို ထောက်ပြ၏။ ထို့နောက်ပိုင်းတွင် အဗ္ဗ ဒုလ္လာဟ်ဗင် ဂျအ်ဒါန်၏ အိမ်တွင်မျိုးနွယ်စု ခေါင်းဆောင်များ၏ သဘောတူညီ ချက် ဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းရန်အားလုံး ကို ဖိတ်ခေါ်လိုက်၏။ ထိုအစည်း အဝေး သို့ တမန်တော်မုဟမ္မဒ် သခင်နှင့် အဗူ ဗကရ်သခင် တို့လည်း တက်ရောက်ခဲ့၏။ ဗနူဟာရှင်၊ ဗနူဇုဟ်ရာ၊ ဗနူသိုင်မ် ဗင်မုရ်ရဟ်တို့က လက်မှတ်ထိုးပြီး ဗနူ နောင်ဖလ်နှင့် ဗနူအိုမိုင်ယာတို့က လက် မှတ်မထိုးကြပေ။ စာချုပ်ပါအဓိကအချက် အလက်များမှာ တရားမျှတမှုဘက်မှ ရပ် တည်သွားကြမည်။ မတရားမှုများ၊ ပဋိ ပက္ခများတွင် ပူးပေါင်းဖြေရှင်းကြမည် ဟူ၍ဖြစ်သည်။ ထိုအစည်းအဝေးပင်ယီမင် သား၏ အခက်အခဲဒုက္ခကို ကူညီဖြေရှင်း ပေးနိုင်ခဲ့သည်။ (အိဗ်နု ကစီရ်- အလ်ဗီ ဒါယာဝမ်းန်နိဟားယာကျမ်း)
တမန်တော်မုဟမ္မဒ်(ဆွ)သည် ဘာသာရေး အယူမတူညီသူများနှင့် ပူး ပေါင်း၍ တရားမျှတမှုဖော်ဆောင်ရေး၊ ပဋိ ပက္ခဖြေရှင်းရေးကိစ္စများတွင် ပါဝင်ခဲ့ခြင်း ပင်ဖြစ်ပါသည်။ မိမိတို့ ရပ်ရွာဒေသတွင် မည်သည့်လူမျိုး၊ မည်သည့်ဘာသာ၊ မည် သည့်အသွေးအရောင်၊ မည်သည့် နိုင်ငံ သားဖြစ်စေ၊ ဒုက္ခရောက်သော သူတို့ အား ကူညီဖြေရှင်းပေးရန် အတွက် ဘာ သာ အယူဝါဒမတူညီသော်လည်း ပူး ပေါင်းဆောင်ရွက်မှုပင်ဖြစ်သည်။ ဖုဒွူးလ် ဆိုသည်မှာ ဂုဏ်သရေရှိ လူကြီး များကို ခေါ်ဆို၏။ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံမှ ဂုဏ်သရေရှိလူကြီးများကို ဖုဒွူးလ် ဟုခေါ်၏။ လူနည်းစုမွတ်စလင် တို့သည် မက္ကာဟ်မြို့၌ မဟာတမန်တော် မြတ်၏ ဘ၀တည်ဆောက်မှုမှ အလွန်သ ဘာဝကျသောစွန္နသ်ဓလေ့များကို လက်တွေ့အကောင်အထည်ဖော်မည်ဆိုလျှင် ရပ်ရွာအကျိုးသယ်ပိုးသူ၊ တိုင်းပြည် နှင့်လူမျိုး၏ တာဝန်ကျေပြွန်သူများ အမှန် ဖြစ်ကြပေမည်။ မဒီနာဟ်မြို့ပြ အစ္စလာမ့် လူ့အဖွဲ့အစည်း၏ စံပြရှရီအသ်စံနှုန်း များဖြင့် တိုင်းတာ၍ ဟိုဟာက ဗစ်ဒ်အသ်၊ ဒီဟာက ရှရိက်စသည့် ပုဒ်ထီးပုဒ်မ များတပ်၍ အချင်းချင်းစွပ်စွဲမနေသင့်တော့ ပေ။ ဟမ်းကို ၊တွမ်းကို လုပ်ရမည့် အချိန် မဟုတ်တော့ပေ။ အယူမတူညီသူ အများ စုကြား၌ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် မက္ကာဟ်မြို့၌ မဟာတမန်တော်မြတ်လက်တွေ့ဘ၀ သရုပ်ဖော်ပြခဲ့သည့် စံနမူနာများနှင့် အညီမိမိတို့ဒေသနှင့်သင့်လျော်သည့် နည်း လမ်းကောင်းများကို ၀ိုင်းဝန်းအဖြေရှာ ကြံဆကြရမည့်အချိန်ရောက်ရှိပေပြီ။
ဒေါက်တာ ဆောင်းလွင်အောင်