Saturday 16 February 2013

ဗဒရ်ဒေသ တော်လှန်ရေးစစ်ပွဲ



 အေဒီ-၆၂၄-တွင် မွတ်စလင်(မ်)များသည် မက္ကာဟ်မြို့သားများနှင့် ပထမဦးဆုံး ကျူးကျော် လာသည့် စစ်ပွဲတစ်ပွဲကို မဒီနာမြို့ရှိဗဒရ်ဟူသောအရပ်တွင် ခုခံတိုက်ခိုက်ခဲ့ကြ သည်။ ထိုစစ်ပွဲသည် အစ္စလာမ့်သမိုင်းတွင် အလွန်ထင်ရှားသော စစ်ပွဲတစ်ပွဲဖြစ်ခဲ့သည်။ ရန်သူများဘက်မှ  စစ်သား ဦးရေ (၉၅၀ကျော်ပါဝင်ပြီး မွတ်စလင်(မ်)များဘက်မှ စစ်သား ဦးရေမှာ (၃၁၃)ယောက် သာဖြစ် သည်။ မက္ကာဟ်သားများသည် ရှေးအရဗ်ရိုးရာနည်းဗျူ ဟာဖြင့်  တိုက်ခိုက်ကြသည်။ထိုစစ်သား(၉၅၀)ကို  စစ်ဦးစီးတစ်ဦးတည်းက  ဦးစီးခြင်း မရှိဘဲ ထိုစစ်သားများကို မိမိတို့၏ မျိုးနွယ်အလိုက် မျိုးနွယ်ခေါင်းဆောင်များက ဦးစီး ကြသည်။ 

ရန်သူများသည်စစ်သားဦးရေများသကဲ့သို့ ထိုစစ်သားများကို ဦးဆောင်သည့်ခေါင်းဆောင် များလည်းများ ပေသည်။ တစ်နည်း အားဖြင့်ဆိုရသော် များစွာသောစစ်သားများ ကိုခေါင်းဆောင် များစွာက ဦးစီး၍တိုက်ခိုက် သော စစ်ပွဲ ဖြစ်သည်။ ထို့အတွက်ကြောင့်  စစ်တပ်ကြီးအတွင်း ကွဲပြားခြားနားသော အုပ်စု ငယ်ပေါင်းများစွာ တည်ရှိနေသည်။ ဤ သည် အရဗ်များ၏ ရှေးရိုးရာ စစ် ဗျူဟာဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော် အရဗ်များ သည် တစ်စုတစ်ဝေးတည်း စည်းလုံးညီညွတ်စွာဖြင့် ခေါင်းဆောင်တစ်ဦး တည်း၏ အမိန့်ကိုလိုက်နာခြင်းမရှိသော လက္ခဏာတစ်ရပ်ဖြစ် သည်။

မွတ်စလင်(မ်)များ၏ စစ်တပ်တွင် စစ်သားဦးရေမှာ (၃၁၃)ယောက်သာဖြစ်သော်ငြား လည်း စစ်ဦးစီးအဖြစ် တမန်တော်မုဟမ္မဒ်(ဆွ) တစ်ဦးတည်းက  ကွပ်ကဲအုပ်ချုပ်သည်။  ထိုမွတ်စလင်(မ်) စစ်သား (၃၁၃)ယောက်သည် အလွန်စည်းလုံးလျက်ရှိကြသည်။ မွတ်စ လင်(မ်)စစ်သားများသည်  တရားသောစစ်ပွဲကိုဆင်နွှဲသူများဖြစ်ကြသည်။ အဘယ်ကြောင့် ဆိုသော်  မွတ်စလင်(မ်)များ သည် မက္ကာဟ်မြို့တွင်နေထိုင်စဉ်အတွင်း  ထိုမိရိုးဖလာဝါဒီ များ၏ညှဉ်းပန်းနှိပ်စက်မှု ဒဏ်အမျိုးမျိုးကို မခံနိုင်သည့်အဆုံး မိမိတို့၏ချက်မြှုပ်ကိုစွန့်၍ မဒီနာသို့ပြောင်းရွှေ့လာခဲ့သူများဖြစ်သည်။

ထိုကဲ့သို့ မဒီနာသို့ရွှေ့ပြောင်းနေထိုင်ပြီးသည့်တိုင် မက္ကာဟ် သားများသည် မဒီနာမြို့ထိ လာရောက်ကျူးကျော် တိုက်ခိုက်ခြင်းအတွက်  မွတ်စလင်(မ်) များအနေဖြင့်  မလွှဲသာ မရှောင်သာ  ခုခံ တိုက်ခိုက်ရသော ခံစစ်တိုက်ပွဲဖြစ် သည်။ မက္ကာဟ်မှ ရန်သူစစ်သားများ သည်  မွတ်စလင်(မ်)များ၏  ဆွေမျိုး ရင်းချာများ ဖြစ်ကြသည်။ သို့သော် မွတ်စလင်(မ်) များအနေဖြင့် ထိုဆွေ မျိုးသား ချင်းများကိုယ်တိုင်၏ တိုက်ခိုက် ညှဉ်းပန်းမှုခံနေရ သည်မှာ အကြိမ် ကြိမ်ပင်။  နောက်ဆုံး နယ်ပြောင်းပြေးလာခဲ့သည်ကိုပင် မလွတ်တမ်း လိုက်လံ တိုက်ခိုက်နေလေပြီ။ ရန်သူများ ဘက်က အမျိုးဟုမကြည့်၊ ကျူပင်ခုတ်ကျူငုတ်ပင် မကျန်စေလိုခြင်း ဖြစ်၏။
သို့ကြောင့်မွတ်စလင်မ်များအတွက် ကုရ်အာန်ကပြဋ္ဌာန်းပေး သည်မှာ  

““ အကယ်၍ အချို့ကို အချို့အားဖြင့် မတော်လှန်စေခဲ့လျှင် ဘုန်းကြီးကျောင်း များ၊ ခရစ်ယာန်ဘု ရားကျောင်း များ၊ ဂျူးဘုရားကျောင်းများ၊ အစ္စလာမ့်ဝတ်ပြုကျောင်းများသည် ဖျက်ဆီးပြီးခံရလတံ့”” ၂၂း၄၀၊ ဟုလည်းကောင်း။ 
“ညှဉ်းပန်းနှိပ်စက်ခြင်းရပ်တန့် သည့် တိုင်တော် လှန်ရေး ဆင်နွဲကြ ကုန်လော့” ၂း၁၉၃၊ ၈း၃၉ ဟုလည်းကောင်း၊  
“သင်တို့သည် စစ်ဖြစ် ရမည်ကို မုန်းတီးသော်လည်း သင်တို့အတွက်တော်လှန်ရေး ကို ပြဋ္ဌာန်းတော်မူပြီ” ၂း၂၁၆။  
““ညှဉ်းပန်းနှိပ်စက်ခြင်းသည် သတ်ခြင်းထက် ပို၍ ဆိုးသော အမှုဖြစ်သည်””  (၂း၂၁၇)ဟု ဖြစ်၍၊ မွတ်စလင်(မ်)များအနေဖြင့် မိမိနေထိုင် ရာ  မဒီနာပတ်ဝန်းကျင်မှ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းမှန်သမျှနှင့် မိမိတို့၏ဘာ သာရေးလွတ်လပ်ခွင့်အား ကာကွယ်ရန်မှာ  တရားသောတာဝန် တစ်ရပ်ဖြစ်လာခဲ့ပေ သည်။

တနည်းအားဖြင့် မတရားမှုကိုခေါင်းငုံခံနေခြင်းသည် ဘာသာရေးမမည်ဟု  အစ္စလာမ် သာသနာက ပွင့်ပွင့်လင်းလင်းသွန်သင်ပေးပေသည်။ သို့ဖြစ်၍ ရန်သူနှင့် နှိုင်းယှဉ်လျှင် အလွန်အင်အား နည်းသော ကျူးကျော်စော်ကားခံရသည့် မွတ်စလင်(မ်)စစ်တပ်သည်  ၄င်းတို့ထက် အင်အားကြီးမားပြီး အဆပိုများသော ရန်သူစစ်တပ်အတွင်းသို့ ထိုးဖောက် ၀င်ရောက်တိုက်ခိုက်ခဲ့ကြ သည်။ ၄င်းတို့၌ ကြောက်စိတ်ဟူ၍ အနည်းငယ်မျှ မရှိ ၊ သေခြင်းနှင့် ရှင်ခြင်းဟူသည်ကို တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်တစ်ပါးတည်းက စိုးပိုင် သည်ဟု ခံယူယုံကြည်လျှက်၊ ထိုယုံကြည်ချက်က  မွတ်စ လင်(မ်)များအတွက်  အကြီးမား ဆုံး စိတ်ဓာတ်စွမ်းအား တစ်ခုဖြစ် ခဲ့သည်။ ထိုစိတ်ဓာတ်စွမ်းအားသည် တစ်ပါးတည်း အရှင်ကို ကိုးကွယ်၍ တစ်ဆူတည်းသော ကျမ်းဂန် ကုရ်အာန်အားလိုက် နာကျင့် သုံးခြင်းဖြင့် ရရှိလာသော နာမ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ရပ်ဖြစ်သည်။

ထိုစစ်ပွဲတွင်  ရန်သူများ ကစဥ့်ကလျားဖြစ်ပြီး အကြီးအကျယ် စစ်ရှုံးခဲ့ကြရသည်။ အလွန် သြဇာအာဏာ ကြီးမားပါသည်ဟူသော မက္ကာဟ်သားများသည်  ယခုကဲ့သို့ မွတ်စလင်(မ်) လူနည်းစု  စစ်တပ် ၏ ထိုးနှက်ချက်ကြောင့် အခြားမွတ်စလင်(မ်)မဟုတ်သော လူအများ ၏ အမြင်တွင်လည်း နိမ့်ကျသူများ  အဆင့် သို့ တမုဟုတ်ချင်းရောက်ရှိခဲ့ကြသည်။ ထိုစစ်ပွဲတွင် မက္ကာဟ်သားများ  ရှုံးနိမ့်ခဲ့ရသည့်အတွက်  အဘူဆူဖီယန် ဦးဆောင်၍ ဒုတိယ စစ်ပွဲအတွက်  ပြင်ဆင်မှုများပြုလုပ်ခဲ့ ကြသည်။ အဘူဆူဖီယန်၏ရည်ရွယ်ချက်မှာ  မဒီနာရှိမွတ်စလင်(မ်)များကို အမြစ်ဖြတ်ချေမှုန်း ရန်ဖြစ်သည်။ ထိုအချိန်တွင် မဒီနာရှိ ဂျူးများကလည်း မွတ်စလင်(မ်) များအား ချေမှုန်းရေးအခွင့်အလမ်း ကိုစောင့်နေသူ များဖြစ်ခဲ့ကြသည်။ မွတ်စလင်(မ်)များအဖို့ မက္ကာဟ်မြို့မှ အရဗ်များနှင့် မဒီနာရှိဂျူးများ၏ တိုက်ခိုက်မှုကို တော်လှန်နိုင်ရန် တော်လှန်ရေးမျက်နှာစာနှစ်ခုကို တစ်ကြိမ်တစ်ခါတည်း ဖွင့်ရတော့မည့် အခြေအနေတွင် ရှိနေပေသည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

No comments:

Post a Comment