Tuesday, 13 November 2012

ကုရ်အာန့်သမိုင်း(၁)

အလုံးစုံသော ချီးကျူးထောပနာခြင်း အပေါင်းသည် မရှိရာမှရှိရာသို့ ဖန်ဆင်းပြုစုပျိုးထောင်သော နိစ္စထာဝရ အလ္လာဟ်အရှင် တစ်ပါးတည်းအတွက်သာဖြစ်ပြီး၊ တမန်တော်မြတ် မုဟမ္မဒ် အပေါ် သို့ အလ္လာဟ်အရှင်မြတ်၏ အေးငြိမ်းသာယာမှုအပေါင်းနှင့် မင်္ဂလာအဖြာဖြာ ကျရောက် ပါစေကြောင်း-
وَلَوْ أَنَّمَا فِي الْأَرْضِ مِن شَجَرَةٍ أَقْلَامٌ وَالْبَحْرُ يَمُدُّهُ مِن بَعْدِهِ سَبْعَةُ أَبْحُرٍ مَّا نَفِدَتْ كَلِمَاتُ اللَّهِ ۗ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
And if whatever trees upon the earth were pens and the sea [was ink], replenished thereafter by seven [more] seas, the words of Allah would not be exhausted. Indeed, Allah is exalted in Might and Wise.
(စင်စစ်သော်ကား ကမ္ဘာမြေ၌ရှိကြကုန်သော သစ်ပင်အသီးသီးတို့သည် ကလောင်များဖြစ်၍ သမုဒ္ဒရာပင်လယ်သည် (မှင်ဖြစ်ပြီးယင်းပင်လယ်ရှိမှင်များကုန်ခန်းပြီးနောက်)သမုဒ္ဒရာ ပင်လယ်ခုနှစ်ခုမှမှင်များကို ထပ်မံ၍ဖြည့်အံ့ငြားလည်း အလ္လာအရှင်မြတ်၏ အာယာသ်(ဗျာဒိတ်များ)၏ လေးနက်ပြီးပြည့်စုံမှုများကိုဖွင့်ဆို)ကုန်ဆုံးနိုင်မည်မဟုတ်ပေ။ဧကန် အလ္လာဟ်အရှင် သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။ ) ၃၁း၂၇
ကျမ်းမြတ်ကုရ်အာန်၏ ပြီးပြည့်စုံသော လမ်းညွှန်မှုများနှင့်စပ်လျှင်းပြီး ဖွင့်ဆိုဖော်ပြရန်ကိစ္စရပ်သည် လူသားများအတွက် ကမ္ဘာကုန်ကျယ်သရွေ့ ကမ္ဘာကြီးတည်ရှိနေသ၍ ကုန်နိုင် မည် မဟုတ်ကြောင်းကို ထိုအာယာသ်လေး တစ်ခုတည်းနှင့်ပင် လုံလောက်ပေမည်။
ကျမ်းမြတ်ကုရ်အာန်ဟူသည် တုနှိုင်းမဲ့ကိုးကွယ်ရာ အလ္လာဟ်အရှင် မြတ်ထံမှ မိမိ၏ မုက္ခပါဋ္ဌ်တော် ကျမ်းတစ်ဆောင်အား နောက်ဆုံးတမန်တော်မြတ် မုဟမ္မဒ် (အလ္လာဟ် အ ရှင်မြတ်၏အေးငြိမ်း သာယာမှုအပေါင်းနှင့် မင်္ဂလာအဖြာဖြာ ကျရောက်ပါစေ)၏အသိဥာဏ်စဉ် အတွင်း ထည့်သွင်းစိုက်ပျိုးပေးခဲ့သော မျိုးစေ့မှတစ်ဖြေးဖြေးချင်း ရှင်သန်ကြီး ထွားလာသော ဧရာမအပင်ကြီး တစ် ပင်ကဲ့သို့ပင် ဖြစ်တော့သည်။ ထိုအပင်ကြီးသည် ကမ္ဘာ့လူသားတစ်ရပ် လုံး၏ သုံးပုံတစ်ပုံကို အရိပ်အာဝါသ ပေးခဲ့ရုံသက်သက် မဟုတ်ဘဲ ဘယ်သော အခါမျှ စားသုံး ၍မကုန်နှိုင်သော အသီး အပွင့်များကိုပါ ကမ္ဘာမြေတည်သ၍ ဆက်လက်ပေးဝေ လျှက် ရှိနေဦး မည်ပင်။
ကျမ်းမြတ်ကုရ်အာန်၏ သမိုင်းကို ရေးသားရာတွင် ကျမ်းမြတ်ကုရ်အာန်နှင့် ဆက်နွယ်နေသော အစ္စလာမ့်သမိုင်း နောက်ခံအကျဉ်းကို အနည်းငယ်တင်ပြပါမည်။
ကုရ်အာန်စတင်သောခေတ်ကာလ
ကုရ်အာန်၏လမ်းညွှန်မှု အရိပ်အာဝါသအောက်မှ တစ်သွေမတိမ်း ဘ၀လျှောက် လှမ်းခဲ့ကြသော (၁၄)ရာစုမှ အစ္စလာမ့်သမိုင်းကို ပြန်လည်စမ်းစစ် ကြည့်မည်ဆိုပါက- ကမ္ဘာ့ လူသားတစ်ရပ်လုံး က အော့နှလုံးနာလောက်ရသည်အထိ ဆိုးသွမ်းပျက်စီးနေသော အချင်း ချင်းအတွင်း စည်းလုံးညီညွတ်မှု ဗျမ်းဗျမ်းကွဲ အရဗ်များ၏ သမိုင်းကိုလည်း သိထားရန်လိုအပ် ပေသည်။
အစ္စလာမ့်မတိုင်မီ သာသနာပ မိရိုးဖလာ အရဗ်များ၏ဘ၀အား ပြန်လည်သုံး သပ်ကြည့်လျှင် သူတို့သည် ကမ္ဘာတစ်ဝှမ်းရှိ လူသားတစ်ရပ်လုံး၏ အပယ်ခံ အနှိမ်ခံ အမုန်းခံ လူသားများ သာ ဖြစ် ခဲ့၍၊ အချင်းချင်းအုပ်စုဖွဲ့ တိုက်ခိုက်သတ်ဖြတ် လုယက် ဆိုးသွမ်းလျှက် တစ်ဦးကိုတစ်ဦး အယုံအကြည် ကင်းမဲ့ခြင်း၌သာ ရှိနေခဲ့ပေသည်။ တနည်းအားဖြင့် စည်းလုံး ညီညွတ်မှု ဗျန်းဗျန်းကြီး ပြိုကွဲနေသော ၀ရုန်းသုန်းကား လူ့အဖွဲ့အစည်းကြီး တစ်ရပ်သာဖြစ်ခဲ့ သည်။ ထိုသို့ အသုံးမ၀င် အောက်တန်းကျနေသော လူ့အဖွဲ့အစည်းကြီးမှာ ကျမ်းမြတ်ကုရ် အာန်၏ လောင်းရိပ် အောက်သို့ရောက်ရှိလာပြီးနောက် ရိပ်ကနဲဟူသော ကာလအတွင်း ကမ္ဘာ တစ်ဝှမ်းအား သြဇာလွှမ်းမိုးသူများ ဖြစ်လာခဲ့တော့သည်။
ယင်းမှာ တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်၏ဗျာဒိတ်ကျမ်းတော် ကုရ်အာန်အား အတုမ ထား ယုံကြည်ကျင့်ကြံ လက်ခံသောကြောင့် ဖြစ်သည်ဆိုခြင်းမှာ မည်သူတစ်ဦးတစ်ယောက် ကမျှငြင်းနိုင်စရာ အကွက်တစ်ကွက်မျှ မရှိချေ။ ကုရ်အာန်သည်ကား ကာလမရွေး၊ ဒေသမရွေး၊ လူမျိုးးမရွေး လိုက်နာသူတိုင်းအား တဟုန်ထိုး တိုးတက်စေသည့် အတွေးအခေါ် အယူအဆ၊ ထက်မြက်မှုနှင့် တော်လှန်သတိများကို ပေးစွမ်းနိုင်ဆုံးသော ကျမ်းတော်ကြီးတစ်ပါးပင်ဖြစ် တော့၏။ နာမ်ပိုင်းဆိုင်ရာ အမှောင်ကျနေသော သူများအတွက် ၀ိဇ္ဇာအလင်းဆောင် ဆေး ကောင်းကြီးတစ်လက်ပင် ဖြစ်တော့၏။
ကျမ်းမြတ်ကုရ်အာန်၏ လောင်းရိပ်အောက်တွင် ရှိနေခဲ့သောမွတ်စလင်မ်များအား ၂၃ နှစ် ကာလအတွင်း ဗျာဒိတ်ကျမ်းဖြစ်သော ကုရ်အာန်ကို တမန်တော်မုဟမ္မဒ်(ဆွ)ထံသို့ တုနှိုင်း မဲ့ကိုးကွယ် ရာအရှင်က ပြီးပြည့်စုံစွာ ချမှတ်ပေးခဲ့သည်။ တမန်တော်မုဟမ္မဒ်(ဆွ)သည် ထိုဗျာ ဒိတ်သက်တမ်း (၂၃) နှစ်အတွင်း ကိုယ်စိတ်နှလုံးသုံပါးလုံးက ကုရ်အာန်ပြ စနစ်ဇယားအတိုင်း ဘ၀ကို ပုံသွင်းတည်ဆောက်ခဲ့သည်။ ထိုတည်ဆောက်မှုသရုပ်သည် မဟာသာဝကကြီးများ၏ နှလုံးသည်းပွတ် အတွင်းသို့လည်း တံဆိပ်ခတ်နှိပ်ထားဘိသကဲ့သို့ ထင်ဟပ်လျက် ရှိစေခဲ့ကြ သည်။ ထိုမျှတိုတောင်းသော ကုရ်အာန်၏ ဗျာဒိတ်ကာလ(၂၃)နှစ်ဟူသည့် အချိန်အတွင်း၌ သူ၏နောက်လိုက် မဟာသာဝကများကို ကမ္ဘာ့အကောင်းဆုံး စံထားလောက်သည့် ခေါင်း ဆောင်များအဆင့်သို့ အရောက်ပို့ပေးနိုင်ခဲ့သည်။
ထိုမဟာသာဝကများ၏ နှလုံးသည်းပွတ်တွင် တစ်ပါးတည်းသော တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်ကို ယုံကြည်၍ ထိုအရှင်ကသာလျှင် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်ပြီး ထိုအရှင်၏ တစ် ဆူတည်းသောကျမ်းဂန် ကျမ်းမြတ်ကုရ်အာန်၏ လမ်းညွှန်ချက်များကသာလျှင် လောကီလော ကုတ္တရာ နှစ်ဋ္ဌာနစလုံးအတွက် ပြည့်ဝစုံလင်ပြီးပြည်စုံသည့် လမ်းညွှန်ချက်ဖြစ်သည်ဟု စွဲမှတ် ယုံကြည်ခဲ့ကြသူများဖြစ်သည်။ သူတို့သည် ကုရ်အာန်၏ လမ်းညွှန်ချက်များကို နှလုံးသွင်း ဘ၀ တည်ဆောက် နိုင်ခဲ့ကြသည့်အတွက် ခံယူချက်တူ မွတ်စလင်(မ်)များအတွင်း စိတ်ဝမ်းကွဲပြားမှု ကင်း၍ စည်းလုံးညီညွတ်စွာ အတူနေထိုင်နိုင်ခဲ့ကြသည်။ သူတို့၏ခေတ်တွင် မွတ်စလင်(မ်) အ သိုက်အမြုံကြီးအတွင်း ဂိုဏ်းဂဏကွဲများဟူ၍ လုံးဝမရှိခဲ့ကြပေ။ ထိုမွတ်စလင်(မ်) မဟာသာဝ ကကြီးများအဖို့ အခြေခံဥပဒေဟူသည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ ဗျာဒိတ်ကျမ်းဂန် ကုရ် အာန်တစ်ဆူတည်းသာရှိခဲ့သည်။
ထိုအချိန် ထိုကာလ၌ ကုရ်အာန်မှလွဲ၍ လိုက်နာကျင့်သုံးရန်အတွက် အခြားမည် သည့် ကျမ်းဂန်မျှလည်း မရှိသေးသော ခေတ်ကာလဖြစ်သည်။ တမန်တော်မုဟမ္မဒ်(ဆွ)က လည်း ကုရ်အာန်မှလွဲ၍ အခြားသွန်သင်ပို့ချခဲ့သည့် ကျမ်းဟုလည်းမရှိခဲ့ပေ။ ထိုသို့သော အ ကြောင်းများကြောင့် တမန်တော်မုဟမ္မဒ်(ဆွ) မရှိသည့်နောက်ပိုင်း မွတ်စလင်(မ်)များကို အုပ် ချုပ်ခဲ့ကြသော သမ္မတကြီးလေးပါးလုံးက တမန်တော် မုဟမ္မဒ်(ဆွ)ရှိစဉ်ကာလကအတိုင်း ကုရ်အာန်၏လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင် ရွက်နိုင်ခဲ့ကြသည်။
ထို့ကြောင့် သူတို့ အား ”ရာရှေဒွန်း” (၀ါ) ဖြောင့်မတ်မှန်ကန်သော ခေါင်းဆောင်များဟု သမိုင်းတွင် မော်ကွန်းတင်ခဲ့ရလေသည်။ ထိုခေတ်ကာလ၌ ကျမ်းမြတ်ကုရ်အာန်၏ အေးရိပ်ဆာယာသည် ကမ္ဘာ့လူ သားများအပေါ်သို့ အရိပ်ပေးနိုင်ခဲ့သည်။ သူတို့၏အုပ်ချုပ်မှု ကာလအတွင်း ပေါ်ပေါက်လာ သမျှသော ပြဿနာအလုံးစုံကို ကျမ်းမြတ်ကုရ်အာန်ကို အခြေခံသည့်ဥပဒေများအားဖြင့် ကိုင် တွယ်ဖြေရှင်းခဲ့ကြသည်။ သူတို့သည် တမန်တော်များ မဟုတ်သကဲ့သို့ ၄င်းတို့ထံ မည်သည့် ဗျာဒိတ်လမ်းညွှန်ချက် အသစ်များလည်း ရောက်ခဲ့ခြင်းမရှိပေ။
၎င်းတို့သည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်က တမန်တော်မုဟမ္မဒ်(ဆွ)ထံသို့ ဗျာဒိတ် အဖြစ်ချပေးခဲ့သော ကုရ်အာန်သည်သာ ကမ္ဘာ့လူသားတစ်ရပ်လုံးအတွက် ကမ္ဘာတည်သ၍ ရှင်သန်နေသည့် တစ်ဆူတည်းသောကျမ်းဟု သူတို့ကခိုင်မာစွာ ယုံကြည်ထားသည့်အပြင် တမန်တော်မုဟမ္မဒ်(ဆွ)၏နောက် မည်သည့်တမန်တော်နှင့် မည်သည့်ကယ်တင်ရှင်မျှ မလာတော့ဟု ယတိပြတ် ကင်းကင်းစင်စင် ယုံကြည်ချက် ခိုင်မာသူများ ဖြစ်ကြပေသည်။ သူတို့အနေဖြင့် အစ္စလာမ်ဟူသော သာသနာသည် တမန်တော်မုဟမ္မဒ်(ဆွ) သက်တော်ထင်ရှားရှိစဉ်၊ ပရိနိဗ္ဗာန်မပြုမီ (၈၁)ရက်အလိုကပင်
”ယနေ့ငါသည် သင်တို့အဖို့သာသနာအား ပြီးပြည့်စုံစေတော်မူပြီ၊” ဟူသည့် (ကုရ်အာန်၅း၃)
ဗျာဒိတ်တော်ကို ချမှတ်ပြီးကတည်းကပင်-အစ္စလာမ်သာသနာတွင် မည်သည့်လူသားများ၏ လူရေးအတွေးအခေါ် လူရေးကျမ်းများ၏ အထောက်အကူပြုမှု မလိုအပ်ဘဲနှင့် ကျမ်းမြတ်ကုရ်အာန် တစ်ဆူတည်းနှင့် လုံးဝဥဿုံ ပြီးပြည့်စုံ ပြီးဖြစ်သည်ဟု ယတိပြတ် ယုံကြည်ထားသူများ ဖြစ်ပေသည်။ ထို သာသနာ၏ ပြီးပြည့်စုံမှုသည် မည်သည့်ဖြည့်စွက်မှုနှင့် မည်သည့် ထုတ်ပယ်မှုဟူ၍ လုံးဝ မလိုအပ်သော သာသနာဖြစ်ကြောင်း သူတို့၏ လက်တွေ့ဘ၀ တည်ဆောက်မှုဖြင့် သက်သေပြခဲ့ကြသည်။
အစ္စလာမ်သာသနာ၏ အခြေခံမူဝါဒဖြစ်သော ကုရ်အာန်တွင် တမန်တော်မုဟမ္မဒ် (ဆွ) ၏နောက် မည်သည့် တမန်တော်များနှင့် မည်သည့် ကယ်တင်ရှင်များမျှ လာရောက်ဆောင် ကြဉ်းမည်ဟူသော အတွေး အခေါ်အဖြစ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းနှင့် ဖြစ်စေ၊ စေ့စေ့တွေးမှ ရေးရေးပေါ်လာနိုင်သည့် မိန့်ကြားချက်မျိုး လုံးဝဥဿုံပါဝင်ခြင်းမရှိပေ။ အစ္စ လာမ်သာသနာထဲသို့ ကယ်တင်ရှင်ဝါဒ၊ အလင်းရပုဂ္ဂိုလ်များကို စောင့်ဆိုင်းသောဝါဒများသည် နောက်ပိုင်းတွင်မှ နိုင်ငံရေး ပရောဂများအောက်၌ မွန်းကြပ်ပိတ်မိနေသော လူတန်းစားအား ထွက်လမ်းအဖြစ် အခြားအခြားသော ဘာသာအယူဝါဒများမှ ပူးကပ်ပါလာသော အတွေးအခေါ်များသာ ဖြစ်ပေသည်။
ကယ်တင်ရှင်ဝါဒမရှိ၊ အလင်းပြပုဂ္ဂိုလ် အယူများ လုံးဝကင်းစင်၍ ကုရ်အာန့်လမ်းညွှန်မှု တစ်ခုတည်းကိုခြေခံသော အတွေးအခေါ်အားဖြင့် တမန်တော်မုဟမ္မဒ် (ဆွ)နည်းတူ ဘ၀တည်ဆောက်နိုင်ခဲ့ကြသော သမ္မတကြီးလေးပါးခေတ်သည် ကမ္ဘာတွင် အတုမရှိသော ကမ္ဘာ့စံပြစနစ်ကြီးအဖြစ် တည်ဆောက်ပြခဲ့ကြောင်း ကမ္ဘာ့သမိုင်း၌ ကမ္ဗည်းအက္ခရာ တင်ထားလျှက် ရှိနေတော့သည်။ တနည်းအားဖြင့် ကုရ်အာန်ကျမ်းတော် တစ်ဆူတည်းကိုသာ လိုက်နာလျှက် ဘ၀တည်ဆောက်သည့် လူ့အသိုက်အမြုံကိုသာ တမန်တော်မုဟမ္မဒ်(ဆွ)က အစ္စလာမ့်အွမ္မဟ်ဟု ကင်ပွန်းတပ်ခဲ့ခြင်း ဖြစ်တော့သည်။
တမန်တော်မုဟမ္မဒ်(ဆွ)သည် သူ၏အရိုက်အရာကို ဆက်ခံစေရန် မည်သူ့ကိုမျှ ရွေး ချယ်ခဲ့ခြင်း မရှိချေ။ ထိုအချက်သည် နောင်လာနောက်သားများအတွက် တန်ဘိုးမဖြတ်နိုင် သော အတွေးအခေါ် အမွေများကို ပေးခဲ့ခြင်းပင်။ အကယ်၍ တမန်တော်မုဟမ္မဒ်(ဆွ) အနေ ဖြင့် အရိုက်အရာ ဆက်ခံမည့်သူအား တိုက်ရိုက်ရွေးချယ်ခဲ့သော် ထိုရွေးချယ်ခံရသူအား နောင် လာနောက်သားများက တမန်တော်ကဲ့သို့ သတ်မှတ်ခံယူ လာနိုင်သည်။ ထိုအခါ အယူ အဆ ရေးရာ ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည်။
တမန်တော်မုဟမ္မဒ်(ဆွ)က လက်ဆင့်ကမ်း ဘုရင်စ နစ်ကိုတည်ထောင်ရန် အတည်ပြုပေးသကဲ့သို့ ဖြစ်နေမည် (သို့မဟုတ်) လူထု၏ သဘောထား အား အလေးမထားသော အလေ့အထကြီး ပေါ်ပေါက်လာနိုင် ပေသည်။ ထိုအချက်များသည် ကုရ်အာန်က တားမြစ်ထားသည့် အရေးကြီးသည့် အချက်များဖြစ်ပေသည်။ ထို့ကြောင့် တမန် တော်မုဟမ္မဒ်(ဆွ)က ၄င်း၏အရိုက် အရာဆက်ခံခြင်းအား လူထု၏လက်သို့ အပ်နှံခဲ့ခြင်းဖြစ် ပေသည်။
သို့ရာတွင် နောက်ပိုင်းမွတ်စလင်မ် အုပ်ချုပ်သူမျိုးဆက်များတွင် တမန်တော်မြတ်က နမူနာပြ ခဲ့သော အုပ်ချုပ်သူများကို အများပြည်သူများက ရွေးချယ်သည့်စနစ်ကို လျစ်လျူရှုလျှက် အဖေ ဘုရင်၏ အရိုက်အရာကို သားကဆက်ခံသော စနစ်ကြီးကို အမိအရဆွဲကိုင် ထားလေတော့ သည်။
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ReF; ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

No comments:

Post a Comment