Friday, 14 September 2012

အခန်း (၇) သမိုင်းဖြင့် ဆန်းစစ်ခြင်း နဗီ တမန်တော်များ၏ သက်သေထွက်ဆိုချက်

အခန်း (၇) သမိုင်းဖြင့် ဆန်းစစ်ခြင်း နဗီ တမန်တော်များ၏ သက်သေထွက်ဆိုချက် “လူသားမျိုနွယ် အုပ်စုတိုင်း အတွက် ရစူလ်တမန်တော်တစ်ပါး ပွင့်ရောက်ခဲ့သည်သာ ဖြစ်၏” (ကုရ်အာန် ၁၀း၄၇) “ခေတ်ကာလတိုင်းအဖို့ ကျမ်းဂန်တစ်စောင်သည် ရှိချေသတည်း” (ကုရ်အာန် ၁၃း၃၈)
လူသားနဗီတမန်တော်များ အဘယ်ကြောင့်ပွင့်ရသနည်း
“အို…လူသား အပေါင်းတို့၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကြကုန်လော့။ ထိုအရှင်မြတ်သည် အသင်တို့အား‘နဖ်စ်ဝိညာဉ်’ တစ်ခုတည်းမှ ဖန်ဆင်းတော်မူခဲ့သည်။ ထို‘နဖ်စ်’မှပင် ၄င်း၏ ကြင်ရာကြင်ဖက်ကိုလည်း ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် ၄င်းတို့နှစ်ဦးတို့မှ များပြားလှစွာသော ယောကျာင်္း မိန်းမတို့ကို ပျံ့ပွားစေတော်မူခဲ့လေသည်။” (ကုရ်အာန် ၄း၁)
“လူသား အားလုံးတို့သည် (မူလက) တစ်သင်းတစ်ဖွဲ့တည်းဖြစ်ခဲ့ကြ၏။ ကာလကြာသော် (စိတ်ဓာတ်များ ကွဲပြားလာပြီး အယူဝါဒ ကွဲပြားလာလေရာ) အလ္လာဟ်အရှင်မြတ်သည်(လူသားတို့ထံ) နဗီတမန်တော်များကို ဝမ်းမြောက်ဖွယ်ရာ မင်္ဂလာသတင်း ပေးပို့သူများအဖြစ် လည်းကောင်း၊ (အလ္လာဟ့် အမိန့်မနာခံသူများအား) သတိပေး နှိုးဆော်သူများ အဖြစ် လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ထို့ပြင် လူသားတို့၏ အချင်းချင်းကွဲပြားလျက်ရှိသော ပြဿနာရပ်များကို စီရင်ဆုံးဖြတ်ပေးတော်မူအံ့သောငှာ အလ္လာဟ်သည် ထိုနဗီ တမန်တော်များနှင့်အတူ မှန်ကန်သော ကျမ်းဂန်အသီးသီးတို့ကိုလည်း ထုတ်ပြန် ချမှတ်ပေးတော်မူလေသည်။” (ကုရ်အာန် ၂း၂၁၃)
“(ယင်းသို့ နဗီတမန်တော်များ စေလွှတ်တော်မူခြင်းမှာ) ထိုရစူတမန်တော်များ ရောက်လာကြပြီးနောက် (ကိယာမသ်ရှင်ပြန်ထရမည့်နေ့တွင်) အလ္လာဟ်၏ ရှေ့မှောက်တွင် လူသားတို့အဖို့ အကြောင်းပြချက် မရှိစေရန် ဖြစ်ချေသည်” (ကုရ်အာန် ၄း၁၆၄)
“စင်စစ် လူမျိုးတိုင်း၌ သတိပေးနှိုးဆော်သူတစ်ဦး ပွင့်ရောက်ခဲ့သည်သာ ဖြစ်၏” (ကုရ်အာန် ၃၅း၂၄)
>တစ်ခုတည်းသောတရားအလင်း
ကမ္ဘာမြေပေါ်ဝယ် လူ့သမိုင်း စတင်ချိန်မှစ၍ ခေတ်အသီးသီး၊ ဒေသအသီးသီးတွင် သက်ဆိုင်ရာ လူသားမျိုးနွယ်များအတွင်းမှ လူသားနဗီတမန်တော်များ ပွင့်ပေါ်ခဲ့ကြသည်။
သက်ဆိုင်ရာ ဘာသာစကား အသီးသီးဖြင့် ဟောကြားခဲ့သော်လည်း ဟောကြားချက်မှာ တစ်မျိုးတည်းသော အခြေခံတရားသာ ဖြစ်သည်။ အဓိကအားဖြင့် (သောဝ်ဟီးဒ်) ကိုးကွယ်ခြင်း ခံထိုက်သော အရှင်တစ်ပါးတည်းသာ ရှိကြောင်း၊ ထိုအရှင်မြတ်၏ လမ်းညွှန်အမိန့်အတိုင်း နာခံကြရမည် ဖြစ်ကြောင်း၊ ထိုအရှင်ထံသို့သာ လူသားအားလုံး ပြန်ကြရမည် ဖြစ်ကြောင်း၊ ကိယာမသ် ရှင်ပြန်ထရမည့်နေ့ အကြောင်း၊မိမိတို့ပြုခဲ့သော ကောင်းမှုနှင့် ပြစ်မှုတို့အတွက် အစားပေးခံရမည့် အကြောင်းသာ ဖြစ်သည်။ ကျင့်စဉ်များကို မူကား တရားမျှတမှုကို အခြေခံ၍ သက်ဆိုင်ရာခေတ်ရှိ လူသားတို့၏ အသိဉာဏ်နှင့် လျော်ညီသော ကျင့်စဉ်များကို အလ္လာဟ်က ချမှတ်ပေးခဲ့သည်။ (ကုရ်အာန် ၁၀း၄၇။ ၁၆း၃၆။ ၃၅း၂၀။ ၁၄း၎။ ၄း၁၆၄။ ၅၇း၂၅)
>တမန်တော်ကွင်းဆက်များ
အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ ကမ္ဘာဂြိုဟ်၌ ပွင့်ခဲ့ကြသော နဗီတမန်တော်များအားလုံးတို့ထံမှ ပဋိညာဉ်ဝန်ခံချက် ယူတော်မူသည်မှာ နဗီတမန်တော်တိုင်းသည် အလ္လာဟ်ထံမှ လမ်းညွှန်ကို လူသားတို့ထံ ဟောကြားရမည်၊ လူသားနဗီတမန်တော် အချင်းချင်း ထောက်ခံကြရမည်။ ကူညီကြရမည်။ တနည်းဆိုသော် ကာလတစ်ခုတွင်ပွင့်သော တမန်တော် တစ်ဦးသည် မိမိအလျင် ပွင့်ခဲ့ကြသော တမန်တော်တို့ကို ထောက်ခံပြောဆိုရမည်။ နောင်တော် တမန်တော်များ၏ ဟောကြားမှုများကို အမှန်အတိုင်း ဆက်လက်ဟောကြားရမည်။ မိမိ၏ နောက်တွင် နောင်ပွင့်မည့်တမန်တော်နှင့် စပ်လျဉ်း၍လည်း အလ္လာဟ်လမ်းညွှန်အရ ကြိုတင် သတင်းကောင်းပေး၍ ထောက်ခံကြရမည်။ ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်က နဗီတမန်တော်အချို့၏ အမည်ကိုသာ ဖော်ပြ၍ အချို့ကို ဖော်ပြမထားကြောင်း မိန့်ဆိုထားသည်။
စင်စစ် လူသားတို့တွင် ပွင့်ခဲ့ကြသော နဗီတမန်တော် အားလုံးတို့သည် တစ်ပါးတည်းသော ဖန်ဆင်းရှင် အလ္လာဟ်ထံတော်မှ တစ်မျိုးတည်းသော လမ်းညွှန် ဝဟီတရားအလင်းကို ဘာသာစကား အမျိုးမျိုးဖြင့် ဟောကြားခဲ့သော်လည်း လူသားတို့သည် ထိုတမန်တော်များ မရှိသည့်နောက် မိမိတို့အချင်းချင်း တစ်ခုတည်းသော သာသနာကို အကွဲကွဲ အစိတ်စိတ်ပြုကာ အုပ်စုများ ဖြစ်ကုန်ကြလေသည်။ (ကုရ်အာန် ၃း၈၁။ ၃၃း၇-၈။)( ၄၀း၇၈) (၂၃း၅၂-၅၄)
>သက်သေလက္ခဏာများနှင့် တရားမျှတသော ကျမ်းများ
“ဧကန်မလွဲ ငါအရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်များအား ထင်ရှားစွာသော သက်သေလက္ခဏာများနှင့် တကွစေလွှတ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များနှင့်အတူ လူသားတို့တရားမျှတမှုအပေါ်၌ ရပ်တည်ကြစေရန် ကျမ်းဂန်ကို လည်းကောင်း၊ တရားမျှတမှုကို လည်းကောင်း ချပေးသနားတော်မူခဲ့၏ (ကုရ်အာန် ၅၇း၂၅)
အလ္လာဟ်သည် သက်သေများနှင့် တရားမျှတသော ကျမ်းများကို တမန်တော်တို့မှတစ်ဆင့် လူသားတို့ကို ပေးသော်လည်း လူသားတို့ အချင်းချင်း မလိုမုန်ထား ထောင်လွှားကြကာ အတ္တတို့ဖြင့် ကွဲပြားကြ၏။ အချို့ကမူ အလ္လာဟ်သတ်မှတ်ထားသော တရားတို့ကို မပြုပြင်သင့်ကြောင်း သိပါလျက် တမန်တော်များ မရှိသည့်နောက် ကျမ်းများကို ပြင်လိုက်ကြသည်။ (ကုရ်အာန် ၂း၂၁၃။ ၄၅း၁၇။) (၂း၇၅။ ၃း၇၈။ ၄း၄၆)
အလ္လာဟ်သည် လူသားတို့အား လောကခပ်သိမ်းနှင့် ယှဉ်သော နိစ္စသစ္စာ သောဝ်ဟီးဒ်နှင့် လူသားတို့၏ သဘာဝနှင့် လျော်ညီသော ကျင့်စဉ်များကို ချပေးသော်လည်း အချို့က သာသနာရေးတွင် အလွန်အကျူး ချဲ့ထွင်လိုက်ကြ၏။ ထို့ကြောင့် တမန်တော်များ မရှိသည့်တွင် သောဝ်ဟီးဒ်ယုံကြည်မှု အပိုင်းတွင် အလ္လာဟ် အရှင်မြတ် ပျောက်ကာ လူသားတမန်တော်တို့ကို အကြည်ညိုလွန်ကာ ကိုးကွယ်ကြလေသည်။
အချို့က လူသားတမန်တော်တို့ကို အလ္လာဟ်နှင့် တန်းတူထား၍ ယှဉ်တွဲကိုးကွယ်မှု ပေါ်ပေါက်လာသည်။ ကျင့်စဉ်များတွင်လည်း အကျယ်ချဲ့မှုကြောင့် လူသားတို့၏ သဘာဝနှင့်အညီ အလ္လာဟ်သတ်မှတ်သော ကျင့်စဉ်တို့ ပျောက်ကာ သဘာဝနှင့်ဆန့်ကျင်သောကျင့်စဉ်များ၊ သဘာဝကို အလွဲသုံးစား အသုံးချသော ကျင့်စဉ်များဖြစ်ပေါ်လာ၏။ (ကုရ်အာန် ၄း၁၇၁။ ၉း၃၁။ ၅၇း၁၇)
သာသနာကို အကြောင်းပြု၍ မိမိကိုယ်ကျိုးစီးပွား ရှာစားသော လူတန်းစားများလည်း ပေါ်ပေါက်လာ၍ လူသားတို့ကို လမ်းလွဲစေတော့သည်။ လူသားအချို့မှာလည်း ဆန်းစစ်မှုမရှိဘဲ လက္ခံကြလေသည်။ (ကုရ်အာန် ၉း၃၄)

No comments:

Post a Comment