Tuesday, 7 August 2012

မဟာကရုဏာတော်ရှင်၏ ကြိုတင်သတိပေးထားမှု

မဟာကရုဏာတော်ရှင်၏ ကြိုတင်သတိပေးထားမှု “ပြောလော့၊ ကျွန်ုပ်သည် အလ္လာဟ်ကိုသာလျှင် ကျွန်ုပ်၏ စေတနာဖြူစင်သော ယုံကြည်မှုဖြင့် အီဘာဒဟ် ခဝပ်ကိုးကွယ်မှု ပြု၏။ သို့ဖြစ်ပေရာ (အသင်တို့သည်လည်း) အလ္လာဟ်ကိုစွန့်လွှတ်၍ အသင်တို့ အလိုရှိရာများကို အသင်တို့ဆည်းကပ်ကိုးကွယ်ကြလေကုန်၊ (သို့သော်) ဧကန်မလွဲ (အမှန်တကယ်) ဆုံးရှုံးသူတို့မှာ ကိယာမသ် ရှင်ပြန် ထကြရမည့်နေ့တွင် မိမိတို့ကိုယ်တိုင်သော် လည်းကောင်း၊ မိမိတို့၏ အိမ်သူအိမ်သားများသည် လည်းကောင်း ဆုံးရှုံးသူများသာ ဖြစ်ကြ၏။ သတိပြုကြလေကုန်၊ ဤသည်သာလျှင် ထင်ရှားလှစွာသော ဆုံးရှုံးမှုပင်” (ကုရ်အာန် ၃၉း၁၄-၁၅)
“ကာဖိရ် တို့၌ ၄င်းတို့၏အထက်ဝယ် မီးဖြင့်ပြီးသော အမိုးများ (အလွှာများ) ရှိကြပေမည်၊ ၄င်းတို့၏ အောက်တွင်လည်း (မီးဖြင့်ပြီးသော) အခင်းများ(အလွှာများ) ရှိကြပေမည်။ ဤသည် အကြင်(ပြစ်ဒဏ်)ပင်။ အလ္လာဟ်သည် မိမိ၏ ကျွန်တို့အား ယင်း ပြစ်ဒဏ်ဖြင့် ကြောက်ရွံ့စေတော်မူသည်။ သို့ဖြစ်ပေရာ အို…..ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား (သိစိတ်) အမြဲထားကြလော့” (ကုရ်အာန် ၃၉း၁၆)
“၄င်းတို့အလျင် ရှိခဲ့ကြကုန်သော သူတို့သည်လည်း အမှန်တရားကို မဟုတ်မမှန် ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၄င်းတို့ထံသို့ ၄င်းတို့မထင်မှတ်သောနည်းဖြင့် ရောက်ရှိလာခဲ့လေ၏။ တစ်ဖန် အလ္လာဟ်သည် ၄င်းတို့အား လောကီဘဝ၌လည်း အကျိုးယုတ် အရှက်ရ ဂုဏ်နိမ့်ကျခြင်း၏ အရသာကို မြည်းစမ်းစေတော်မူခဲ့၏။ တမလွန် ဘဝ၏ ပြစ်ဒဏ်သည် သာ၍ ကြီးလေးလှပေသည်။ (ဤသည်ကို) ၄င်းတို့သိကြပါလျှင် ကောင်းလေစွ” (ကုရ်အာန် ၃၉း၂၅-၂၆)
“စင်စစ် အလ္လာဟ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော အရှင်ဖြစ်တော်မူ၏။ သို့သော် အသင်တို့သည် (အလ္လာဟ်ကို) မှီခို လိုအပ်သူများသာ ဖြစ်ကြ၏။ (အို….ယုံကြည်သူအပေါင်းတို့) အကယ်၍ အသင်တို့သည် (အလ္လာဟ်၏ လမ်းတော်မှ) မျက်နှာလွဲကြပါမူ ထိုအရှင်မြတ်သည် အသင်တို့၏နေရာတွင် (အလ္လာဟ်လမ်းတော်အတွက် အသင်တို့အစား) အခြားသောသူတို့ဖြင့် လဲလှယ်တော်မူမည်။ ထိုသူတို့မှာကား အသင်တို့နှင့် တူကြမည်မဟုတ်” (ကုရ်အာန် ၄၇း၃၈)
မဟာကရုဏာတော်ရှင်၏ ခွင့်လွှတ်မှုတံခါးဖွင့်ထားမှု
(သောဝ်ဘဟ်) အလ္လာဟ်အရှင်မြတ်သည် အလ္လာဟ်ကို လက်မခံ ငြင်းပယ်သူများ၊ အလ္လာဟ်ကို လက္ခံသော်လည်း အခြားအရာများနှင့် ရှရိက် တွဲဖက်ကိုးကွယ်သူများကို ပြင်းထန်စွာ ကြိုတင် သတိပေးထား၏။ ထို့အတူ အလ္လာဟ်ကို သက်ဝင်ယုံကြည်သော်လည်း အလ္လာဟ်လမ်းတော်အတွက် စေးနှဲသူများ၊ အလ္လာဟ်၏လမ်းညွှန်ကို မလိုက်နာသူ မုစ်လင်မ်တို့အားလည်း ၄င်းတို့အလ္လာဟ် လမ်းတော်အတွက် အလုပ်မလုပ်ပဲ အသုံးကျခြင်း မရှိက ၄င်းတို့နေရာတွင် ၄င်းတို့ထက်သာသော ၄င်းတို့ကဲ့သို့ မဟုတ်သော လူများဖြင့် အစားထိုးမည် စု သတိပေးထားသည်။ သို့သော် မဟာကရုဏာတော်ရှင် အလ္လာဟ်သည် မိမိ၏ခွင့်လွှတ်မှုတံခါးကို လူသားအားလုံးအတွက် ဖွင့်တော်မူထားသည်။
“စင်စစ် ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် မိမိကျွန်များ၏ ဝန်ချတောင်းပန်ခြင်းကို လက္ခံတော်မူ၏။ ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် အသင်တို့ ပြုသမျှကိုလည်း သိတော်မူ၏” (ကုရ်အာန် ၄၂း၂၅)
မည်သူမဆို မိမိ၏ မှားယွင်းချက်များကို မဟာကရုဏာတော်ရှင် အလ္လာဟ်ထံ တိုက်ရိုက် (သောဝ်ဘဟ်ပြု) အသနားခံတောင်းပန်နိုင်သည်။ မိမိ၏ အမှားကို နောင်တတရားဖြင့် စိတ်တွင်းမှဖြစ်စေ၊ ထုတ်ဖော်၍ ဖြစ်စေ အလ္လာဟ်ကို တိုင်တည်၍ ဝန်ချနိုင်သည်။ အလ္လာဟ်သည် အကြွင်းမဲ့ကြားတော်မူသော၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။ အလ္လာဟ်နှင့် ဖန်ဆင်းခံ လူသားအကြားတွင် မည်သည့်ရှေ့နေ၊ ကြားခံ လူတန်းစားမျှ မလိုချေ။ အလ္လာဟ်ကလည်း မည်သူ့ကိုမျှ ကြားဝင်ဆောင်ရွက်ရန် တာဝန်ပေးမထားချေ။
ထို့ကြောင့် လူသားတစ်ဦး၏ ပြစ်မှုအတွက် ပြစ်မှုကျူးလွန်သူ လူသားကသာ အလ္လာဟ်ထံ တောင်းပန်ရပေမည်။ အခြား လူတန်းစားတစ်ရပ်က ကြားဝင်တောင်းပန်ပေးခြင်း (သို့မဟုတ်) အလ္လာဟ်၏ ကိုယ်စား ခွင့်လွှတ်ခြင်းကို လုံးဝ ပြုပိုင်ခွင့် မရှိချေ။ သို့သော် အလ္လာဟ်၏ သတ်မှတ်ချက်မှာ ရည်ရွယ်ချက်နှင့် လုပ်ရပ်သည် ခွဲခြား၍မရ၊ ယုံကြည်မှုနှင့် ကျင့်စဉ်သည် ခွဲခြားထား၍ မရ၊ ထို့ကြောင့် နောင်တတရားရပြီး ပြုပြင်မှုမရှိက အဓိပ္ပာယ်မရှိချေ။

No comments:

Post a Comment