Tuesday, 7 August 2012

မုစ်လင်မ်တို့ အတွက် သင်ခန်းစာများ

မုစ်လင်မ်တို့ အတွက် သင်ခန်းစာများ အလ္လာဟ်သည် စကြဝဠာလောကခပ်သိမ်း၊ နေ၊ လ၊ နက္ခတ်တာရာ သက်ရှိသက်မဲ့ ခပ်သိမ်းတို့ကို တိကျမှန်ကန်သော ဖော်မြူလာများဖြင့် ဖန်ဆင်းထားတော်မူ၏။ ထို့အတူ လူသားတို့အတွက် နောက်ဆုံးလမ်းညွှန် ကုရ်အာန်ကျမ်းမြတ်ကိုလည်း လူသားတို့ နှစ်ဘဝလုံး ငြိမ်းချမ်းအောင်မြင်ရေးအတွက် တိကျမှန်ကန်သော မပြောင်းလဲသော ဖော်မြူလာ လမ်းညွှန်များဖြင့် ချပေးထား၏။ အလ္လာဟ်၏ လမ်းညွှန် ကုရ်အာန်အတိုင်း ဆောင်ရွက်က အောင်မြင်ပြီး လမ်းညွှန်မှုမှ သွေဖည်ကဆုံးရှုံးမည်၊ မုစ်လင်မ်တို့အားလည်း အလ္လာဟ်၏ လမ်းညွှန်အတိုင်း မကျင့်ကြံက အခြားသူများဖြင့် လူစားထိုးမည်ဟု ဆိုထားသည်။ (ကုရ်အာန် ၄၇း၃၈)
တမန်တော်မြတ် မုဟမ္မဒ်သခင်နှင့် ဆွဟာဘဟ်၊ ဆွဟာဘဟ်မများသည် မိမိတို့ထက် အဆမတန်ကြီးမားသော အဖျက်စွမ်းအင်တို့ကို ကုရ်အာန်၏ ဖော်မြူလာလမ်းညွှန်တို့အပေါ် တစ်သဝေမတိမ်း နာခံမှုကြောင့် အောင်မြင်ခဲ့ကြသည်။ ယနေ့ ကမ္ဘာသမိုင်းတွင် မုဟမ္မဒ်သခင်ကို အကြီးကျယ်ဆုံး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုကြရပေပြီ၊ လူသားတို့အား နှစ်ဘဝ အောင်မြင်မှုကို ပေးစွမ်းနိုင်ခဲ့သည်။ သို့သော် အဘာစီ ဘုရင်များ လက်ထက်ရောက်သောအခါ လောက၏အောင်မြင်မှုအောက်တွင် အလ္လာဟ်၏ လမ်းညွှန်ကို တဖြည်းဖြည်း သွေဖည်လာကြရာ နောက်ဆုံးတွင် ဂျင်ဂျစ်ခန်နှင့် ဟလကူခန်း (မွန်ဂို)တို့၏ လွှမ်းမိုးမှုသည် အလ္လာဟ်၏ အပြစ်ဒဏ်အဖြစ် ကျခဲ့၏။ ဟလကူခန်းသည် ဘဂ္ဂဒက်မြို့တော်သို့ဝင်၍ မုစ်လင်မ်တို့ကို သွေးချောင်းစီးအောင် အပြတ်ရှင်းခဲ့သည်။ ထိုအချိန်တွင် အလ္လာဟ်၏ လမ်းညွှန်ကို ပစ်ထားသော မုစ်လင်မ်တို့၏ ဗလီများအတွင်းမှ ဆုတောင်းမှုသည် အချီနှီးသာတည်း။ ထို့အတူ စပိန်တွင် မုစ်လင်မ်တို့ နှစ်ပေါင်း ၇၀၀ ကျော်မျှ အုပ်ချုပ်၍ ကမ္ဘာကို သိပ္ပံ၊ ဝိဇ္ဇာအမွေများပေးခဲ့ကြသည်။ ဥရောပသားတို့ မုစ်လင်မ်တက္ကသိုလ်များတွင် လာရောက်ပညာ ဆည်းပူးခဲ့ကြရသည်။ သို့သော် စပိန်ရှိ မုစ်လင်မ်တို့ အလ္လာဟ်လမ်းညွှန် ကုရ်အာန်မှ သွေဖည်လာသောအခါ အလ္လာဟ်၏ ပြစ်ဒဏ်သည် ဖာဒီနန်၏ တိုက်ခိုက်မှုအသွင်ဖြင့် ကျရောက်ခဲ့၏။ စပိန်မြေဝယ် မုစ်လင်မ်တစ်ဦးချင်း သွေးချောင်းစီးအောင် သတ်ခံခဲ့ကြရသည်။ ထိုအချိန်၌ (ဒုအာ) ဆုတောင်းမှုသည် အချီနှီးသာတည်း။ ထို့အတူ မဂိုအင်ပါယာကြီး (အိန္ဒိယ)သည်လည်း အလ္လာဟ်၏ လမ်းညွှန် ကုရ်အာန်ကို သွေဖည်မှုကြောင့် မိုင်(၇၀၀၀) ကျော်မျှဝေးသော ဗြိတိသျှနယ်ချဲ့၏ ကိုလိုနီဘဝ ရောက်ခဲ့ရပေသည်။
မုစ်လင်မ် မဟုတ်သူများ အဘယ်ကြောင့် အောင်မြင်နေရသနည်း
မုစ်လင်မ်တို့၏ အော်တိုမင်အင်ပါယာကြီး ပြိုကွဲပြီးနောက် အာရဗ်တို့၏ သီးခြား ဘုရင့်နိုင်ငံများ အသီးသီး ထူထောင်ခဲ့ကြ၍ အွမ္မသ် ညီညွတ်မှုမရှိကြတော့သောအခါ အလ္လာဟ်၏ ပြစ်ဒဏ်သည် သူတစ်ပါးတို့၏ ကျူးကျော်သိမ်းပိုက်မှုမဖြစ် ခံခဲ့ကြရလေသည်။ ယနေ့တိုင် နယ်မြေများစွာ ဆုံးရှုံးနေပေသည်။ ကမ္ဘာ့ မုစ်လင်မ်တို့၏ တတိယ အမြင့်မြတ်ဆုံး ဗလီဖြစ်သည့် မတ်စဂျီဒိအတ်ကဆွာမှာ သူတစ်ပါးတို့၏ သိမ်းပိုက်မှုအောက်ရောက်နေပေသည်။ စင်စစ် မုစ်လင်မ်တို့သည် ကုရ်အာန်ကျမ်းမြတ်၏ လမ်းညွှန်ကို တစ်စုတစ်စည်းတည်း ဆွဲကိုင်နာခံမှု မရှိခြင်း၏ အပြစ်သာ ဖြစ်သည်။ ဤသို့ဆိုလျှင် အလ္လာဟ်ကို လက်မခံသူတို့ အဘယ်ကြောင့်အောင်မြင်နေသနည်း။ အလ္လာဟ်သည် မဟာကရုဏာရှင် ဂုဏ်တော်နှင့်အညီ ဤလောက၌မည်သည့် လူသားကိုမဆို ကြိုးစားသလောက် ပေးမည်သာ ဖြစ်၏။
“မည်သူမဆို လောက၏ စည်းစိမ်ကိုအလိုရှိအံ့၊ ငါအရှင်မြတ်သည် ထိုသူအား ဤလောက၌ပင် ငါအရှင် အလိုရှိတော်မူသော အရာကို ငါအရှင် အလိုရှိတော်မူသောသူအား အဆောတလျှင် ပေးတော်မူ၏။ ထို့နောက် ထိုသူအဖို့ ဂျဟန္နမ် (ဒုက္ခ)ကို ပြုလုပ်ထားတော်မူ၏။ ထိုသူသည် ယင်း ဂျဟန္နမ် (ဒုက္ခအခြေအနေ)သို့ ပြစ်တင်ကဲ့ရဲ့ခြင်းခံရလျက် ဝင်ရောက်ရပေမည်။ သို့သော် မည်သူမဆို တမလွန်ဘဝကိုရည်စူး ခဲ့သော် ၄င်းပြင် ထိုသူသည် ထိုတမလွန်နှင့် လျော်ညီသော ကြိုးစားမှုကိုလည်း အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သော်၊ ထို့ပြင် မုအ်မင် သက်ဝင်ယုံကြည်သူလည်း ဖြစ်ခဲ့သော် ထိုကဲ့သို့သော သူ၏ ကြိုးစပမ်းမှုအား သဘောတူလက္ခံပြီး ဖြစ်ပေသည်။
“ထိုအရှင်မြတ်သည် ဤသူတို့ကိုလည်းကောင်း၊ ထိုသူတို့ကို လည်းကောင်း (၄င်းတို့) အသီးသီးတို့ကို အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ် (လောကီဆိုင်ရာ) ဆုလာဘ်ကျေးဇူးတော်မှ ကူညီစောင်မတော်မူ၏။ စင်စစ် အသင့်အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင်မြတ်၏ လောကီဆိုင်ရာ ဆုလာဘ်ကျေးဇူးတော်သည်ကား (မည်သူ့အပေါ်၌မျှ) ပိတ်ပင်ထားသည် မရှိချေ။ ငါအရှင်မြတ်သည် ၄င်းတို့အနက်အချို့ကို အချို့ထက် မည်သို့ထွက်မြတ်စေခဲ့သည်ကို အသင်ရှုပါလေ။ စင်စစ် တမလွန်သည် အဆင့်အတန်းအားဖြင့်၊ ထွက်မြတ်မှုအားဖြင့် အလွန်ကြီးကျယ်လှပေသတည်း” (ကုရ်အာန် ၁၇း၁၈-၂၁)

No comments:

Post a Comment