Thursday, 23 January 2014

တမန်တော့်စံနမူ

မဒီနာဟ်သို့ မပြောင်းရွှေ့မီမက္ကာဟ် မြို့၏ (၁၃)နှစ်တာကာလတွင် တမန် တော် မုဟမ္မဒ်နှင့် ဆွဟာဗာကြီးများ၏ ရပ်တည် နေထိုင်ပုံတွင် အယူမတူသူ အများစု နေထိုင်ရာ တိုင်းနိုင်ငံရှိ မွတ် စလင် လူအနည်းစုတို့အတွက် အရေးကြီး သောစံနမူနာများရှိ၏။ အုပ်ချုပ်သူတို့တွင် မွတ်စလင် တစ်ဦးမှမရှိ၊ နိုင်ငံရေး သြဇာ မဲ့နေသော လူနည်းစု မွတ်စလင်များအဖြစ် ဘာသာရေးလွတ်လပ်ခွင့်မရှိဘဲ အကြမ်း ဖက်မှုနည်းလမ်း ပေါင်းစုံ၏ ဒဏ်ကို ခါး စည်းခံခဲ့ရချိန်၌ တမန်တော်မြတ်၏တုံ့ပြန် ပုံမှာ ကျွန်ုပ်တို့ မျက်ခြေပြတ်မနေ သင့် သော၊ အဖိုးအနဂ္ဃ ထိုက်လှသော စံနမူနာ များပင် ဖြစ်သည်။
ခေါင်းဆောင်ကောင်း လိုအပ်သည်
ထိုကာလတွင် ကိုယ်တော်သည် မက္ကာဟ်မြို့၏ခေါင်းဆောင်ဖြစ်ရန် မကြိုး စားခဲ့။ နိုင်ငံရေး သြဇာရရှိရန် အာရုံ မထားခဲ့။ မိမိ၏ ဖြူစင်မှု၊ ရိုးသားမှု၊ သစ္စာသမာဓိရှိမှုစသည့်မွန်မြတ်သန့်စင်သော စာရိတ္တကို ပြ၍လည်းကောင်း၊ ပညာသား ပါ၍ လှပသော စွဲဆောင်မှုများအားဖြင့် အယူမတူသူများအား အစ္စလာမ့် သစ္စာ တရားအမှန်ကို သဘောပေါက်နားလည် စေရေးသာ ဦးတည်ချက်ထား ဆောင် ရွက်၏။ အစ္စလာမ့် အေးရိပ်ဆာယာ အောက်၌ ရောက်ရှိနေပြီးဖြစ်သော မွတ် စလင် တို့သည် ပြည့်ဝသော အီမာန်ရှင် မဟုတ်၊ အီမာန်မပြည့် အမလ်မရှိဟူ၍ မွတ်စလင် အချင်းချင်းအထင်သေး၊ အ မြင်သေး၊ နှိမ့်ချချိုးနှိမ် ရှုမြင်သုံးသပ်၍ ထို အီမာန်တို့ပြည့်ဝရေး၊ ဒိတ်ဒိတ်ကြဲ အီမာန် ရှင်များဖြစ်ရေး ပြုလုပ်ရမည်ဟူသော ဦးတည်ချက်မျိုး မတွေ့မြင်ရပေ။ အယူ မတူသူတို့၏ စိတ်နှလုံးဘ၀င် အေးမြ၍ အစ္စလာမ်အပေါ်အမြင်ကြည်လင်စေရေးသာရှေ့တိုး၍ ဆောင်ရွက်ခဲ့၏။ ကိုယ် တော်မြတ်၏ စည်းရုံးမှု နည်းဗျုဟာတွင် ပစ္စည်းမဲ့ လူတန်းစား၏ အားကို အဓိက ထားရယူခဲ့သည်။ အစ္စလာမ့်အေးရိပ် ဆာယာအောက် ခိုလှုံဝင်လာကြသူတို့၏ လူမှုရေး အဆင့်အတန်း အဘယ်မျှပင် ရှိ နေစေကာမူ ခေါင်းဆောင်ဖြစ်သော မိမိ၏ ပုဂ္ဂိုလ်ရေး သန့်စင်မှုကို အဓိက ပြယုဂ် ထားရှိပြီး ဗျူဟာမြောက်သော မိမိ၏ ဆက်ဆံရေးနည်းလမ်းဖြင့် အင်အားကို တိုးချဲ့ခဲ့၏။
အယူမတူသူ ဆွေမျိုးသားချင်းနှင့် ဆက်ဆံရေးကောင်းဖို့လိုသည်
ကိုယ်တော်မြတ်ကြီးသည် မိမိ၏ အယူမတူသူ ဆွေမျိုးသားချင်းနှင့် ဆက် ဆံရေးကောင်းဖို့လိုသည်။ ဆွေမျိုးများနှင့် အဆက်အသွယ် မဖြတ်တောက်ဘဲ မှန် မှန် အလည်အပတ်သွား၏။ အယူ မတူသူ တို့၏ သာရေး၊ နာရေးအားလုံးကို သွား ရောက်၍ ၎င်းတို့၏ပျော်ရွှင်မှု ၀မ်းနည်းမှု များကိုမျှဝေခံစား၏။ အားလုံးနှင့် ရင်းရင်း နှီးနှီး နေထိုင်ပြီး ကိစ္စရပ်အ၀၀ကို နှီးနှော တိုင်ပင်ဆွေးနွေး၏။ ခင်မင် ရင်းနှီး မှုရရှိ ပြီးနောက်မှ အစ္စလာမ်သဘော တရား များကို အခါအခွင့် သင့်လျှင်သင့် သလို ရှင်းပြဆွေးနွေး၏။ သို့သော် အငြင်းပွား ခြင်းကိုရှောင်ကြဉ်၏။ အရဗ်တို့တွင်မိမိတို့ မျိုးနွယ်လိုက် လူမျိုးစုအလိုက်မျိုးနွယ် ၀င်၊ လူမျိုးစုဝင်တို့အား အကာအကွယ် ပေးရသည့် ဓလေ့ရှိ၏။ ၎င်းဓလေ့အရ မျိုး နွယ်ဝင် အများစုသည် ဘာသာ ခြားဖြစ် သော်လည်း မိမိတို့မျိုးနွယ်၏ အကာ အကွယ်ကို ဆွဟာဗာများသည် အရယူခဲ့ ကြ၏။ တမန်တော် မုဟမ္မဒ်(ဆွ)ကိုယ် တော်တိုင်ပင် အဗူသွာလစ်ဗ်၏ အကာ အကွယ်ကိုရယူခဲ့ပြီး အဗူသွာလစ်ဗ် ကွယ် လွန်သွားသောအခါ အဗ္ဗဒုလ်မနဖ်၊ ဗနူ နောင်ဖလ်တို့၏ အကူအညီနှင့် အကာ အကွယ်ကို ရယူခဲ့သည်။ အရေးကြုံလျှင် အကာအကွယ် ပေးနိုင် သူ၊ အကူအညီ အထောက်အပံ့ ရနိုင်သူတို့ကို ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်သည်။
မက္ကာဟ်မြို့ တွင် ကိုယ်တော်၏ အသက်မွေး ၀မ်း ကျောင်းမှုသည် ကုန်စည်ကူးသန်းရောင်း ၀ယ်မှု ဖြစ်သည်။ ကုန်သည်တစ်ဦးအဖြစ် မွတ်စလင်မဟုတ်သူများနှင့် စီးပွားချင်းထိ တွေ့ဆက်ဆံတော်မူခဲ့၏။ စီးပွားရေးအရ ၎င်းတို့နှင့်ရင်းနှီးကျွမ်းဝင်မှုထားရှိ၏။ မိမိ နှင့် မိမိ နောက်လိုက်တို့၏ လက်ဝယ်ရှိနေ သော အစေခံတို့ကို လူမျိုး၊ ဘာသာ၊ အသွေး အရောင် မခွဲခြားဘဲ ကောင်းစွာ ဆက်ဆံကြရန်၊ ၎င်းတို့အား သူကောင်းပြု ရန် လမ်းညွှန်၏။ အစေခံ အစေအပါးတို့ နှင့် မူကာသဗာ ခေါ် စီးပွား ရေး ဘက်တူပြု၍ မိမိ လက်အောက်ခံ အစေအပါးတို့ စီးပွားရေးလုပ်တတ်အောင် သင်ကြားပေးရန် လမ်းညွှန်၏။ မျိုးနွယ်စု ခေါင်းဆောင်ပိုင်းက အစ္စလာမ် အေးရိပ် ဆာယာအောက် ခိုဝင်လာသည့် အခါတွင် လည်း အခြားသော အယူကွဲမတူသူ မျိုး နွယ် ၀င်များနှင့် မူလအတိုင်းဆက်လက်၍ လက်တွဲ ဆောင်ရွက်စေခဲ့သည်။ ရပ်ကျိုး ရွာအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက် စေခဲ့သည်။
မွတ်စလင်တို့အပေါ် ညှင်းပမ်း နှိပ် စက်မှုများ တစ်စထက်တစ်ဆ ပိုမို ဆိုးရွား လာသောအခါ၌ ရှိသမျှအင်အားဖြင့် သေ သေကြေကြေ တိုက်မည်ဟူ၍ ရန်ကို ရန် ဖြင့် တုံ့ပြန့်သည့် နည်းလမ်းကို မသုံးဘဲ ခရစ်ယာန်တိုင်းပြည်တစ်ပြည်ဖြစ်သော အဘီစီးနီးယား၌ ဒုက္ခသည် အဖြစ်ခိုလှုံ စေခဲ့သည်။ မောင်လာ အလီသခင်၏ အကိုဖြစ်သူ၊ မဟာတမန်တော်မြတ်ကြီး (ဆွ)နှင့်တစ်ဝမ်းကွဲညီအစ်ကိုတော်စပ်သူ ဂျအ်ဖရ်ဗင်အဗီတွာလစ်ဗ်ခေါင်းဆောင်သော အဆိုပါဒုက္ခသည် (Refugee)များ သည် အဘီစီးနီးယားဒေသခံတို့၏ ဒေသ ဆိုင်ရာဓလေ့ထုံးစံများအတိုင်း အယူမတူ ညီသူများအလယ်၌ ရောထွေးနေထိုင်ခဲ့ပြီး ဒေသခံတို့၏ ယဉ်ကျေးမှုကို အထူး လေး စားခဲ့သည်။ ထို့ကြောင့် ထိုဒေသတွင် နွေးထွေးစွာကြိုဆို ဧည့်ခံမှုကို ရရှိပြီး ငြိမ်း အေးစွာ နေထိုင်နိုင်ခဲ့၏။ မဟာတမန် တော်မြတ်ကြီး(ဆွ)သည် မဒီနာဟ်မြို့သို့ ပြောင်းရွှေ့ပြီးနောက်တွင် အချို့သည် ထို ဒေသကို မစွန့်ခွာနိုင်တော့ပဲ ထိုဒေသ၌ အပြီးအပိုင်နေထိုင်လိုက်ကြတော့သည်လည်းရှိ၏။
မက္ကာဟ်တွင် ဆက်လက် နေထိုင် ၍ မရတော့လောက်အောင်မိမိ၏အသက် အန္တရာယ်ကို ရန်ပြုသည်အထိ ဖိအားပေး ခံရသည့်အခါ ကိုယ်တော်သည် မဒီနာဟ် မြို့သို့ ဟစ်ဂျရသ်ပြုရွှေ့ပြောင်းသွားတော် မူခဲ့ရ၏။ ထိုကာလတွင် ယုံကြည်မှု ခိုင်မြဲ စွာရှိသော်လည်း မဒီနာဟ်မြို့သို့ မလိုက် ပါပဲ ကျန်ရစ်သူမွတ်စလင် များရှိခဲ့ပြီး မိမိ တို့ မျိုးနွယ်စုနှင့် မိမိတို့ အဆွေအမျိုးတို့၏ အကာအကွယ်အောက်တွင် နေထိုင်ခဲ့ကြ သည်။ မက္ကာဟ်မြို့၏အထင်ကရ ကုန် သည်ကြီးတစ်ဦးဖြစ်သော အဗ္ဗဒုရ် ရဟ် မာန်း ဗင်အောင်ဖ် (ရသွိ)သည် အီမာန် ယူပြီး မဒီနာဟ်သို့ ပြောင်းရွှေ့မည့်အချိန် တွင် မိမိနှင့် အလွန် ရင်းနှီးကျွမ်းဝင်ခဲ့သော မက္ကာမြို့သူဌေးကြီး လက်မရွံ့လူသတ် သမား အိုမိုင်ယာ အိဗ်နုခလားဖ်နှင့် သဘောတူစာချုပ်တစ်ခုကို ရေးသားချုပ် ဆိုခဲ့ကြသည်။ ထိုစာချုပ်တွင် မက္ကာဟ် မြို့တွင် ကျန်ရစ်ခဲ့သော အဗ္ဗဒုရ်ရဟ်မာန်း ဗင် အောင်းဖ်၏ ဆွေမျိုး ညာတကာတို့၏ အသက်အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုအ၀၀ကို အိုမိုင်ယာမှ တာဝန်ယူရန် နှင့်မဒီနာဟ် ရှိ အိုမိုင်ယာ၏ ဆွေမျိုးသား ချင်းတို့၏ အသက်အိုးအိမ် စည်းစိမ်ကို အဗ္ဗဒုရ် ရဟ်မာန်ဗင်အောင်းဖ် မှ တာဝန်ယူရန်ဖြစ် သည်။ ကိုယ်တော်မြတ်သည် ၎င်းစာချုပ် ကို သိတော်မူပြီး နောက် အသိအမှတ်ပြု ပေးခဲ့၏။
အများ၏ ယဉ်ကျေးမှုဓလေ့ ထုံး တမ်းကို လေးစားပါ
ကိုယ်တော်မြတ်သည် မက္ကာဟ်မြို့ တွင် ဒေသဆိုင်ရာ ဓလေ့ထုံးတမ်း၊ အစဉ် အလာများကို ဆန့်ကျင်ဘက် မလုပ်ခဲ့ သလို ကိုယ်တော်မြတ်နှင့် ဆွဟာဗာကြီး များ၏ စားဝတ်နေထိုင်မှုတွင် မက္ကာဟ်မြို့ ၏ ယဉ်ကျေးမှုနှင့်ဆန့်ကျင်ဘက်တစ်ခုမျှမရှိခဲ့ပေ။ မက္ကာဟ်မြို့သားများက မိမိတို့ နှင့်မတူပါဟု လက်ညှိုးထိုးပြစရာ တစ်စုံ တစ်ခုမျှ မမြင်သာပေ။ အလ္လာဟ်အရှင် မြတ်၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် သရွေ့သင့်တင့်လျောက် ပတ်သည်ဟု မြင်သာသရွေ့ ဓလေ့ထုံးစံ နှင့် ယဉ်ကျေး မှုတို့ကို လိုက်နာစမြဲဖြစ်၏။ မဒီနာဟ်မြို့သို့ရောက်ရှိသော အခါတွင်လည်း မိမိတို့ မက္ကာဟ်မြို့၏ ဓလေ့၌မရှိ သဖြင့်ဟုဆိုကာ မဒီနာဟ်မြို့ သားတို့၏ဓလေ့ကို မဆန့်ကျင်ရုံမျှမက မိုဟာဂျီရ်တို့အား မဒီနာဟ်၏ဓလေ့ကို လိုက်နာကြရန်ပင် လမ်းညွှန်သွန်သင် ပြသပေးတော်မူ၏။ မျိုးနွယ်စုများ အကြား ၌ရှိသော အစဉ် အလာအားဖြင့် သဘောတူညီချက်တို့ကိုလည်းဆက်လက်အသိအမှတ်ပြု လက်ခံ ပေးတော်မူခဲ့၏။ ကအ် ဘာ ကျောင်းတော်ကို ၀တ်လစ်စလစ်ဖြင့် တွဝါးဖ်ပြုလုပ်ခြင်း ဟူသည့် ဓလေ့ထုံးစံ သည် အရှက်ကင်းမဲ့သည့်လုပ်ရပ်ဖြစ်သ ဖြင့် ကိုယ်တော်သည် ၎င်းတို့နှင့်အတူ ဟဂ်ျမပြုလုပ်ခဲ့သော် လည်း မဒီနာဟ်မြို့ သို့ ကိုယ်တော်ပြောင်း ကြွသွားတော်မူပြီး နောက် (၈)နှစ်လုံးလုံး ဟာဂ်ျကာလ၌ ကအ်ဘာသို့ ဟဒီ၊ ဗုဒွန် (ကုရ်ဘာနီ လုပ်ရန် ကုလားအုတ်များ) ပို့ပေးတော်မူခဲ့ သည်။ မက္ကာဟ်မြို့တွင် မက္ကာဟ်သားတို့ ၏ကစ်စ၀သုလ် ကအ်ဘာ (ကအ်ဘာ၏ ဂိလားဖ်လဲလှယ်ပွဲ)တွင် ပါဝင်တော်မူခဲ့ပြီး ထိုနေ့ (မုဟရ်ရမ်လ ဆယ်ရက်နေ့)တွင် အများနည်းတူ ဆွီယာမ် စောင့်တော်မူခဲ့ သည်။ အလ္လာဟ်အမိန့်နှင့် ဆန့်ကျင် သော၊ အရှက်ကင်းမဲ့သောဓလေ့ ထုံးစံ များ၊ ယဉ်ကျေးမှုများကို ကိုယ်တော်မြတ်လက်ခံကျင့်သုံးခြင်းမပြုခဲ့ပဲ လွဲမှားသော ဓလေ့များကို ပြန်လည် တည့်မတ်ပေး၏။ သန့်စင်သော၊ ကောင်းမြတ်သော နဂို မူလဓလေ့ထုံးတမ်းအမှန်၊ ယဉ်ကျေးမှု အစစ်အမှန်ကို လက်တွေ့ပြန်လည်ကျင့်သုံးခြင်းဖြင့် လွဲမှားသော ဓလေ့များကို (အပြီးအပိုင်စွန့်ပယ်ခြင်းလည်း မဟုတ်၊ မမှန်သည်ကို အားနာပါးနာဖြင့် လိုက် လျောခြင်းလည်းမရှိဘဲ)အလယ် အလတ် လမ်းစဉ်ကို ပုံဖော်ခဲ့၏။
တရားဥပဒေ စိုးမိုးမှု ရှိဖို့လိုသည်
မဟာတမန်တော်မြတ်သည် အာ ရဗ်တို့၌ရှိနေပြီးဖြစ်သည့် Tribal Social Security System မျိုးနွယ်စုအလိုက်လူမှုကာကွယ်ရေးစနစ် ကို မြှင့်တင်ပေးခဲ့ပြီး မိမိကိုယ်တိုင်တသဝေမတိမ်းလိုက်နာခဲ့၏။ မိမိနှင့် သဘောတူညီထားသည့် မျိုးနွယ်စုနှင့်ဆန့်ကျင်ရမည့်ကိစ္စတွင် မွတ်စလင် တစ်ဦးကိုပင်လျှင် သာသနာရေးရာ အကူ အညီကိုပင် မပေးခဲ့ပေ။ (ကြည့် ကုရ်အာန် ၈း ၇၂)
မျိုးနွယ်စုအကြား သဘောတူညီ ချက်ကို အထူးလေးစားလိုက်နာ၏။ အယူ မတူညီသူ၊ ကွဲပြားသော လူမျိုးများအကြား ၌ ပဋိပက္ခကင်းရှင်းစွာအတူ ယှဉ်တွဲနေ ထိုင် နိုင်ရေးမှာ ထိုလူမျိုးများ၏ ဘုံ သဘော တူညီချက်၊ နှစ်ဦးနှစ်ဖက်စလုံး အနေဖြင့် ဦးလည်မသုန်လိုက်နာရမည့် ကတိက၀တ်ရှိရန် လိုအပ်ကြောင်း ကိုယ် တော်မြတ်၏ စံနမူနာ၌ တွေ့မြင်နိုင်၏။ ထိုခေတ်အခါက ကတိက၀တ်ဆိုသည်မှာ ယနေ့ခေတ်တွင် အခြေခံဥပဒေနှင့်နိုင်ငံ၏ ဥပဒေဖြစ်၏။ လူနည်းစုမွတ်စလင်များ အနေဖြင့် မတရားနှိပ်စက်မှုများ ခံရလျှင် အခြားဖြေရှင်းရမည့် နည်းလမ်းများ လုံးဝ ကင်းမဲ့နေသော အချိန်၊ အကာအကွယ်မဲ့ နေသော အခြေ အနေတွင် မိမိကိုယ်ကို ကာကွယ်ခွင့်၊ ရင်ဆိုင်ခွင့်ရှိ၏။ ဥပဒေ ဘောင်အတွင်း နေထိုင်ရန်နှင့် ဥပဒေကို လေးစားလိုက်နာရန်၊ ဥပဒေ၏ အကာ အကွယ် ရယူရန်မှာ တမန်တော်မြတ်၏ စွန္နသ် အဖြစ် လက်ခံ ရန်အရေးကြီး၏။
စုပေါင်းကော်မတီဖြင့် အခက်အခဲ ဖြေရှင်းပါ
ပဋိပက္ခတစ်ခုခု ပေါ်ပေါက်လာ တိုင်း မိမိ နှင့်အယူတူသူ၊ မတူသူအားလုံး ညှိနှိုင်း၍ စုပေါင်းကော်မတီဖြင့် ဖြေရှင်း ခြင်းသည် မဟာတမန်တော်မြတ်၏စွန္နသ် တော်ဖြစ်၏။ ၎င်းကို ဟစ်လ်ဖုလ် ဖိုဒွူးလ် ဟုခေါ်၏။ မဟာတမန်တော်မြတ် မိန့် တော်မူခဲ့သည်မှာ အဗ္ဗဒုလ္လာဟ်ဗင် ဂျအ် ဒါန်၏ အိမ်တွင် စာချုပ်ချုပ်ဆိုစဉ် ငါလည်း ပါဝင်ခဲ့၏။ ယနေ့အခါ ထိုအစည်း အဝေးမျိုး အယူမတူတို့က ငါ့အား ဖိတ် ကြားသော် ထိုအစည်းအဝေးကို ငါလက်ခံ ဦးမည်။ (ဗိုင်ဟကီ၊ ဟဒီးဆ် အမှတ်-၁၂၈၅၉) ဤဟဒီးဆ်ပါအကြောင်း အရာ မှာ ဤသို့ ဖြစ်၏။ ယီမင်မှလာသော ဇုဗိုင်ဒီမျိုးနွယ် ၀င်ကုန်သည် တစ်ဦးသည် မက္ကာဟ်မြို့တွင် ဂုဏ်သရေကြီးသည့် စဟမ်မျိုးနွယ် ၀င်အလ် အားစ်ွဗင်ဝါအီလ် အား ကုန်ပစ္စည်းများကို အကြွေးဖြင့် ရောင်း၏။ အလ်အားစ်ွသည် ၎င်းကုန်အား အခြားသူ တစ်ဦးအား လက်လွှဲ ရောင်းလိုက်ပြီး နောက် ယီမင်သားအား မူလသဘောတူ ထားသော ကုန်ဖိုးငွေကို မပေးဘဲ ငြင်းဆန်၏။ ယီမင်သားအဖို့ မက္ကာဟ်မြို့၌ အသိအကျွမ်းမရှိ၊ မိမိအနိုင် ကျင့်၍ရမည် ဆိုသည့် သဘောပင်ဖြစ် သည်။ ယီမင်သားသည် လူများကို လှည့် လည်အကူ အညီတောင်းခံသော်လည်း ကူညီမည့် သူမရှိပေ။ ထို့ကြောင့် နောက် တစ်နေ့ နံနက်တွင် တောင်တစ်လုံးပေါ် တက်၍ မိမိ၏ဒုက္ခကို အော်ဟစ်နေတော့ သည်။ ထို သတင်းကိုကြားသော ဇုဗိုင်းဒ် ဗင် အဗ္ဗဒုလ် မုသွာလိဗ်သည် မျိုးနွယ်စု ခေါင်းဆောင် များအား ကအ်ဘာကျောင်း တော်သို့ ဖိတ်ခေါ်၍ ထိုကိစ္စကို ဖြေရှင်း ပေးရန် အစည်း အဝေးပြုလုပ်၏။
ဆီးရီးယား၊ အဘီစီးနီးယား တိုင်း ပြည်များတွင်မတရား အပြုခံရသူ၊ မတ ရား အသတ်ခံရသူတို့ ဘက်မှ ကူညီပေး သည့် အဖွဲ့အစည်းများရှိပြီး မိမိတို့ မက္ကာဟ်မြို့တွင် ထိုအဖွဲ့အစည်း မရှိခြင်း ကို ထောက်ပြ၏။ ထို့နောက်ပိုင်းတွင် အဗ္ဗ ဒုလ္လာဟ်ဗင် ဂျအ်ဒါန်၏ အိမ်တွင်မျိုးနွယ်စု ခေါင်းဆောင်များ၏ သဘောတူညီ ချက် ဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းရန်အားလုံး ကို ဖိတ်ခေါ်လိုက်၏။ ထိုအစည်း အဝေး သို့ တမန်တော်မုဟမ္မဒ် သခင်နှင့် အဗူ ဗကရ်သခင် တို့လည်း တက်ရောက်ခဲ့၏။ ဗနူဟာရှင်၊ ဗနူဇုဟ်ရာ၊ ဗနူသိုင်မ် ဗင်မုရ်ရဟ်တို့က လက်မှတ်ထိုးပြီး ဗနူ နောင်ဖလ်နှင့် ဗနူအိုမိုင်ယာတို့က လက် မှတ်မထိုးကြပေ။ စာချုပ်ပါအဓိကအချက် အလက်များမှာ တရားမျှတမှုဘက်မှ ရပ် တည်သွားကြမည်။ မတရားမှုများ၊ ပဋိ ပက္ခများတွင် ပူးပေါင်းဖြေရှင်းကြမည် ဟူ၍ဖြစ်သည်။ ထိုအစည်းအဝေးပင်ယီမင် သား၏ အခက်အခဲဒုက္ခကို ကူညီဖြေရှင်း ပေးနိုင်ခဲ့သည်။ (အိဗ်နု ကစီရ်- အလ်ဗီ ဒါယာဝမ်းန်နိဟားယာကျမ်း)
တမန်တော်မုဟမ္မဒ်(ဆွ)သည် ဘာသာရေး အယူမတူညီသူများနှင့် ပူး ပေါင်း၍ တရားမျှတမှုဖော်ဆောင်ရေး၊ ပဋိ ပက္ခဖြေရှင်းရေးကိစ္စများတွင် ပါဝင်ခဲ့ခြင်း ပင်ဖြစ်ပါသည်။ မိမိတို့ ရပ်ရွာဒေသတွင် မည်သည့်လူမျိုး၊ မည်သည့်ဘာသာ၊ မည် သည့်အသွေးအရောင်၊ မည်သည့် နိုင်ငံ သားဖြစ်စေ၊ ဒုက္ခရောက်သော သူတို့ အား ကူညီဖြေရှင်းပေးရန် အတွက် ဘာ သာ အယူဝါဒမတူညီသော်လည်း ပူး ပေါင်းဆောင်ရွက်မှုပင်ဖြစ်သည်။ ဖုဒွူးလ် ဆိုသည်မှာ ဂုဏ်သရေရှိ လူကြီး များကို ခေါ်ဆို၏။ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံမှ ဂုဏ်သရေရှိလူကြီးများကို ဖုဒွူးလ် ဟုခေါ်၏။ လူနည်းစုမွတ်စလင် တို့သည် မက္ကာဟ်မြို့၌ မဟာတမန်တော် မြတ်၏ ဘ၀တည်ဆောက်မှုမှ အလွန်သ ဘာဝကျသောစွန္နသ်ဓလေ့များကို လက်တွေ့အကောင်အထည်ဖော်မည်ဆိုလျှင် ရပ်ရွာအကျိုးသယ်ပိုးသူ၊ တိုင်းပြည် နှင့်လူမျိုး၏ တာဝန်ကျေပြွန်သူများ အမှန် ဖြစ်ကြပေမည်။ မဒီနာဟ်မြို့ပြ အစ္စလာမ့် လူ့အဖွဲ့အစည်း၏ စံပြရှရီအသ်စံနှုန်း များဖြင့် တိုင်းတာ၍ ဟိုဟာက ဗစ်ဒ်အသ်၊ ဒီဟာက ရှရိက်စသည့် ပုဒ်ထီးပုဒ်မ များတပ်၍ အချင်းချင်းစွပ်စွဲမနေသင့်တော့ ပေ။ ဟမ်းကို ၊တွမ်းကို လုပ်ရမည့် အချိန် မဟုတ်တော့ပေ။ အယူမတူညီသူ အများ စုကြား၌ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် မက္ကာဟ်မြို့၌ မဟာတမန်တော်မြတ်လက်တွေ့ဘ၀ သရုပ်ဖော်ပြခဲ့သည့် စံနမူနာများနှင့် အညီမိမိတို့ဒေသနှင့်သင့်လျော်သည့် နည်း လမ်းကောင်းများကို ၀ိုင်းဝန်းအဖြေရှာ ကြံဆကြရမည့်အချိန်ရောက်ရှိပေပြီ။
ဒေါက်တာ ဆောင်းလွင်အောင်

Sunday, 15 December 2013

ပြောင်းလဲသော လူ့အဖွဲ့အစည်းနှင့် ထိပ်တိုက်တွေ့ရသော ယဉ်ကျေးမှုများ။
ဒေါက်တာဆောင်းလွင်အောင် မနုဿဗေဒသမိုင်းစာမျက်နှာများ ပေါ်တွင်မဟာတမန်တော်မြတ်မုဟမ္မဒ် (ဆွ) သခင်၏ ခေတ်အခါရှိ လူ့အဖွဲ့ အစည်းက horticultural and pastoral society (ဥယျာသ်ခြံ စိုက်ပျိုးသူ၊သိုး၊ ဆိတ်၊ ကုလားအုတ်စသည့် တိရိစ္ဆာန် မွေးမြူသူတို့၏ လူ့အဖွဲ့ အစည်း/သိုးအုပ်၊ ဆိတ်အုပ်တို့နှင့်အတူ လှည့်လည် နေ ထိုင်သည့် လူ့အဖွဲ့အစည်း)ဟု ကင်ပွန်း တပ်ကြသည်။ ၎င်း လူ့အဖွဲ့အစည်းသည် လူမှုယဉ်ကျေးမှုရေးရာဆင့်ကဲဖြစ်စဉ် sociocultural evolution သဘောအရ hunting and gathering society(သစ်ဥ သစ်ဖု ရှာဖွေသူတို့၏ လူ့အဖွဲ့အစည်း)အဖြစ်မှ တဆင့်တိုးတက်ပြောင်းလဲလာ သော ဒုတိယမြောက်လူ့အဖွဲ့အစည်းပုံစံဖြစ်သည်။ မဟာတမန်တော်မြတ်ကြီးလွန်လေပြီးနောက်ပိုင်း နှစ်ပေါင်းတစ်ထောင် ထိကာလသည် တတိယမြောက်လူ့အဖွဲ့ အစည်းပုံစံဖြစ်သည်။ ပဒေသရာဇ်တို့၏ ခေတ်တွင် လယ်ယာစိုက်ပျိုးရးကို အဓိ က လုပ်ကိုင်ကြသောကြောင့် စိုက်ပျိုးရေး လူ့အဖွဲ့အစည်း agriarian society ဟု ခေါ်ဆိုကြ၏။ (၁၉)ရာစုနှင့် (၂၀)ရာစုနှစ်ကာလ များမှာမူ စက်မှုလုပ်ငန်းများအရှိန်အဟုန်နှင့်တိုးတက်လာခဲ့ပြီး ကမ္ဘာ့လူ့အဖွဲ့ အ စည်း၏ လူမှုစီပွားရေးမှာလည်း ရုတ်တ ရက်တစ်ဆစ်ချိုး အပြောင်းလဲကြီးပြောင်းလဲလာခဲ့သည်။ စိုက်ပျိုးရေးခေတ်လွန်၍ စက်မှုခတ် industrial society ဖြစ်လာ သည်။ ယနေ့နှစ်ဆယ့် တစ်ရာစုတွင်မူ အိုင်တီသတင်း အချက်အလက်နည်း ပညာတိုးတက်ဖွံ့ဖြိုးလာပြီး စက်မှုလွန် လူ့အဖွဲ့အစည်း post industrial society အဖြစ်ပြောင်းလဲလာနေပြီဖြစ်ပါသည်။ လူ့အဖွဲ့အစည်းတို့သည် တစ်ဆင့် ပြီးတစ်ဆင့်၊ လှိုင်းတစ်ခုပြီးတစ်ခု တိုးတက် ပြောင်းလဲလာခဲ့သည်။ လူ့အဖွဲ့အစည်း အသစ်ပေါ်လာတိုင်း ထိုလူ့အဖွဲ့အစည်း သည် အတိတ်အစဉ်အလာ နှောင်ကြိုး များ ကင်းပြတ်ကာ အစွဲအလမ်း ဟောင်း များ လျော့ပါးမှေးမိန်သွားခဲ့ကြ စမြဲဖြစ် သည်။ ထိုလူ့အဖွဲ့အစည်း၏ ယဉ်ကျေး မှုအရည်အသွေးတို့သည်လည်း ပြောင်း လဲလာစမြဲသာဖြစ်သည်။ အသစ် ဖြစ်ပေါ် လာသည့် ခေတ်စနစ်၊ လူ့အဖွဲ့ အစည်း၊ လူနေမှုပုံစံနှင့် လျော်ညီသည့် ဓလေ့ အသစ်များ၊ ယဉ်ကျေးမှုအဆင်အပြင်များ ကို လူတို့က တီထွင်ဖန်တီးလာကြသည်။ လူ့အဖွဲ့အစည်းများ၏ အဆင့်ဆင့်ပြောင်း လဲမှုတွင် လူတို့၏ တီထွင်ကြံဆနိုင်စွမ်း၊ နည်းပညာအသစ်များကို ရှာဖွေနိုင်စွမ်း နှင့် အစဉ်အလာများမှ ရုန်းထွက်၍ စနစ် သစ်ကို လိုလားသောလူတို့၏ ကျိုး ကြောင်း ဆင်ခြင်နိုင်စွမ်းတို့သည် အဓိက ကျလှသည်။
ခေတ်စနစ်တို့ပြောင်းလဲ ဖြစ်ပေါ် လာသည်နှင့်အမျှ ဘာသာရေး လောက တွင် ဘာသာဝင်လူငယ်တို့ အကြား စိန် ခေါ်မှုအသစ်များ ကြုံတွေ့ လာနေစမြဲဖြစ် သည်။ ခရစ်ယာန် လောကတွင် ကက် သလစ်ဟူသော အစဉ်အလာစွဲ လူ့အဖွဲ့ အစည်းနှင့် ပရိုတက်စတင့်ဟူသော စဉ်း စား ဆင်ခြင်မှု အားပြု လူ့အဖွဲ့အစည်း ဟူ၍ နှစ်မျိုးကွဲပြားသွားခဲ့သည်။ ခေတ် သစ်ကမ္ဘာနှင့် ခေတ်သစ် အသုံးအဆောင် များအပေါ် ဘာသာရေး အမြင်အရ အပျက်ရှုကာ ပိတ်ပင်မည်လော၊ အ ကောင်းမြင်၍ အသုံးချမည် လောရွေး ချယ်ရမည့် လမ်းခွဆုံသို့ရောက် ရှိလာခဲ့ သည်။ ဆက်သွယ်ရေး နည်းပညာခေတ် ဟု ဆိုအပ်သော ယနေ့ခေတ်အခါတွင် ကမ္ဘာပေါ်၌ တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုမှု အများဆုံး နေရာဖြစ်သည့် အမေရိကတိုက်မှာပင် လျှပ်စစ်မီး၊ မော် တော်ကား၊ တယ်လီဖုန်းများကို အသုံး မပြုအပ်ဟု ယုံကြည်၍ အထူးရှောင်ကြဉ် ကြသော အေးမစ်ရှ်(ခေါ်) ရှေးရိုးစွဲ ခရစ် ယာန်ဝါဒီ မျိုးနွယ်စုများရှိနေဆဲဖြစ်သည်။ အာဖရိကတိုက် အနောက်ပိုင်းမှ မာလီ နိုင်ငံရှိ တွာရက် Tuareg ဟူသောလူမျိုး များသည် (တမန် တော်မြတ်လက်ထက်မှ ဗဒူအင်များကဲ့သို့) ဆိတ်အုပ်၊ သိုးအုပ် များနှင့်အတူ ရေကြည်ရာ မြက်နုရာ လှည့်လည်ပြောင်းရွှေ့ သွားလာနေကြဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အခြား မည်သည့်လူမျိုးနှင့်မှ ဆက်ဆံခြင်းမပြု သော မနုမနော၊ ဗရဲ့ စသည့် လူမျိုးများ သည် ကယား၊ ကရင် နယ်စပ်ဒေသတို့၌ ရှိနေသေးသည်။ အစဉ်အလာTraditional အားပြု လူ့အဖွဲ့အစည်းတွင် တိုးတက်ပြောင်းလဲ မှုနည်းပါး၏။ လူ့အဖွဲ့အစည်းဝင် တို့၏ ပြင်ပပုံစံ၊ စားဝတ်နေရေး၊ နေထိုင်မှု ဟန် ပန် Life Style တူညီမှုအပေါ် အလွန် အမင်း အာရုံပြု၏။ လူ့အဖွဲ့အစည်း တွင်း ရှိ လူတို့၏ စုပေါင်းအသိစိတ် collective conscience အလွန်ကြီးမား အားကောင်း ကြပြီး အစဉ်အလာ နေထိုင် မှုပုံသဏ္ဌာန် ကို ဖျောက်ဖျက်သော မည်သည့် ပုဂ္ဂိုလ် ကိုမဆို စက်မှုခေတ် မတိုင်မီအလယ် ခေတ်ကာလများတွင် အပြစ်ပေး ထိန်း ကွပ်မှုများ ပြုလုပ်လေ့ရှိခဲ့ကြသည်။ ကယားပြည်နည်ရှိ ပဒေါင်လူမျိုးများ၏ လည်ပင်း၌ ကြေးကွင်းများစွပ်ထားရခြင်းအကြောင်းကို ထိုလူမျိုးတို့ကိုယ်၌က မိမိ တို့သည် နဂါးမျိုးနွယ်မှ ဆင်းသက်လာ သောကြောင့် ဟု အဖြေပေး၏။ သို့သော် လက်ငင်းအကျိုးအားဖြင့် ငယ်ရွယ်စဉ်မှ စတင်၍ ထိုသို့ လည်ကွင်းများတပ်ထား ခြင်းကြောင့် အမျိုးသမီးတို့သည် မျက်နှာ သွင်ပြင်အားလုံး တူဆင်သွားကြပြီး ရုပ် ရည်ကွဲပြားမှုမရှိ သလောက်ဖြစ်သွား၏။ ပြင်ပ ရုပ်ရည်တူဆင်ရေး အစွဲအလမ်း သည် ရှေးရိုးစွဲဝါဒ၏ တစ်စိတ်တစ်ပိုင်း အဖြစ် သုတေသီတို့ ရှုမြင်ကြသည်။
စက်မှုခေတ်မှ စတင်၍ ယနေ့ စက်မှုခေတ်လွန် လူ့အဖွဲ့အစည်း၌မူ မတူ ကွဲပြားမှု difference ကို အခြေခံ၍ စုစည်းညီညွတ်မှုကို တည်ဆောက်ရေး အတွေးအခေါ်သစ်များ ပေါ်ပေါက်လာ၏။ တူမှတည့်သည့်သဘော (sence of identity) ၏ အခန်းကဏ္ဍ အားပျော့လာ သည်။ ကမ္ဘာ့လူမျိုး အသီးသီးအားကမ္ဘာ့ ရွာ အတွင်းရှိ ကမ္ဘာ့ရွာသူရွာသားများ အဖြစ်သာ မြင်နိုင်ဖို့အား ယူလာပြီဖြစ် သည်။ ယဉ်ကျေးမှုများအပြန်အလှန် ဖ လှယ်ပြီး ဘုံယဉ်ကျေးမှု တစ်ခုပေါ်ထွန်း လာဖို့ တာစူနေပြီဖြစ်သည်။ ဤသည် ကား ဘာသာရေး လောကအတွက် နောက်ထပ်စိန်ခေါ်မှု အသစ်တစ်ရပ်ဖြစ် သည်။ အေးမစ်ရှ်နှင့် တွာရက်ခ်လူမျိုး များကဲ့သို့ ရှေးရိုးစွဲ၍ နောက်ချန်ရစ်ကြ မည်လား။ ခေတ်စနစ်ကို ရင်ဘောင်တန်း ၍ အမီလိုက်ကြမည်လား။ မည်သည့် လမ်းကို လျှောက်သည်ဖြစ်စေ၊ ဘာသာ တရားကို ထိန်းသိမ်းနိုင်ရေးနှင့်အနာဂတ် မျိုးဆက်၏ ဦးနှောက်ယိုစီးမှုကို ကာကွယ် ရန် ကြိုတင်အစီအမံများလိုအပ်မည်ဖြစ်သည်။ စဉ်းစားဆင်ခြင်မှုအားပြု လူ့ အဖွဲ့ အစည်းသည် လွတ်လပ်မှု၊ အချုပ်အချယ် ကင်းမဲ့မှုကို အားပေးသဖြင့်ခေတ်သစ် လူ တို့၏ သဘာဝနှင့် ကိုက်ညီသောကြောင့် ခေတ်သစ်လူတို့၏ စိတ်နှလုံးသားကို ဖမ်း စားနိုင်စွမ်းရှိပေသည်။ သို့သော် လူတစ် ဦးချင်းအပေါ်၌ ကျင့်ဝတ်ရေးရာ လမ်း ညွှန်မှုနည်းပါးလာခြင်း၊ လူမှုရေးအထိန်း အကွပ်ချို့တဲ့လာခြင်း၊ ဘာသာတရားဆိုင်ရာကျင့်စဉ်ကျင့်ရပ်များကို စောင့်ထိန်းနိုင်မှုအားလျော့လာခြင်းဟူသော အန္တရာယ် တို့က ရှိနေပြန်သည်။ မည့်သည်ခေတ် စနစ်ပြောင်းလဲနေသည်ဖြစ်ပါစေ၊ ခေတ် စနစ်တိုင်း၌ အံဝင်နေသော အကောင်း ဆုံးနည်းလမ်းမှာ တရား၏ပြင်ပ သဘော တရား၌ သောင်မတင်ဘဲ အနှစ်သာရကို ထုတ်ဖော်၍ ထိုအနှစ်သာရကို ခေတ်သစ် နည်းလမ်းဖြင့် အကောင်အထည် ဖော် ဆောင်ခြင်းသာဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတို့အပေါ် စိတ်နှလုံးဖွင့်ထား ရင်း အခြားတစ်ဖက်၌ နာမ်ပိုင်းဆိုင်ရာ တိုး တက်မှုအတွက် အစီအမံပါဝင်သော နည်းစနစ်သာ ဘာသာတရားကို ကျင့်သုံး ရင်း ခေတ်စနစ်အဆက်ဆက်ကို အောင် မြင် ကျော်လွှားနိုင်မည်ဖြစ်သည်။
မဟာ တမန်တော်မြတ်ကြီးသည် အာရဗ်တို့၏ ဓလေ့ထုံးစံအတိုင်း နေထိုင် ခဲ့၏။အာရဗ်တို့၏ ဓလေ့ထုံးစံဆိုသည်မှာ မဟာတမန်တော်မြတ်ကြီးနှင့် ဆွဟာဗာ ကြီးများသည် အစ္စလာမ်သာသနာဝင် ဖြစ်ခြင်းကြောင့် အများနှင့်မတူတသီးတ ခြား ပြုလုပ်ခဲ့သော လုပ်ဆောင်ချက် မဟုတ်ဘဲ မဟာတမန်တော်မြတ် လက် ထက်ရှိ ယုံကြည်သူ၊ မယုံကြည်သူ အား လုံး၊ အဗူလဟဗ်၊ အဗူဂျာဟိလ်တို့က အစ လုပ်ဆောင်သော လုပ်ရပ်များဖြစ် သည်။ ၎င်းဓလေ့ထုံးစံများသည် မဟာ တမန်တော်မြတ်နှင့် ဆွဟာဗာများပြုလုပ် သဖြင့် စွန္နသ်မဟုတ်သလောဟု မေးလာ သော် စွန္နသ်ဖြစ်သည်။ သို့သော် စွန္နသ် ဇာအိဒဟ်သာဖြစ်၏။ အာဒတ်သာဖြစ်၏။ အီဗာဒသ်မဟုတ်ပါ။ မဟာတမန်တော် မြတ်၏ နိစ္စဓူဝ လူ့ဘ၀ တည်ဆောက်မှု တွင် သူမတူ တမူထူး၍ ဆောင်ရွက်ချက် များတော့ရှိ၏။ ဥပမာ ထိုင်၍ အပေါ့သွား ခြင်းမျိုးဖြစ်သည်။ အာအရှာသခင်မကြီး၏ ဆင့်ပြန်ချက် တစ်ရပ်တွင် အာအေရှာ သခင်မကြီးက မိန့်သည်မှာ ကိုယ်တော် မြတ်၏ အပေါ့သွားပုံသည် မိန်းမများ အပေါ့သွားသကဲ့သို့ ဖြစ်သည်။ (ဗုခါရီ)
ဤရေ၀ါယသ်တွင် ကိုယ်တော် မြတ်လက်ထက်တော်အခါက အမျိုးသား အားလုံးသည် မတ်တပ်ရပ်၍ အပေါ့သွား ကြသော်လည်း ကိုယ်တော်မြတ်မှာမူ ထိုင်၍သွားသည်။ အများက ရပ်၍ ရေ သောက်စဉ်တွင် ကိုယ်တော်သည် များ သောအားဖြင့် ထိုင်၍ ရေသောက်သည်။ ကိုယ်တော်၏ လမ်းလျှောက်ပုံ၊ ရေချိုးပုံ၊ လက်သည်းညှပ်ပုံကအစ တစ် မူထူးခြား သည့် ပုံသဏ္ဌာန်ရှိလျှင် ၎င်းတို့သည်အဒဗ် များဖြစ်၏။ ၎င်းတို့ကို အာရဗ်ဓလေ့ထုံးစံ ဟု မဆိုနိုင်တော့ပေ။ အဆိုပါ စွန္နသ်ဇာ အေဒဟ်များကို ကျင့်မူခြင်းသည် ကိုယ် တော်မြတ်အပေါ် ချစ်စိတ်ကြောင့် အကျိုး စ၀ါးဗ်ရရှိမည်ဖြစ်ပြီး စွန့်လွှတ်သူကို ပြစ် တင် ဝေဖန်ခြင်းမပြုထိုက်ပေ။
မဟာတမန်တော်မြတ်ကြီး (ဆွ)လက်ထက်တော်အခါက ကိုယ်တော်မြတ် နှင့် ဆွဟာဗာကြီးများ လိုက်နာခဲ့သော အာရဗ်ထုံးဓလေ့များအပေါ်တွင် မည်သို့ သဘောထားရမည် ဆိုသည်ကို နှောင်း ခေတ်ပညာရှင်တို့၏ အမြင်၌ ကွဲပြား လျက်ရှိသည်။ စွန္နသ်အဖြစ်သတ်မှတ်၍ ကမ္ဘာ့လူမျိုးအသီးသီး၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို လွှမ်းမိုးနိုင်ရေး တဇွတ်ထိုးပြုလုပ်ရမည်လား။ ကိုယ်တော် သည် မိမိအာရဗ်ဓလေ့ထုံးတမ်းကိုတန်ဖိုးထားလိုက်နာခဲ့သည့်နည်းတူ မတူ ကွဲပြား သော အခြားလူမျိုးများ သည်လည်း မိမိတို့ လူမျိုး၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းကို မိမိတို့ တန်ဖိုးထားခြင်းကို စွန္နတ်ဟု သတ်မှတ်ရမည်လော။ ကိုယ် တော်မြတ်ကြီးက ခေါင်းပေါင်းသည် မိမိ တို့ အဟ်လုအာရဗ်- အာရဗ်တို့၏ သရဖူ ဖြစ်ကြောင်းမိန့်ကြားချက်၌ ကိုယ်တော် သည် မိမိအမျိုးသားဝတ်စုံအပေါ် ဂုဏ်ယူ သကဲ့သို့ လူမျိုးတိုင်းသည်လည်း မိမိတို့ အမျိုးသားဝတ်စုံ၊ အမျိုးသား ခေါင်းပေါင်း ကို ဂုဏ်ယူအပ်သည်ဟု အဓိပ္ပာယ် ကောက်ယူမည်လော။ အင်္ဂလိပ်ဖြစ်စေ၊ တရုတ်ဖြစ်စေ၊ အစ္စလာမ်ကို လက်ခံလျှင် မုဟမ္မဒ်သခင်နည်းတူ ခေါင်းပေါင်း ပေါင်း ဖို့ မိန့်ကြားချက်အဖြစ် အဓိပ္ပာယ်ကောက် ယူမည်လော။ (ခေါင်းပေါ်၌ ကွင်းတပ်ခြင်း မှာ ယနေ့ခေတ်သစ် အာရဗ်တို့၏ ယဉ် ကျေးမှုဖြစ်ပြီး ၎င်းတို့၏ တီထွင်မှု တစ်ခု သာဖြစ်သည်။)
အစ္စလာမ်သာသနာ၏ ရှေးပညာ ရှင်ကြီးများသည် ဟစ်က်မသ် ဉာဏ် အမြော်အမြင်ကို သုံး၍ ကွဲပြားသောဓလေ့ ထုံးစံ၊ မတူညီသာယဉ်ကျေးမှုများအကြား တွင် ပေါင်းကူးညှိနှိုင်းနိုင်သော အစဉ် အလာဓလေ့အသစ်များကို တီထွင်လာ ခဲ့ကြသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် မွတ်စလင်များ၏ အုပ်ချုပ်ရေးကာလတွင် အုပ်ချုပ်ခံလူများစု ဖြစ်သော ဟိန္ဒူလူ့ အဖွဲ့အစည်းနှင့် အုပ်ချုပ်သူ လူနည်းစု မွတ်စလင်တို့အကြား cultural shock ယဉ်ကျေးမှုချင်း ထိပ်တိုက်မတွေ့စေရန် အတွက် နှစ်ဦးနှစ်ဖက်စလုံး၌ လက်ခံနိုင် သော ထုံးဓလေ့အသစ်များ တီထွင်လာ ကြရာ ဟိန္ဒူနှင့် မွတ်စလင်အချင်းချင်း ယဉ်ကျေးမှုခြင်း အပြန်အလှန် ဖလှယ်နိုင် မှုကြောင့် မိမိတို့၏ အုပ်ချုပ်ရေးစနစ် အောင်မြင်ခဲ့သည်။ အထူးသဖြင့် တွရီ ကဟ်နယ်ပယ်မှ တီထွင်မှုများသည် ဟိန္ဒူ လူမျိုးတို့၏ စိတ်နှလုံးသားကို ဖမ်းစားနိုင် ခဲ့သည်။ ဒေသခံအိန္ဒိယတိုင်းရင်းသားတို့ အစ္စလာမ့်အေးရိပ်ကို ခိုလှုံလာကြသဖြင့် အစ္စလာမ့်အင်အားသည် အိန္ဒိယ၌ အား ကောင်းလာခဲ့သည်။ အိန္ဒိယနိုင်ငံနည်းတူ မြန်မာနိုင်ငံ၌ ရှေးမြန်မာမွတ်စလင်ပညာရှိများသည် မြန်မာ့လူဘောင်နှင့် အံဝင်မည့်အစ္စလာမ်ဘာသာရေးထုံးဓလေ့များကို တီထွင်ခဲ့ ကြသည်။ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုး ထားကြသည်။ မြန်မာ့လူ့ဘောင်တွင် ယဉ်ကျေးမှုချင်း အပြန်အလှန်ဖလှယ်၍ တိုင်းပြည်တာဝန်များကျေပွန်ခဲ့ကြသည့်အတွက် မြန်မာမင်းအဆက်ဆက်တို့၏ နေရာပေးခြင်း၊ မြှောက်စားခြင်းကို ခံခဲ့ကြ ရသည်။ ဇာတိသွေး၊ ဇာတိမာန်ထက်သန် စွာဖြင့် အမိမြေကို ကာကွယ်ခဲ့ကြသည်။ အမိမြေချစ်စိတ်ဖြင့် ယုံကြည်မှုကို တည် ဆောက်နိုင်ခဲ့ကြသည်။ မြန်မာ့လူဘောင် တွင် တိုင်းရင်းသားများအဖြစ် ပဋိပက္ခ ကင်းစွာ သိက္ခာရှိရှိရပ်တည်နေထိုင်ခဲ့ကြသည်။
နှောင်းခတ်တွင်မူ ရှေးမြန်မာ မွတ် စလင်ကြီးများ၏ ဟစ်က်ကမသ်အမြင် တို့ကို သဘောမပေါက်ကြတော့ပဲ စွန္နသ် နှင့် ဗိဒအသ်ကို တလွဲအဓိပ္ပာယ် ဖွင့်ဆို လာကြသည်။ မြန်မာ့ လူဘောင်တွင် သိက္ခာရှိရှိရပ်တည်နေထိုင်ခဲ့သော ရှေးဦး မြန်မာမွတ်စလင်ပညာရှိကြီးများ၏ ဓလေ့ များလွဲမှား၍ ယနေ့ ပြုပြင်ပစ်ရမည်ဟု ကြွေးကြော်လာကြသည်။ သို့ဖြင့်ရှေးမြန်မာမွတ်စလင်ကြီးများရရှိခဲ့သောနေရာမှ ကျွန်ုပ်တို့ဘေးခွာ ပေးလိုက်ရတော့သည်။ မိမိအိမ်ပေါ်နေရင်း ဧည့်သည် ဖြစ်ရတော့ မည့်အရေးတို့ဖြင့် တွေ့ကြုံလာရသည်။ မိမိကျောခင်းသော ပျဉ်ပြားကိုပင် ထင်း လုပ်ဖို့ မျက်စောင်းထိုးခြင်း ခံရပေပြီ။ကမ္ဘာ ပညာရှင်တို့က ပဋိပက္ခများသည် အရိုင်း စိတ်ချင်း ထိပ်တိုက်တွေ့ခြင်းဟု ဆိုကြ သည်။ မြန်မာမွတ်စလင်အရေးကမူ ယဉ် ကျေးမှုချင်း ထိပ်တိုက်တွေ့နေခြင်းဟုပင်ဆိုနိုင်၏။ ဒေါက်တာဆောင်းလွင်အောင် အသ်-တွရီကဟ် အမှတ်(၁)မှ ကူးယူဖော်ပြသည်။