Saturday, 12 May 2012

စွန့်ပစ်ခံသူတို့ရဲ့ အမေ

စွန့်ပစ်ခံသူတို့ရဲ့ အမေ လူတိုင်းမှာအမေဆိုတာရှိပါတယ်.. ဒါပေမဲ့..လူတစ်ချို့မှာတော့ ခေါ်စရာအမေ မရှိလေဘူး..စွန့်ပစ်ခံသားသမီးတွေလေ.. လင်ကောင်မပေါ်လို့.. စားဝတ်နေရေးတွက်..မကြည့်ရှုနိုင်တော့လို့.. အကြောင်းအမျိုးမျိုးကြောင့်..အနှီးလေးတစ်စနဲ့ ချည်နှောင်ရစ်ပတ်.. လမ်းမတစ်နေရာမှာ ဒါမှမဟုတ် ဂေဟာတစ်ခုခုရဲ့ တခါးဝမှာ.. စာလေးတစ်စောင်ပါရင်လည်းပါမယ်..ပါချင်မှလည်းပါမယ်.. ပါသည်ဖြစ်စေ..မပါသည်ဖြစ်စေ..စွန့်ပစ်ခံဘ၀ကတော့တူတူပါပဲလေ..။ အမေများနေ့ကိုရောက်တိုင်း..ကျွန်တော်တို့မှာ..အမေတမ်းချင်းတွေ တွေးလို့ ရေးလို့ရတယ်.. သူတို့ကတော့..အမေကိုတမ်းလို့..လွမ်းလို့မှမရရှာကြတာ.. ကွယ်လွန်သူ..အံ့မခန်းအမေတစ်ယောက်ရှိခဲ့ဘူးပါတယ် သားသမီး..ထောင်သောင်းချီမွေးခဲ့လေရဲ့..သူက..အမေ မာသာထရီဇာ.. အိန္ဒိယမှာ..စွန့်ပစ်ခံလူမမယ်တွေကို..ကိုယ်ပျက်နေသူတွေကို..ညဉ့်ငှက်မလေးတွေကို နောက်တော့..AIDS ရောဂါသည်တွေကို..အမေကောက်ယူမွေးစားခဲ့ပါရဲ့.. ခုတော့..အမေယုံကြည်တဲ့ အဖဘုရားသခင်ထံမှောက်..ရောက်နေလောက်ပါပီ.. ဘာသာမတူ..အယူမတူပေမဲ့..သားကတော့အမေကို..အမေများနေ့ရောက်တိုင်း အမေ့သားသမီးများကိုယ်စား..တမ်းမိ လွမ်းမိတယ်အမေ.. အိုအမေ.. ဒီမေလ(၈)ရက် သား အမေ့အိမ်ကိုရောက်ခဲ့ပြန်တယ်.. အမေ့ကိုမတွေ့ဘူးလေ ဒါပေမဲ့..အမေ့ရင်ငွေ့ကိုသားခံစားခဲ့ရတယ်..၊ အမေဟာ..တစ်လောကလုံးရဲ့ ထာဝရ အမေပါ။ အမေ ရိပ်သာလေးဖွင့်တော့ ရပ်ကွက်က အမေ့ကိုခဲမိုးဆွေခဲ့ကြတယ် “..သွား..ဒီမှာလာမဖွင့်နဲ့တဲ့လေ..” အမေ့ခေါင်းမှာ..သွေးသံရဲရဲ အမေစကားတစ်ခွန်း ပြောခဲ့တယ်နော်.. “ ဒါရှင်တို့ လူမျိုးတွေ..ကျမအမျိုးတွေမဟုတ်ဘူးတဲ့ “ လေ နောက်တော့ .. အမေ့မေတ္တာ သူတို့နားလည်သွားကြတယ်။ အမေ့ သမီး စစ်စတာတွေ ရောဂါကူးစက်ခံခဲ့ရတယ် လူတွေက ရွံရှာကြတယ် ဒါပေမဲ့ အမေ့ခွန်အားနဲ့ သူတို့ဆက်သွားကြတယ် သားတော့ မစွမ်းဘူး..အမေ။ အိန္ဒိယ ရဲ့စွန့်ပြစ်ခံ ကလေးတွေ လေလိုလွင့်နေတဲ့ အမှိုက်လေးတွေ ဒါတွေဟာ..အမေ့သားသမီးတွေပေါ့။ အပါယ်ခံ..ကိုယ်ပျက်နေသူတွေ ခန္ဓာကိုယ်နဲ့ ငွေကြေးလဲလှယ်နေသူတွေ သူတို့တွေလဲ..အမေ့သားသမီးတွေပဲလား။ အမေ့မိသားစုမှာ လူဂုဏ်တန်တွေမရှိပါလားအမေရယ်။ အမေ..နိုဗယ်ဆုရတော့ အမေ..ကွယ်လွန်တော့ လူသားအားလုံး မျှဝေ ခံစားခဲ့ရပါရဲ့။ အမေဖေါက်ခဲ့တဲ့လမ်း ခုတော့..ဖြောင့်တန်းလို့ပါအမေ.. အမေ့သမီးတွေ. ဆက်လက်လျှောက်လှန်းနေလေရဲ့ ..။ အောင်ထက် (လောကကြီးကိုရင်ဆိုင်ရဲဖို့..ခွန်အားတွေပေးခဲ့သောမိခင်.. Mother Tresa သို့ ကျေးဇူးတရား တမ်းခြင်း ) မြနမ်ာသူငယ်ချင်းများ ဝဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသှ်

နာဂစ်..ဖြစ်ရပ်မှန် (လေးနှစ်ပြည့်)

နာဂစ်..ဖြစ်ရပ်မှန် (လေးနှစ်ပြည့်) ကျနော်နာမည်..မောင်ဘိုးကော်ပါ။ မိသားစုသုံးယောက်ရှိပါ။ သမီးလေးက ရှစ်လသမီးလေး..၀င်းစန္ဒာ လို့ခေါ်ပါတယ်။ နာဂစ် မုန်တိုင်းကြီးဝင်မဲ့နေ့က နေ့ခင်းပိုင်း ကျနော် လယ်တဲမိုးနေပါတယ်။ ကျနော်တို့နေတဲ့တဲ ခြေရင်းမှာက သူငယ်ချင်းရဲ့လယ်တဲရှိပါတယ်။ သူက အဲဒီနေ့ကလယ်ထဲသွားနေပါတယ်။ သူမှာလည်း သူ့မိန်းမရယ် ၅နှစ်သားလေးရယ်ရှိပါတယ်။ ညနေ ၃နာရီလောက်မှာ လေပြင်းတိုက်လာပါတယ်။ ရေဒီယိုနားထောင်တဲ့အလေ့လဲမရှိပါဘူး။ တဖြည်းဖြည်းနဲ့လေကပြင်းလာတော့ မိုးထားတဲ့ ဓနိတွေလွင့်ကုန်ပါတယ်။ မိသားနှစ်စုပေါင်းပြီးဘုရားတနေရပါတယ်။ နောက်တော့ လေကတအားပြင်းလာပါတယ်။ နောက်မြစ်ရေ တွေလဲတက်လာပါတော့တယ်။ ရေတွေက အတက်ကြမ်းလာတာ တဲအဆင့်ထိမတတ်ဖြစ်လာပါတယ်။ လေပြင်းကြောင့် တဲလဲပြိုတော့မယ်၊ ဒါနဲ့ပဲ..ရေလွတ်လောက်မဲ့မလှန်းမကမ်းက ရေကန် ကန်ဘောင်ရိုးဆီကို ပြေးကြရပါတယ်။ေ ရေကပေါင်လည်လောက်ပါ။ သူငယ်ချင်းမိသားစုပါ ခေါ်ပြေးတာပါ။ ရေကန်ဆီရောက်ခါနီးမှာ..ကျနော်သူငယ်ချင်းလယ်ထဲကပြန်ပြေးလာတာမြင်ရပါတယ်။ အဲဒီမှာပဲ..သူ့မိန်းမက သူ့သားလေးနဲ့ သူ့ယောက်ကျားဆီပြေးပါတော့တယ်။ တားလို့မရပါဘူးဗျာ ။ရေကနောက်က လှိုင်းတွေနဲ့လိုက်ပါတယ်.. ကျနော်မျက်စိအောက်မှာပဲ သူတို့သုံးယောက် ရေလှိုင်းကြီးအုပ်သွားပါတော့တယ်။ ကျနော်တို့က ကန်ဘောင်ပေါ်ေ၇ာက်ပါတယ်..ဒါပေမဲ့ရေတက်လာတာ.. မကြာခင် ကန်ဘောင်မြုပ်မှာပါ။ ဒါနဲ့ ကျနော်တို့ ခပ်လှန်းလှန်းက ကောက်ရိုးပုံ ကြီးဆီ ရေကူးကြပြန်တယ်။ သမီးလေး ၀င်းစန္ဒာ လဲ ရေထဲနစ်လိုက်ပေါ်လိုက်ပါပဲ။ ကောက်ရိုးပုံကြီးပေါ်ရောက်တော့ ထိပ်ပိုင်းကို ချိုင့်ခွက်လုပ်ပီး သမီးလေးကိုထည့် အမေက အပေါ်ကမှောက်နေရပါတယ်။ကျနော်က အပေါ်က ထပ်မှောက်နေရပါတယ်။ ကျနော်ကြောကုန်းကို လေတွေ မိုးတွေမှန်တာကျောက်ခဲတွေနဲ့ပေါက်သလိုခံစားရပါတယ်။ အင်္ကျီလဲကျွတ်ထွက်သွားပါပြီ..ကျနော်မိန်းမဆိုရင် လုံးဝအ၀တ်စားမဲ့နေပါပြီ။ နောက်တော့ ကောက်ရိုးပုံကြီး လှုပ်လာပီး ရေစီးနဲ့မြောပါတော့တယ်။ လေအရှိန်နဲ့ ဘယ်လောက်မြန်လဲဆိုရင် မော်တော်မောင်းတာထက်မြန်ပါတယ်။ သစ်ပင်တွေနားဖြတ်ရင် ရိပ်ရိပ်..ရိပ်ရိပ်နဲ့ကျန်ခဲ့ပါတယ်။ မှောင်မဲနေလို့ ဘာမှလဲမမြင်ရ..ဘယ်ကိုမြောမှန်းလဲမသိပါ။ ကောက်ရိုးပုံကြီးကလည့်း သစ်ပင်နဲ့ ၀င်ညိတိုင်း ပဲ့ပဲ့ထွက်နေပါတယ်.. လေကပြင်းသထက်သာပြင်းလာပါတယ်..ကောက်ရိုးပုံကြီးလဲသေးလာပါတယ်။ တခါမှာတော့..ကောက်ရိုးပုံနဲ့ သစ်ပင်ဝင်ညိပြန်ပါတယ်၊.. ကောက်ရိုးကြီးပုံကလဲ အခြေနေမကောင်းတော့ပါဘူး၊ခပ်သေးသေးပဲကျန်ပါတော့တယ် ။ ဒါနဲ့ သုံးယောက်သား အဲဒီအပင် ငုတ်တိုကြီးပေါ်မနည်းတက်ခဲ့ကြပါတယ်။ လေကတော့နဲနဲ အားပြော့သွားပါပြီ၊ သစ်ပင်ခွဆုံမှာ ထိုင်ရင်း သမီးလေးကိုကြည့်လိုက်တော့ အေးစက်နေပါတယ်။ သမီးလေးခြေထောက်လေးတွေကို ကျနော်တို့ ချိုင်းကြားမှာညှပ်ထားလို့.. လက်ကလေးတွေကို..လင်မယားနှစ်ယောက် ပါးစပ်နဲ့ငုံပေးကြပါတယ်။ မျှော်လင့်ချက်ကတော့မရှိတော့လို့ထင်မိပါတယ်။ ဒါပေမဲ့ နောက်တော့ သမီးကိုယ်ကလေး ပြန်နွေးလာပါတယ်။ ကျနော်စိတ်ထဲမှာ..သစ်ပင်ကြီး အမြစ်က ကေါ်လဲမယ်ထင်မိပြန်ပါတယ်။ ဒါနဲ့ပဲ အောက်ဆင်းပီး ရေငုပ် အမြစ်တွေကို စမ်းကြည့်ရပြန်တယ်၊ အခြေနေကောင်းလို့အပေါ်ပြန်တက်..သမီးလေးကို ပြုစုကြရပြန်ပါတယ်။ ဘယ်ရောက်လို့..ဘယ်ချိန်ရှိပီဆိုတာလဲမသိပါဘူး။လေကတော့အတော်ငြိမ်ပါပီ။ မိုးကလဲအေး ..လေကလဲတိုက်..တကိုယ်လုံးတုန်နေကြပါတယ်။ တစ်ညလုံးသစ်ပင်ပေါ်နေလိုက်ကြတာ..မနက်မိုးလင်းတော့ ညကရေတွေ လုံးဝမတွေ့ရတော့ပါ။ ကျနော်တို့လဲအောက်ဆင်းကြ..သမီးလေးနို့တိုက်၊ ကျနော်ရဲ့ ခါးပတ်ပတ်ထားလို့ကျွတ်မထွက်တဲ့ ဘောင်းဘီဒူးကျကို မိန်းမကိုဝတ်ပေးရပါတယ်။ ကျနော်ကတော့ တဖြေးဖြေး လမ်းလျောက်ရင်း တွေ့တဲ့ ပီနံအိပ်စုပ်ကိုပတ်ထားရပါတယ်။ ဦးတည့်ရာသွားကြရင်း ဟိုကထွက်လာ..ဒီကထွက်လာနဲ့ လူ ၂၀လောက်ဖြစ်လာပါတယ်။ လေပြင်းဒါဏ်ကြောင့်အားလုံးမဲတူနေကြပါတယ်..မိမွေးတိုင်းဖမွေးတိုင်းကများပါတယ်.. ခါးပတ်လို့ရတာတွေ့ရင်မိန်းမတွေကိုပေးကြ၇ပါတယ်။ နောက်တော့ မြစ်ကလေးတစင်းနားရောက်..ဟိုဖက်ကမ်းမှာ သင်္ဘောတစ်စီးက ကုန်းပေါ်တင်နေ.. ရတဲ့ပစ္စည်းတွေနဲ့ဖောင်တစီးဖွဲ့အခေါက်ခေါက် ကူးကြလို့ သင်္ဘောပေါ် လူစုံရောက်ပါတယ်။ လူ၃၀ လောက်ဖြစ်သွားပါတယ်။ေ၇စိုဆန်တစ်တင်းလောက်လဲတွေ့ပါတယ်။ဒီတိုင်းစားကြရပါတယ်။ သင်္ဘောပေါ်မှာ သောက်ရေမရှိ..ချက်ဖို့အိုးမရှိ..၀တ်စရာအ၀တ်စားမရှိ.. ဒါပေမဲ့..သင်္ဘောနာမည်ကတော့ “ စည်းစိမ်ရှင် “ ပါတဲ့။ သင်္ဘောပေါ်..တစ်ညအိပ်ပီးမှ..ကယ်ဆယ်ရေးရောက်ပါတယ်။ ရွာပြန်ရောက်တော့ ကျနော်တို့အမျိုး ၁၂ ယောက်ပျောက်နေပါတယ်.. ဆယ်ရက်လောက် အလောင်းရှာပေမဲ့မတွေ့ရတော့ပါ။ ဒါကတော့ …ကျနော်တို့ မိသားစုရဲ့ နာဂစ် ကိုအံတုခဲ့ရပုံလေးပါ။ ဟုတ်ကဲ့..သမီးလေး ၀င်းစန္ဒာ အသက်ရှင်ခဲ့ပါတယ်။ ( ကယ်ဆယ်ရေး သွားခဲ့စဉ်..မောင်ဘိုးကော် ဆိုသူ ပြောပြချက်ပါ) မြန်မာ သူငယ်ချင်းများ ဝဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသှ်။။။ မိုးစက်

မြန်မာပြည်တွင် နေထိုင်ကြသော လူမျိုးများ

"မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုး ရှိကြပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်" ဆိုပြီး ချစ်စံဝင်း ရေးသားတဲ့ ပျူ ဆိုတဲ့ စာအုပ် စာမျက်နှာ ၁၅၁ မှာ ဖော်ပြထားပါတယ်။ သူက ဒီစာရင်းအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၉၈ မေလမှာ ထုတ်ဝေတဲ့ ယနေ့မြန်မာ ဆိုတဲ့ စာအုပ်ကို ကိုးကားပါတယ် တဲ့။ ကချင် - ၁၂ မျိုး ကယား - ၉ မျိုး ကရင် - ၁၁ မျိုး ချင်း - ၅၃ မျိုး ဗမာ - ၉ မျိုး မွန် - ၁ မျိုး ရခိုင် - ၇ မျိုး ရှမ်း - ၃၃ မျိုး စုစုပေါင်း - ၁၃၅ မျိုး (က) ကချင်စု ကချင်၊ ကရို၊ ဒလောင်၊ ဂျိန်းဖော့၊ ဂေါ်ရီ ၊ ခစု၊ ဒုရင်၊ မရု(လော်ဂေါ်)၊ ရဝမ်၊ လရှိ(လာချစ်)၊ အဇီး၊ လီဆူး (ခ) ကယားစု ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ဂေခို၊ ဂေဘား၊ ပရဲ(ကယော)၊ မူနုမနော၊ ယင်းတလဲ၊ ယင်းတော် (ဂ) ကရင်စု ကရင်၊ ကရင်ဖြူ၊ ပလေကြီး (ကလေချီ) ၊ မွန်ကရင်၊ စကော (ကရင်)၊ တလှေပွာ၊ ပကူး၊ တွဲ၊ မောနေပွား၊ မိုးပွာ၊ ပိုး(ကရင်) (ဃ) ချင်းစု ချင်း၊ မယ်တိုင် (ကသဲ)၊ ဆလိုင်း၊ ကလင်တော(လူရှေ)၊ ခမီ၊ အောဝခမီ၊ ခေါနိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွါဆင်းမဲ၊ ခွန်လီ (ခေါ်) ဆင်မ်၊ ဂန်ဘဲ၊ ဂွေးတဲ၊ ဇွန်း၊ ဆီတန်၊ ဆန်ထန်၊ ဆိုင်းထန်၊ ဇာတောင်၊ ဇိထုံး ဇိုထုံး၊ ဇိုဖေ၊ ဇို၊ ဇိုန်ညှပ်(ဇုန်နီယပ်)၊ တပေါင်၊ တီးတိန် (တဲဒင်မ်)၊ တေဇုန်၊ တိုင်းချွန်း၊ တာ့ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင်(ယင်ဒူး)၊ နာဂ၊ တန်ဒူး၊ မာရင်၊ ပနမ်း၊ မကန်း၊ မဟူ၊ မီရမ် (ခေါ်) မရာ၊ မီအဲ၊ မွင်း၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို၊ လေးမြို့၊ လင်တဲ၊ လောက်ထူ၊ လိုင်၊ လိုင်ဇို၊ ပါကင်းမ် (ခေါ်) မရို၊ ဟွာလ်ငို၊ အနူး၊ အနန်း၊ အူပူ၊ လျင်းတု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ထု (င) ဗမာစု ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊ ရဘိန်၊ ကဒူ (ခုံကူး) ၊ ဂဏန်း၊ ဆလုံ၊ ဖုန်း (ဖွန်) (စ) မွန်စု – မွန် (ဆ) ရခိုင်စု ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်နက်၊ မရမာကြီး၊ မြို့၊ သက် (ဇ) ရှမ်းစု ရှမ်း၊ ယွန်း (လားအို)၊ ကွီ၊ ဖျင်၊ သအို၊ စနော၊ ပလေး၊ အင်၊ စုံ (ဆံ) ၊ ခမူ၊ ကော် ( အခါအီကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနူ၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ လွယ်လ၊ အင်းသား၊ အိုက်တွယ် ၊ ပအိုဝ်း (တောင်သူ)၊ တိုင်းလွယ်၊ တိုင်းလျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း

Friday, 4 May 2012

တမန်တော်မြတ် မုဟမ္မဒ် {AD 571-632}

တမန်တော်မြတ် မုဟမ္မဒ် {AD 571-632} မက္ကာခေတ်ကာလ တမန်တော်မြတ်သည် ခရစ် ၅၇၁ခုနှစ်၊ ဧပြီလ၊၂၂ရက်နေ့ အရုဏ်ဦးတွင် ဖွားမြင်သည်။အဗ်ဒုလ္လာဟ်သည် တမန်တော်မြတ်မဖွားမြင်မီ ဆီးရီးယားနိုင်ငံသို့ ကုန်ကူးသန်းရန်အသွား မဒီနာမြို့တွင် ကွယ်လွန်ခဲ့သည်။ မိခင်ဖြစ်သူ အာမေနဟ်သခင်မသည် တမန်တော်မြတ်မွေးဖွားပြီး(၄)နှစ်သားအရွယ်တွင် ကွယ်လွန်ခဲ့ပြန်သည်။ မိဘမရှိသည့်နောက် အဖိုးဖြစ်သူ အဗ်ဒုလ်မုသွာလိဗ်က ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ မိဘမဲ့သူ မုဟမ္မဒ်သည် ကိုယ်ထူကိုယ်ထ မိမိဘဝကို ရပ်တည်နိုင်ခဲ့သည်။ မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေခဲ့ပေ။ ဖျက်လတ်သွက်လက်သော မုဟမ္မဒ်ကလေးကို အားလုံးက လိုလိုလားလားရှိခဲ့သည်။ အရှက်ကြီးသည်၊ သစ္စာတရားကြီးသည်၊ တာဝန်ကို ကျေပွန်သည်။ အလဟဿစကားနှင့် အကျိုးမဲ့လုပ်ရပ်ကို ငယ်စဉ်ကတည်းကရှောင်ခဲ့သည်။ ၈ နှစ် ၂ လအရွယ်တွင် အဖိုးဖြစ်သူ အဗ်ဒုလ်မုသွာလိဗ် ကွယ်လွန်၍ ဘကြီးဖြစ်သူ အဗူသွာလိဗ်နှင့် အတူ နေထိုင်ခဲ့သည်။ ကုန်ကူးသန်းရင်း ၁၂ နှစ်သားအရွယ်တွင် ဘကြီးနှင့်အတူ ဆီးရီးယားနိုင်ငံဘက်သို့ ရောက်ရှိခဲ့ပြီး ဒေသန္တရဗဟုသုတ ရခဲ့သည်။ ၁၅ နှစ်သားအရွယ်တွင် ဖြစ်ပျက်ခဲ့သော ဖေဂျာရ်စစ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ဒေသခံတို့နှင့်အတူ ပါဝင်ခဲ့သည်။ ကလ်ဖိဖူဇူလ် လူမှုဝန်ထမ်း အဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၃ နှစ်အရွယ်တွင် ဆီးရီးယားနိုင်ငံသို့ ကုန်သည်အဖြစ် သွားရောက်ခဲ့သည်။ သက်တော် ၂၅ နှစ်အရွယ်တွင် ခတီဂျာသခင်မနှင့် ထိမ်းမြားခဲ့သည်။ သူမသည် မုဆိုးမတစ်ဦးဖြစ်ပြီး တမန်တော်မြတ်နှင့်အတူ အစ္စလာမ့်လှုပ်ရှားကာလတွင် ကွယ်လွန်ချိန်အထိ ရွပ်ရွပ်ချွံချွံ ပါဝင်လှုပ်ရှားခဲ့သော အိမ်ထောင်ရှင်မ စံပြအမျိုးသမီးဖြစ်သည်။ သား၂-ဦး၊ သမီး ၃-ဦးထွန်းကားခဲ့သည်။ စီးပွားရေးအခြေအနေ ကောင်းမွန်လာခဲ့၍ အားလပ်ချိန်တွင် သစ္စာတရားရှာဖွေရန် ဟီရာလှိုဏ်ဂူတွင် တရားအားထုတ်ခဲ့သည်။ အသက် ၄၀-အရွယ်A.D-၅၉၆ ခုနှစ်တွင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျမ်းမြတ်ကုရ်အာန်ဝဟီလမ်းညွှန်ချက် ကျရောက်လာပြီး နဗူဝသ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဇနီးဖြစ်သူ ခတီဂျာသခင်မ၊ သူငယ်ချင်းဖြစ်သူ အဗူဗကရ်နှင့် သားရင်းပမာဖြစ်သူ ညီငယ် အလီက အစ္စလာမ်ကို စတင်လက္ခံခဲ့သည်။ ၃-နှစ်တိတိ အစ္စလာမ် ဒေသနာတော်ကို လျှို့ဝှက်စွာဟောပြောဖိတ်ခေါ်ခဲ့ရာ ပညာတတ်များ သစ္စာတရားကို ရှာဖွေလိုသူများ ဆင်းရဲသားလူတန်းစားနှင့် သူကြွယ်တစ်ချို့ အစ္စလာမ်ကို လက္ခံခဲ့ကြသည်။ ဆွဖာတောင်တန်းရှိ ရကမ်မစ်ဂူပီတွင် လျှို့ဝှက်စွာ ဌာနချုပ်ဖွင့်လှစ်ထားခဲ့သည်။ A.D ၆၁၃>အစ္စလာမ်ဒေသနာတော်ကို ဆွဖာတောင်ထိပ်ပေါ်သို့တက်ကာ အတိအလင်းကြေညာခဲ့ရာ ပြက်ရယ်ပြုခြင်းကိုခံခဲ့ရသည်။ A.D ၆၁၄>ကုရိုက်ရှ် တို့သည် တမန်တော်မြတ်၏ ဘကြီးဖြစ်သူ အဗူသွာလိဗ်အား အမျိုးမျိုးဖိအားပေးကာ အစ္စလာမ်ကိုမပို့ချရန် တွန်အားပေးခဲ့သည်။ နဗူဝသ်၏ တတိယနှစ်မှ ပဉ္စမနှစ်အထိ ပတ်ဝန်းကျင်ရှိအမျိုးအနွယ် များ၏ ဆန့်ကျင်မှုကိုခံရပြီး မဉ္စနှစ်မှစ၍ ပြင်းထန်သော ဖိနှိပ်မှုကို ဆက်လက်ခံရပြန်သည်။ယင်းဒဏ်ကို မခံနိုင်၍ မုစ်လင်မ်တို့အား ပင်လယ်နီကိုကျော်ဖြတ်ကာ၍ အာဖရိကတိုက်ရှိ အီသီယိုးပီးယားနိုင်ငံသို့ ဟိဂျရသ်ပြုစေခဲ့သည်။ ကာဖိရ်တို့သည် ဤဝေးလံသောဒေသအထိ သွားရောက်ဒုက္ခပေးခဲ့ပြန်သည်။ ဤသို့အားဖြင့် အစ္စလာမ်သာသနာသည် မဒီနာမရောက်ခင်အလျှင် အာဖရိကတိုက်သို့ ရောက်ရှိခြင်းဖြစ်သည်။ A.D ၆၁၅>ဆဋ္ဌမနှစ်တွင် အုမရ်သခင်နှင့် ဟမ်ဇာသခင်တို့ အစ္စလာမ်ကိုလက္ခံလာ၍ အင်အားတိုးလာခဲ့သည်။ အစ္စလာမ်ကိုလက္ခံသူတို့ တစ်စတစ်စ များပြားလာ၍ မက္ကာသားတို့သည် မုစ်လင်မ်တို့အား သတ္တမနှစ်မှ ဒဿမနှစ်အထိ မက္ကာအပြင်ဘက်ရှိ ဗာဗေအဗူသွာလိဗ် အရပ်၌ အကျယ်ချုပ်ဖြင့် အပယ်ခံဘဝတွင် နေထိုင်စေခဲ့သည်။ဤကာလတွင် ဘကြီးဖြစ်သူ အဗူသွာလိဗ်ကွယ်လွန်ပြီး(၂)လ အကြာတွင် ဇနီးဖြစ်သူ ခတီဂျာသခင်မ ကွယ်လွန်ခဲ့ပြန်သည်။ A.D ၆၁၉>ဒဿမမြောက်နှစ်တွင် တမန်တော်မြတ်သည် သွာအိဗ်မြို့သို့ အစ္စလာမ်ကို ဟောကြားရန် သွားရောက်ခဲ့ရာ ဝိုင်း၍ခဲနှင့်ပေါက်ခြင်းကို ခံခဲ့ရသည်။သွေးမြေကျခဲ့ရသည်။ သွာအိဗ်မှအပြန်တွင် မေအ်ရာဂ်ျခရီးစဉ်သွားခဲ့ရ၍ ခရီးစဉ်မှအပြန် လူသားတို့အတွက် လမ်းညွှန်ချက်တရား(၁၄)ချက်(စူရဟ် ဗနီအိစ္စရာအီလ်)ကို ယူဆောင်လာခဲ့သည်။ယင်းနှစ်တွင် မဒီနာမြို့သားတို့ အစ္စလာမ်ကိုလက္ခံလာသည့်အပြင် မဒီနာသို့လာရောက်ရန် ဖိတ်ခေါ်ခဲ့သည။ ယင်းသည် အစ္စလာမ့်သမိုင်း၏ အလှည့်အပြာင်းကိုဖြစ်စေခဲ့သော ဗိုင်အသ်သက္ကဝါ အဖြစ်ထင်ရှားလှပေသည်။ မဒီနာမြို့သားတို့သည် ဒုတိယအကြိမ်လာရောက်အပြီးတွင် မက္ကာမြို့ရှိ မုလင်မ်တို့သည်တဖွဲဖွဲ မဒီနာသို့ ထွက်ခွာသွားတော့သည်။ မဒီနာခေတ်ကာလ A.D ၆၂၂>တမန်တော်မြတ်သည် ဟိဂျရသ်ပြု၍ မဒီနာသို့ ထွက်ခွာခဲ့သည်။ ဤသို့ ဟိဂျရသ်ပြုခြင်းကို အကြောင်းပြု၍ ယင်းကာလမှစကာ ဟစ်ဂျရီပြက္ခဒိန်ကို စတင်ခဲ့သည်။ဤဖော်ပြပါ မဒီနာမတိုင်ခင် မက္ကာခေတ်တွင် ကျမ်းမြတ်ကုရ်အာန်၏ စူရဟ်ပေါင်း ၉၃ စူရဟ် ကျရောက်ခဲ့သည်။ အများအားဖြင့် သောင်ဟီးဒ်သဘောတရားနှင့် ရှေးတမန်တော်တို့၏ အကြောင်းဖြစ်သည်။ ဖော်ပြခဲ့ရသောသူတို့ကား“ အို…လူသားတို့၊ အို…ကာဖိရ်အပေါင်းတို့” ကဲ့သို့သော အာယာသ်များဖြစ်သည်။ လမ်းခရီးတွင် ကူဗာအရပ်၌ ပထမဆုံးဝတ်ကျောင်းတော်တည်ဆောက်၍ ပထမဆုံး ဂျွမ္မာဆွလာသ်ကို ဝတ်ပြုခဲ့သည်။ ကူဗာတွင်၁၄ ရက်မျှနေသည်။ ဝတ်ကျောင်းတော်ကို မဒီနာမြို့တွင် တမန်တော်မြတ်အပါ အဝင်မုစ်လင်မ်အားလုံး ပါဝင်တည်ဆောက်ခဲ့သည်။ မက္ကာမြို့မှ လာရောက်သူတို့နှင့် မဒီနာမြို့မှ အန်ဆွရ်တို့ကို ပူးပေါင်းပြီး မုဝါခါသ် ဟုခေါ်သည့် ညီနောင်ဖွဲ့ပေးခဲ့သည်။ မဒိနာမြို့ကို ဗဟိုပြု၍ အစ္စလာမ့်လူ့အဖွဲ့အစည်းတည်ဆောက်သည်။ မဒီနာသားတို့သည် လယ်ယာကုန်ထုတ်လုပ်ငန်းကို ကျွမ်းကျင်ပြီး မက္ကာသားတို့သည် ကုန်သွယ်ရေးလုပ်ငန်းကို ကျွမ်းကျင်ကြသည်ဖြစ်၍ မဒီနာမြို့သည် စီပွားရေးဗဟိုအဖြစ်သို့ ရောက်ရှိသွားတော့သည်။ မဒီနာခေတ်တွင် ရောက်ရှိပြီးနောက် ကျရောက်သော ဒေသနာလမ်းညွှန်ချက်များသည် လူ့အဖွဲ့အစည်းတည်ဆောက်မှုဆိုင်ရာ လမ်းညွှန်ချက်ဖြစ်သည်။ ယင်းကာလတွင် ကျရောက်ဖော်ပြခံရသူတို့ကား “အို…အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့” ဖြစ်သည်။ ဟိဂျရီပထမနှစ်တွင် ကာကွယ်ရေးအစီစဉ်ကို ချမှတ်နိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ကျရောက်သော ကုရ်အာန်ကျမ်းကို လမ်းညွှန်အရ မဒီနာခေတ်တွင်ကျရောက်သည်ဟု ဖော်ပြသည်။ မဒီနာမြို့ရှိသော ခေါင်းဆောင်နှစ်ဦးဖြစ်သူ ရဟူဒီလူမျိုး အဗ်ဒုလ္လာဟ် ဗင် ဆလာမ်နှင့် ခရစ်ယာန်ဘုန်းကြီး အဗူကိုင်စ်တို့ အစ္စလာမ်ကို လက်ခံလာခဲ့သည်။ ထိုမျှမက အာရဗ်ဒေသခေါင်းဆောင်များလည်း အစ္စလာမ့်ရေးရာနှင့် စပ်လျဉ်းပြီး စိတ်ဝင်စားလာခဲ့ကြသည်။ A.D ၆၂၃>ဟိဂျရီ၂ခုနှစ်တွင် မုစ်လင်တို့အား ညဉ်းပမ်းနှိပ်စက်နေသော ရန်ပြုသူကို ပြန်လည်တွန်းလှန်ခွင့် အမိန့် ဂျီဟာဒ်ကျရောက်လာခဲ့၍ ရန်သူတို့အားခုခံပိုင်ခွင့်ရှိလာလေသည်။ မဒီနာဝန်းကျင်ရှိလူမျိုးများ အုပ်စုများနှင့် တစ်ဦးကိုတစ်ဦး လေးစားရေး၊ မကျူးကျော်ရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ဇကားသ်အမိန့်၊ဆွီယာမ် ဥပုဒ်သီလ အမိန့်ကျရောက်လာခဲ့သည်။ ကအ်ဗာသို့မျက်နှာမူ၍ ဆွလာသ်ဝတ်ပြုအမိန့် အိးဒ်ဂါတွင် အိဒုလ်ဖိသိရ်ဆွလားသ်ကို အစုအဝေးဖြင့်ဝတ်ပြုခြင်း၊ ပါရှန်းလူမျိုး ဆလ်မာန် ဖာရစီ အစ္စလာမ့်လူ့ဘောင်သို့ ဝင်ရောက်ခြင်း၊ ဟိဂျရီ၂ခုနှစ်တွင် ကမ္ဘာ့သမိုင်းတွင် အရေးပါသော ဗဒရ်စစ်ပွဲဖြစ်ပွား၍ အရေအတွက် ၃၁၃ရှိသော မုစ်လင်မ်တို့ အောင်ပွဲခံရခြင်းဤသို့အားဖြင့် ကမ္ဘာ့သမိုင်းအခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့သည်။ ဤနှစ်တွင် အလီသခင် နှင့် သမီးတော်ဖွာသီမဟ် သခင်မတို့ကို ထိမ်းမြားပေးခဲ့သည်။ A.D၆၂၄>ဟိ၈ျရီ ၃ခုနှစ်တွင် မူးယစ်သေစာများကို ပိတ်ပင်သည့်အမိန့် ကျရောက်သည်။ ဤနှစ်တွင် ရမဿွာန်လတွင် တမန်တော်မြတ်၏ မြေးတော်အီမာမ် ဟူစိန်မွေးဖွားခဲ့သည်။ အူဟူးဒ်စစ်ပွဲ ဖြစ်ပွားခဲ့သည်။ တမန်တော်မြတ်အမိန့်ကို မလိုက်နာမှုကြောင့် အောင်ပွဲခံရဆဲတွင် အထိနာ၍ မုစ်လင်မ်တို့ခံလိုက်ရခြင်း၊ အတိုးစားခြင်းကို ပိတ်ပင်သည့်အမိန့်၊ မိဘနှင့်စပ်လျဉ်းသောအမိန့်၊ အမွေခွဲဝေပေးသောအမိန့်၊ ဇနီးမယားနှင့်စပ်လျဉ်းသောအမိန့်၊ မုစ်လင်မ်မဟုတ်သော အမျိုးသမီးများနှင့် ထိမ်းမြားခွင့်မရှိသော အမိန့်များကျရောက်လာခဲ့သည်။ A.D၆၂၅>ဟီဂျရီ ၄ခုနှစ် ရှာဗာန်တွင် မြေးတော် အီမာန်ဟဆန် မွေးဖွားခဲ့သည်။ မုစ်လင်မ်အမျိုးသမိးများ “ဟိဂျာဗ်”ခန္ဓာကိုယ်လုံခြုံစွာဝတ်ဆင်ရမည့်အမိန့် ကျရောက်လာခဲ့သည်။ အာရဗ်တို့သည် ရာသီဥတုအခြေအနေအရ ဦးခေါင်းကို လုံခြုံစွာထားရှိဖုံးအုပ်သော်လာ်း အာရဗ်အမျိုးသမီးတို့သည် ခန္ဓာကိုယ်လုံခြုံခြင်းမရှိခဲ့။ သို့ဖြစ်၍ မဒီနာမြို့တွင် မုနာဖိတ်နှင့် ကာဖိရ်တို့က အမျိုးသမီးများကို လှောင်ပြောင်ရာ ထိုအချိန်တွင် မုစ်လင်မ်အမျိုးသမီးတို့နှင့် အခြားအမျိုးသမီးနှင့်မတူ ခန္ဓာကိုယ်လည်း လုံခြုံစွာဖုံးအုပ်ရမည့် အမိန့်သည် အလ္လာဟ့်ထံတော်မှ ရောက်ရှိလာခဲ့သည။် မိမိမူလက ခြုံထည်ကိုရင်သားကို ဖုံးအုပ်ကာ ပတ်၍လွှဲချထားရမည်ဖြစ်သ်ေဟု ကုအာန်ကဆိုခြင်းဖြစ်သည်။ အရ်သောကို လုံးဝိတ်ပင်သောအမိန့် ရောက်ရှိလာသည်။ဗနူနဆီရီအုပ်စုဝင်များနှင့် စစ်ဖြစ်ပွားခဲ့သည်။ A.D၆၂၆>ဟိဂျရီ၅ခုနှစ်တွင် ခန်ဒက်စစ်ပွဲအပါအဝင် စစ်ပွဲများကို ဆင်နွဲခဲ့ရသည်။ တမန်တော်မြတ်သည် မဒီနာမြို့တွင်ရှိစဉ်ကာလ၏ ရက်ပေါင်း၇၃၁ ရက်ကိုစစ်ဆင်ရေး ၂၇ခုတွင် ကုန်ဆုံးစေခဲ့သည်။ တစ်နည်းအားဖြင့် မဒီနာမြို့စံ ငါးပုံတစ်ပုံအချိန်သည်။စစ်ဆင်ရေးတွင် ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။ ထိုမျှမက အကြိမ်ပေါင်း ၅၀ကျော်မျှ ဒေသအသီးသီးသို့ အစ္စလာမ်ဒေသနာပို့ချရန် သွားရောက်ခဲ့သည်။ ဤဟိဂျရီ ၅ခုနှစ်တွင် ဒေါက်တာအုပ်စုဝင်များ အလုံးအရင်းဖြင့် အစ္စလာမ်ကို လက်ခံလာခဲ့သည်။ A.D ၆၂၇> ဟိဂျရီ ၆ခုနှစ်တွင် မက္ကာသားတို့နှင့် ဟုဒိုင်ဗီယာစာချုပ် ချုပ်ဆိုခဲ့သည်။ ဤနှစ်တွင် အာရဗ်သူရဲကောင်းကြီး ခါလစ်ဒ်ဗင်န် ဝလီဒ်နှင့် အုမရ်ဗင်န်အာစ်တို့ အစ္စလာမ်ကို လက်ခံလာခြင်း၊ ဟုဒိုင်ဗီယာစာချုပ်ပါ အချက်အလက်များကို ဆွဟာဗာတို့ မကြိုက်မနှစ်သက်သော်လည်း တမန်တော်မြတ်၏ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းချက်ရလာဒ်ကို မကြာခင်ကာလတွင် မြင်တွေ့ရတော့သည်။ ဤစာချုပ်ချုပ်ဆိုပြီးနောက် မက္ကာမြို့ဒေသတွင် အစ္စလာမ်ကို လက်ခံသူများ ပိုမိုများပြားလာခဲ့တော့သည်။ A.D ၆၂၈>ဟိဂျရီ-၇ခုနှစ်တွင် နိုင်ငံတကာခေါင်းဆောင်များ၊ အကြီးအကဲများထံသို့ အစ္စလာမ်သဝဏ်လွှာပေးပို့နိုင်ခဲ့သည်။ ဤနှစ်တွင် ခိုင်ဗရ်စစ်ပွဲကို ဆင်နွဲခဲ့သည်။ ခိုင်ဗရ်အောင်ပွဲကာလတွင် အီသီယိုးပီးယား(အဘီဆီးနီးယား)မှ မုစ်လင်မ်တို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဟုဒိုင်ဗီယာစာချုပ်အရ မက္ကာမြို့မှ မဒိနာမြိဲ့သို့ လာရောက်ခွင့် မရှိသော မုစ်လင်မ်တို့သည် ကြားစခန်းတွင် သီးခြားရပ်တည်၍ ပြောက်ကြားစစ်ဆင်ရေး ဆင်နွဲခြင်းပြုခဲ့သည်။ ဤနှစ်တွင် မုလင်မ်တို့ အွမ္မရာပြုရန် မက္ကာသို့ သွားရောက်နိုင်ခဲ့သည်။ ဤနှစ်တွင် ကွာရှင်းခြင်း၊ ထိမ်းမြားခြင်းနှင့် စပ်လျဉ်း၍ အမိန့်များ၊ လမ်းညွှန်ချက်များ ကျရောက်ခဲ့သည်။ A.D ၆၂၉-၆၃၀>ဟိဂျရီ ၈ခုနှစ်တွင် မက္ကာသားတို့သည်။ ဟုဒိုင်ဗီယာစာချုပ်ကို ချိုးဖောက်ကြ၍ မုစ်လင်မ်တို့ မက္ကာသို့ ချီတက်ကာ အောင်ပွဲခံရခြင်း၊ ဤမျှကြီးမားလှသောအောင်ပွဲကို သွေးမြေမကျအောင် တမန်တော်မြတ်က စီစဉ်ပေးနိုင်ခဲ့သည်။ မက္ကာမြို့တော်ရှိ မတရားသိမ်းပိုက်ခဲ့သော အိုးအိမ်ဥစ္စာပစ္စည်းများ အတွက် လက်စားချေခြင်းမပြုခဲ့ပါ။ ကအ်ဗာကျောင်းတော်၏ သော့ကိုပ်ငလျှင် မူလဂေါပကတို့လက်တွင် အပ်နှံခဲ့သည်။ ဤတွင် အလုံးအရင်းနှင့် အစ္စလာမ်ကို လက်ခံလာခြင်း၊ ကအ်ဗာဝတ်ကျောင်းတော်ကို သန့်စင်စေခြင်း၊ အတိတ်ကာလ၏ ဓလေ့ဆိုးများကို ဖယ်ရှားခဲ့သည်။ ဤနှစ်တွင်ဟုနိုင်န်စစ်ပွဲလည်း ဖြစ်ပွားခဲ့သည်။ A.D၆၃၀-၆၃၁>ဟိဂျရီ ၉ခုနှစ်တွင် အာရေဗျခေါင်းဆောင်များနှင့် လူအများအပြား အစ္စလာမ်ကို လက်ခံလာခြင်း၊မဒီနာမြို့သို့ ကိုယ်စားလှယ်များမပြတ်လာရောက်ခြင်း၊ အဗူဗကရ်သခင်ကြီးကို ဦးဆောင်စေ၍ တမန်တော်မြတ်(ဆွ)က ပထမဆုံး ဟဂ်ျကိုပြုခဲ့သည်။ အတိုးအညွန့်စားခြင်းကို ပိတ်ပင်သည့်ဥပဒေပြဌာန်းခဲ့သည်။ A.D ၆၃၁>ဟိဂျရီ ၁၀ခုနှစ်၊ သဗုက်စစ်ပွဲဖြစ်ပွားခဲ့သည်။ ဤနှစ်ရမ္မဿွန်လတွင် ဆွီယာမ်ဥပုဒ်သီလ ဆောက်တည်ခြင်းသည် တမန်တော်မြတ်အတွက်နောက်ဆုံးဖြစ်ခဲ့ရသည် တမန်တော်မြတ်၏နောက်ဆုံးဟဂ်ျမိန့်ခွန်းကို လူသားတစ်သိန်းကျော်ရှေ့မှောက်တွင် ဟောကြားခြင်းဖြင့် ကမ္ဘာ့လူသားတို့အတွက် လူ့အခွင့်အရေးကြေငြာခဲ့သည်။ A.D ၆၃၂> ဟိဂျရီ ၁၁ခုနှစ်တွင် ဆွဖရ်လမှစ၍ တမန်တော်မြတ်နေထိုင်မကောင်းဖြစ်ခဲ့သည်။ ရဗီအောဝ်ဝလ်လ ၁၂ရက်၊ ဟိဂျရီ ၁၁ခုနှစ်တွင် ဝဖသ်ဖြစ် ကွယ်လွန်ခဲ့သည်။ ရှေးကျမ်းဂန်များမှ တမန်တော်ချုပ်ပွင့်မည့်အကြောင်း ဟောကိန်းများ (က) ခရစ်ယာန်ကျမ်းစာများ အို…အာဒမ်၊ သူ့အားကြိုဆိုလှဲ့ပါ။ သူကားပထမဆုံးလူသားတည်း။ အသင့်နောက်နှစ်များစွာ အကြာတွင် တမန်တော်အဖြစ်ပွင့်လာမည့်သူတည်း။ အရာခပ်သိမ်းကို သူ့အတွက်သာ ဖန်ဆင်းထားသည်။ ကမ္ဘာကို သူကအလင်းဆောင်အံ့ အရာရာကို မဖန်ဆင်းခင် နှစ် ၆၀၀၀၀ အလျင်ကထဲက သူ့ဝိဥာဉ်ကရှိနှင့်ပြီးဖြစ်၏ ။ (ခ) ဓမ္မဟောင်းကျမ်း ကောလည်ရာကျမ်း-(၁၈း၁၅-၁၈) မောရှေကဲ့သို့သော တမန်တော်တစ်ပါးပွင့်အံ့။ (ဂ) ဓမ္မသစ်ကျမ်း-ရှင်ယောဟန်-၁၄း၁၅၊ သမ္မာတရားကိုပြသော ဝိဥာဉ်တော်ပွင့်စေအံ့။ ခပ်သိမ်းသောအရာတို့ကို တင်ပြအံ့။ ရှင်ယောဟန်-၁၈း၁၇၊ ငါမသွားခဲ့သော် ပါရာကလိတပ် ပွင့်မလာပြီ။ ယခုမပြောသေး၊ အသင်တို့ ယခုမခံနိုင်၊ သမ္မာတရားကို အကြွင်းမဲ့ဟောအံ့။အလိုအလျောက်မဟုတ်၊ နောင်လာလတ္တံ့အရာဟောအံ့။ (ဃ) ဟိန္ဒူကျမ်း-(ကလ္လကီ၏ ထေရုပ္ပတ္တိကျမ်း) ၁။ နောက်ဆုံးပွင့်မည့် ကလ္လကီဘုရား ဆီမ္ဗလဒီပအရပ်မှာပွင့်အံ့။ ၂။ ဟိန္ဒီသက္ကရာဇ် ၆၂၇ ခုနှစ်၊ဗိုက်စခလဆန်း ၁၂ရက်၊ နေထွက်ပြီး ၂နာရီခန့်မှာပွင့်ဖွားအံ့။ ၃။ ဂူတွင်တရားကျင့်စဉ် ပရရှရမ် ကောင်းကင်တမန်ကတဆင့် ဗျာဒိတ်ရအံ့။ ၄။ ဆိမ္ဗဒီပ၏ ရာနီက ကိုယ်စားလှယ်မှတစ်ဆင့် လက်ထပ်ရန်ကမ်းလှမ်းအံ့။ ၅။ မြောက်ဘက်တောင်နားမှ ထွက်ခွာအံ့။ (င) ဗုဒ္ဓဘာသာကျမ်း (ဗုဒ္ဓေါပရာဏ်ကျမ်း) အာနန္ဒာက…အရှင်ဘုရား ပရိနိဗ္ဗာန်စံသွားခဲ့သော် ဤလောက၌ လူသတ္တဝါတို့အား အဘယ်မည်သော ပုဂ္ဂိုလ်က တရားပြအံ့။ ဗုဒ္ဓ…၁။ ငါပထမ မဟုတ်၊ နော်ဆုံးမဟုတ်၊ နောက်ဆုံးခေတ်နှင့်ညီစွာတစ်ပါးပွင့်အံ့။ ၂။ ကဲ့ရဲ့ဘွယ်ရာ အပြစ်များမှ စင်ကြယ်အံ့။ ၃။ နှလုံးဟဒယဝတ္ထုသည် သဒ္ဓါတရားဓာတ်တော်၏ ရောင်ခြည်တော်နှင့် အတိပြည့်စုံအံ့။ တလောကလုံး ကျက်သရေတိုး စည်းစိမ်ဥစ္စာများအံ့။ ၄။ ဝေနေယျလူ သတ္တဝါအပေါင်း၏ အတိဥက္ကဋ္ဌဖြစ်အံ့။ ၅။ တရားဥာဏ်တော်နှင့်ယှဉ်အံ့၊ တရားကို ပြည့်ဝစွာဟောအံ့။ ကျမ်းကိုးစာရင်း (1) ISLAM AND BUDDHISM IN THE MODERN by IMRAN NAZAR HOSEW (2) ISLAM AND BUDDHISM by DR.ZAKIR NAIK (3) BUDDHIST- MUSLIM DIALOGUE by DR.CHANDRA MUZAFFAR. ဘာသာပြန်သူ နာမည်ကျော် စာရေးဆရာ ဝါးခယ်မ …. စီစဉ်တင်ဆက်သူ မိုးစက်

နီးလွန်းလှ၍ မမြင်မိကြခြင်းလေလား

နီးလွန်းလှ၍ မမြင်မိကြခြင်းလေလား ပါစူး… ပါစူးကား အသက်(၆)နှစ်အရွယ် ကလေးတစ်ဦးပင်။ မျက်လုံးက နက်မှောင်နေပြီး ပြုံးလိုက်လျင် ပါးချိုင့်ကလေးပေါ်လာခြင်းက ပိုပြီးချစ်ချင်စရာ။ သို့အတွက် ကလေးငယ်၏ ဖူပီ (အဒေါ်)တို့က ‘အရီမျက်လုံး’ဟု ချစ်စနိုးဆိုကြသည်။ ဗမာချော ချောတဲ့ ပါစူးလေးဟူ၍လည်း ဆိုစမှတ်ပြုကြသည်။ ပါစူး၏အမည်ရင်းက မန်ဆူးရ်ဖြစ်သည်။ စကားပြောလျင် သူ့ကိုယ်သူ “ပါစူးက ပါစူးက”ဟု ပြောတတ်သဖြင့် ပါစူးဟု တွင်သွားခြင်းဖြစ်သည်။ သူ့မိခင်ဘက်က အဘိုးအဘွားတို့ကတော့ သူ့ကို အလီပူတူးဟု ခေါ်ကြသည်။ ပါစူးကို ကျောင်းထားစဉ်က ဖြစ်သည်။ ပထမတန်းတွင် ပတ်ဝန်းကျင် ဘာသာကို သင်ကြားကြရသည်။ ကလေးသူငယ်အရွယ်ကတည်းက ပတ်ဝန်းကျင်ကိုစူးစမ်းလိုစိတ်ရင့်သန်လာအောင်ဆိုပါတော့။ တစ်နေ့ဆရာမက သူ့ကိုဆန်ဘယ်ကရသလဲဟု မေးခဲ့သည်။ ဤအကြောင်းကို သူက မပြောပြ။ သူ့သူငယ်ချင်းများက သူ့အစ်မမိုးမိုးကို ဖောက်သည်ချလိုက်ခြင်း ဖြစ်သည်။ သူ့အဖြေကိုကြားရသည်က ရယ်စရာပင်။ ဆန်ဘယ်ကရသလဲ ဟူသော ဆရာမ၏ အမေးအတွက် သူ့အဖြေက ‘သမဝါယမ ဆိုင်ကပါ ဆရာမ တဲ့’ ဆရာမအပါအဝင် တစ်တန်းလုံး ဝိုင်းရယ်ကုန်ကြသည်။ ဧရာဝတီမြစ်ဝကျွန်ပေါ်ဒေသဖွား ဖခင်၏ မျက်နှာကိုမှ မထောက်ထား ဖြေရက်ပါပေ့ ပါစူးရယ်။ တစ်နေ့လည်း သူ့မိခင် လုံမလေးထံက တဝါးဝါးရယ်သံကို ကြားလိုက်ရသည်။ အကြောင်းရင်းကို ဆန်းစစ်လိုက်တော့ သမီးငယ် ပပအတွက် အမေဖြစ်သူက ပါစူးကို ဘီစကွတ်မုန့်ဝယ်ခိုင်းလိုက်သည်။ ငတိက လမ်းတွင် ကလေးမုန့်ကိုခေါင်းပုံဖြတ်စားလိုက်သည်။ စားလာရင်း ဘီစကွတ်က နှစ်ခြမ်းပဲ့သွားတော့သည်။ မိခင်ဖြစ်သူက သူပေးလာသည့် ဘီစကွတ်ပဲ့ကို ကြည့်ပြီး ‘ဟဲ့ ကလေးဖို့ ဘီစကွတ်က ဘာကြောင့် နှစ်ခြမ်းပဲ့နေရတာတုန်း’ ‘လမ်းမှာကိုင်လာရင်း လေတိုက်တာနဲ့ နှစ်ခြမ်းပဲ့သွားရတာအမေရဲ့’ တဲ့။ ဘင်္ဂလားဒေ့ရှ် လေမုန်တိုင်းက သူ့လက်ကိုဘယ်အချိန်က ဖြတ်တိုက်သွားသည် မသိ။ လေတိုက်၍ ဘီစကွတ်မုန့်က နှစ်ခြမ်းကွဲသွားရသတဲ့။ တော်တော်လာ တဲ့ပါစူးပဲ။ တစ်မြို့နှင့်တစ်မြို့ အခေါ်အဝေါ် ဓလေ့ခြင်းက မတူကြ။ စာရေးသူတို့မြို့မှာတော့ ဖခင်ဘက်မှပဲ ဖြစ်ဖြစ်၊ မခင်ဘက်မှပဲဖြစ်ဖြစ် အဘိုးနှင့်အဘွားကို နာနာနှင့် နာနီဟုသာ ခေါ်ကြသည်။ ရန်ကုန် ရောက်လာတော့ ဖခင်အဘိုးအဘွားကို ဒါဒါ။ ဒါဒီဟုလည်းကောင်း၊ မိခင်ဘက်မှ အဘိုးအဘွားကိုတော့ နာနာ၊ နာနီဟုလည်းကောင်း ခွဲခွဲခြားခြား ခေါ်ကြသည်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဟု ဆိုရိုးရှိသည်ကိုး။ ပါစူး၏ ဒါဒီ(အဘွား)ကွယ်လွန်ပြီး ၃ရက်မြောက်နေ့ဖြစ်သည်။ သူ့ဖူဖီများဖြစ်ကြသည့် အရှာဘီ၊ ရှဖီ၊ ရှကီတို့က အကျွေးအမွေးအတွက် လုပ်စရာ ကိုင်စရာများကို လုပ်နေကြသည်။ ပါစူးက အနားတွင် ရှိနေသည်။ ဆော့လည်း မဆော့၊ ကစားလည်း မကစား ငြိမ်ချက်သားကောင်းနေရရှာသည်။ သူ့ကိုကြည့်လိုက်တော့ တစ်ခုခုကို စဉ်းစားနေသလိုပင်၊ သူ့အဒေါ်များကပင် မျောက်ရှုံးအောင် ဆော့တဲ့ကောင် ငြိမ်လှချည်လားဟု တွေးမိကြသေးသည်။ မကြာမီ ပါစူးက စကားစလာသည် သူ့အမေ မလုံမကို မေးသည်။ “အမေ…အမေ၊ဒါဒီတော့သေပြီး နာနီက ဘာလို့မသေသေးတာတုန်း” တဲ့ သူ့ အမေခမျာ ‘ဘာ’ဟု တစ်ခွန်းတည်းသာ ဆိုနိုင်ရော့တော့သည်။ ဤမေခွန်း သူ့ဖခင်၏ ယောက္ခမ၊ သူ့မိခင်၏ မိခင် ပါစူးလေးတို့၏ နာနီ ဒေါ်ဖာတီးသာ ကြားသွားပါလေက မိုးကြိုးပစ်ရကိန်းပါပဲ။ မေးမှ မေးရက်လေတယ် ပါစူးရေ….။ ခတမ်အိမ်မှ အဆွေးဝိုင်းက ဟာသဝိုင်း ဖြစ်သွားရတော့သည်။ “မာမက်ဂျန် ကျာကျာလာပြီ လာပြီ” ဟူသော အသံက ဆူညံသွားသည်။ တောမြို့လေးနေ ဦးလေးအလည်ရောက်လာတိုင်း ကြားနေကြအသံဖြစ်သည်။ မကြမီ ဤဦးလေးကို ကလေးတစ်အုပ်နှင့် တရုံးရုံးတွေ့ရသည်။ ဦးလေးပေးသော မုန့်ဖိုးနှင့် မိုးပျံပူဖောင်းများကို ကိုယ်စီဝယ်ကာ ဆော့ကစားနေကြသည်။ ‘ဟာ…ပါစူးပူဖောင်းကြီး တက်သွားပြီဟေ့’ ဤအော်သံကြား၍ ကြည့်လိုက်တော့ မိုးပေါ်သို့ တရိပ်ရိပ်လူးကာ လွန့်ကာနှင့် တက်သွားသည့် မိုးပျံပူဖောင်းကို ငိုမဲ့မဲ့နှင့် ကြည့်နေသူက ပါစူး။ မိမိချစ်ခင်စုံမက်ရသည်နှင့် ကင်းကွာရခြင်းက ဒုက္ခဆင်းရဲခြင်းတဲ့။ ကလေးတို့အရွယ်ဝယ် သူတို့လေးတွေမြတ်နိုးရသည့် ကစားစရာများကို ဆုံးရှုံးရချိန်တွင် ခံစားရသည့် ဝေဒနာကို ကလေးအရွယ်၏ ဒုက္ခဟု ဆိုရလေမည်လား၊ ကလေးဘဝ၏ ပူပင်သောကဟု ဆိုရလေမည်လား၊ ပါစူးမျက်နှာမကောင်း ငြိမ်ချက်သားကောင်းနေသည်။ အခြားကလေးများ မိုးပျံပူဖောင်းနှင့်ကစားပုံကို ကြည့်ပြီး သူလည်း ကစားချင်နေရှာမည်။ ပူဖောင်းသည်လည်း မရှိတော့။ ထိုစဉ် ဦးလေးငယ် မဂျစ်ကျာကျာက လျောက်လာနေသည်။ ပါစူးက ‘ကျာကျာ ကျာကျာ…မိုးပေါ်တက်သွားတဲ့ ပူဖောင်းကို အလ္လာဟ်က သိမ်းထားလားဟင်’ဟု မေးလာသည်၊ ကျာကျာဖြစ်သူကလည်း ခပ်နောက်နောက် ခပ်ပေါ့ပေါ့ပင် ‘အေး သိမ်းထားလိုက်ပြီ’ ဟုဖြေသွားသည်။ လူကြီးတွေက ကလေးများကို ခပ်လွယ်လွယ်နှင့် မိုးပေါ်မှာ အလ္လာဟ်ရှိသည်ဟု ပြောတတ်ကြလေ၍ ဤသို့မေးလာခြင်းဖြစ်သည်။ ဆက်လက်ပြီး သူ့အမေးကို ကြားရမိချိန်မှာတော့ သူ့အပေါ် ပို၍ကရုဏာ သက်မိရတော့သည်။ ‘ကျာကျာ အလ္လာဟ်ဆီကိုဖုန်းဆက်လို့ ရသလား’တဲ့….။ ဦးလေးက ပူဖောင်းတွေကို အလ္လာဟ်က မိုးပေါ်မှာသိမ်းထားတယ်လို့ ဖြေသွားတော့ သူက ဖုန်းဆက်ပြီး ပြန်တောင်းမဲ့သဘောပေါ့လေ။ တီထွင်သူ သိပ္ပံပညာရှင်ကြီး အယ်ဒီဆင် ငယ်စဉ်က ဘဲငန်းမကြီး ဥကျင်းမှာဝပ်လို့ ငန်းကလေးတွေ ပေါက်လာတာကိုမြင်ပြီး သူကလည်း ဥကျင်းမှာ ဝင်ထိုင်ခဲ့သည်။ အဆုံးမှာတော့ ဥတွေကွဲပြီး ဘောင်းဘီပေကျံ သွားတာသာ အဖတ်တင်သည်။ သြော်….ကလေးအတွေးရယ်ကိုး။ တနေ့ စာရေးစားပွဲခုံဝယ် ပါစူး၏ ဖခင်က သဲကြီးမဲကြီးနှင့် စာဖတ်နေသည်။ ပါစူး၊ မိုးမိုး၊ ဘီလာလ်နှင့်၊ ပပရှီရင်း၊ သွာဟီယာ အဗ္ဗားစ်နှင့် ရှဘီလား စသည့် ကလေးများစုဝေး ထိုင်နေရင်းက မဒရ်ဆာမှ ဆရာသင်လိုက်သည့် သင်ခန်းစာအကြောင်းကို ပြောနေကြသည်။ ရှီရင်းလေးက ‘တမန်တော်…တမန်တော်… ကျွန်ုပ်တို့၏တမန်တော်၊ တမန်တော် ဘယ်မှာဖွား… မက္ကာမြို့မှာဖွား’ ဟူသော ကဗျာကို မပီကလာ ပီကလာအသံနှင့်ဆိုနေသည်။ ကဗျာဖြင့် ကလေးကို ပညာပေးခြင်းက ထိရောက်လှသည်။ မကြာမီ ပါစူးက သူ၏ ဖခင်အနားရောက်လာသည်။ မေးခွန်းမေးပြီး “အဘ အဘ၊ ကမာရွတ်နေ့က ဘယ်နေ့လဲဟင်” “ဘာ…ကမာရွတ်နေ့ ဟုတ်လား” အံ့သြစွာ ဖခင်ဖြစ်သူက ဆိုမိသည်။ မြန်မာပြည်ဝယ် ‘လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ အလုပ်သမားနေ့’ စသည်ဖြင့်သာ ကြားဖူးသည်။ ကမာရွတ်နေ့ဟု အလျဉ်း မကြားဖူးခဲ့၊ ကြောင်းအမ်းအမ်း ဖြစ်သွားရသည် ‘ကမာရွတ်နေ့ကျရင် နေကခုနှစ်စင်း နိမ့်နိမ့်လေးထွက်မယ်ဆို’ဟု ဆက်လက်ဖြည့်စွက် မေးလာလေတော့မှ. သြော်…ကေယာမသ် (ကမ္ဘာပျက်မည့်)နေ့ ပါကွ၊ ဟား ဟား မင်းလုပ်လိုက်မှ တလွဲချည်းပဲ၊ ဘယ်က ကမာရွတ်နေ့ရမှာလဲ ဟား ဟား ဟား ဤမျှအထိပွဲကျရသည့် ပါစူးပင်ဖြစ်သည်။ ပရိတ်သတ်အားလုံး တဝါးဝါးနှင့် ပွဲကျသွားသည်။ ဆရာကလည်း ဣနြေ္ဒမဆည်နိုင်တော့။ ဒီတစ်ချီမှာလည်း တရားခံက ပါစူး။ အသုဘအိမ်တစ်အိမ်မှာဖြစ်သည်။ ဇိကိရ်စိတ်ပြီး ကွယ်လွန်သူအပေါ် အီဆာလေဆွဝါဗ် ပို့ကြမည်ဖြစ်သည်။ အုန်းနို့ခေါက်ဆွဲ ကျွေးမွေးဧည့်ခံမည်။ ပတ်ဝန်းကျင်ဝယ် တရားသံက လွှမ်းမိုးနေဖို့လိုသည်။ ဤအတွက်ကြောင့် မြင့်စွင့်သောမီနာရာထက်မှ အဇာန်ဆို ဟစ်ကျွေးစေခြင်း ဖြစ်သည်။ လေထုအတွင်းဝယ် အလ္လာဟ်ရှင်ကို တ,သသံကတင်ကျန်ရစ်ဖို့ ဖြစ်သည်။ လေထုတွင်းက အသံကလည်း ကိယာမသ်နေ့မှာ သက်သေခံမည်ကိုး။ ဇိကိရ်အပြီးတွင် ဆရာက တရားဟောသည်။ “ရုပ်ခန္ဓာက အစီးအနင်းနှင့်တူပြီး ရူဟ်ဝိညာဉ်က စီနင်းသူနှင့် ပမာတူကြောင်း၊ ထို့ကြောင့် မိမိထံ မြင်းစီးပြီး ရောက်လာသူကို ဧည့်မခံဘဲ မြင်းကိုသာ ကျွေးမွေးဧည့်ခံပါက သဘာဝကျမည် မဟုတ်ကြောင်း ယခုတော့ ဒွန္နီယာတွင် ရုပ်၏ အစာကို ကျွေးကြသလောက် ရူဟ်ဝိညာဉ်၏ အစာဖြစ်သော အိဗာဒသ်အပိုင်းကို အင်မတန်မှ ပေါ့လျော့ကြကြောင်း” ပြောရင်းမှ ဆရာက ဒေါနှင့် မာန်နှင့် အရှိန်တက်လာကာ “ရူဟ်ဝိညာဉ်ကို ဘာကျွေးရမလဲ…? ဟု အသံကိုမြှင့်ပြီး မေးလာသည်။ “အုန်းနို့ခေါက်ဆွဲ” ဟု ကြောင်အမ်းအမ်းကလေး အသံနှင့် အဖြေကိုကြားလိုက်ရသည်။ အားလုံးဝိုင်းရီကြသည်ကို ရွံရွံကြောက်ကြောက်နှင့် ကြည့်နေသည့် အဖြေရှင်က သူ့ကိုမေးသည်ထင်ပြီး…. ယောင်ယမ်းဖြေလိုက်သူက ပါစူးလေ…။ တစ်နေ့သောအခါတွင် သူ့ဖခင်ထံ ပါစူး မေးခွန်းတစ်ခုမေးလာသည်။ ကလေးက မေးလာလင့်ကစား အဖြေရခက်လှသည်။ ‘အဘ၊ ပါစူး အလ္လာဟ်ကို တွေ့ချင်တယ်၊ အလ္လာဟ်က ဘယ်လိုနေလဲဟင်’ တဲ့ ဖခင်ဖြစ်သူခမျာ သူ့အမေးကို မဖြေမိခင် ငယ်စဉ်ကလေးဘဝက သူ့မြို့က ယောင်မွန္နဗီ အခမ်းအနား၏ မြင်ကွင်းကို အထင်းသားမြင်ယောင်မိသည်။ ထိုစဉ်က အခမ်းအနားတွင် သဘာပတိကြီးများအဖြစ် ဆောင်ရွက်ကြသည့် အဒူစမက် အပါ၊ အီဒရစ်အပါနှင့် ဂျာမေဗလီဆရာကြီးတို့မှာ ခန့်ငြားထည်ဝါလှကြသည်။ အသားဖြူပြီး ရုပ်ဆင်းကြန်အင်က တင့်တယ်လှသည်။ အဒူစမက်အပါကြီးက တူရကီဦးထုတ်ပုံစံ ဇာဦးထုတ်အဖြူနှင့် အီဒရစ်ဆီအပါကတော့ တူရကီဦးထုတ်အနီပန်းဖွာ အနက်နှင့် ခါးတွင်လည်း ဧရာမ ခါးပတ်ကြီးနှင့်၊ ဗလီဆရာကြီးကလည်း မုတ်ဆိတ်နှင့် ပါးသိုင်းမွှေးနှင့် ခန့်ထယ်လှဘိသည်။ မှတ်မိပါသေးသည်။ အဒူစမက် အပါကြီးက အသက်အရွယ် အိုမင်းလာချိန်တွင် နားအနည်းငယ်လေးသည်။ အရွတ်ဆမန့်တို့ အစ္စမာအင်တို့လို လူငယ်တစ်စုက အပါကြီးလာသည်ကိုမြင်လျင်၊ လူငယ်တစ်စုက အပျော်အပါး အနောက်အပြောင် သန်ကြသည်မို့ ဆလာမ်ပေးသံလိုလို လက်ကိုပြပြီး၊ ပါးစပ်က “အပါကြီးမြေးမလေး ကျွန်တော့်ပေး”ဟု ဆိုကြသည်။ အပါကြီးကတော့ နားမကြားတော့ ဆလာမ်ပေးသည်ထင်ပြီး “ဝလိုင်းကွမ်းဆလာမ်” ဟု ဂျဝါဗ်ပေးသွားတတ်သည်။ အခုတော့ ဤသုံးဦး ကွယ်လွန်သွားကြပြီ။ သူတို့တတွေ၏ ဝိညာဉ်မှာ အလ္လာဟ်ရှင်၏ အေးရိပ်သာယာဝယ်ရှိနေပါစေဟု ဆုတောင်းမိပါသည်။ သူတို့ ငယ်စဉ်က ဖဂျရ်ဆွလာသ်ဖတ်ပြီးတိုင်း ဤအပါကြီးများက နံနက်စောစော ဗလီလာကြသည်။ ကျွန်တော်တို့ကလေးငယ်တစ်စုကို ဗန္ဓုလ ကာကာဆိုင်တွင် နံပြားမလိုင် လက်ဘက်ရည်ကျွေးခြင်းဖြင့် ဗလီမှန်မှန်လာချင်အောင် စည်းရုံးသွားခဲ့သည် ဤကုသိုလ်ကို အလ္လာဟ်အရှင် လက္ခံတော်မူပါစေ။ တရားပွဲများတွင် အလ္လာဟ်၊ ရဆူလ်နှင့် ဂျစ်ဗရာအီလ် ဟူ၍ မကြာမကြာ ကြားရလေတော့၊ ဤအပါကြီး သုံးဦးကိုပင် (နအူသိုလ်ဗိအလ္လာဟ်) အလ္လာဟ်၊ ရဆူလ်၊ ဂျဗရာအီလ်ဟု ကျွန်တော်တို့ ငယ်ငယ်က ကလေးအတွေးနှင့် တွေးမိကြသည်။ ယောင်မွန္နဗီ နေ့မို့ ကောင်းကင်က ဆင်းသက်လာသည်ဟု ထင်မိခဲ့သည်။ သြော် ယခုတော့ ကလေးအရွယ် သားငယ်က မေးလာသည် ‘အလ္လာဟ်’ ကဘယ်လိုနေသလဲတဲ့။ ကလေးက မေးသည်။ လူကြီးကတွေးသည်။ ဖြည့်ကြရမဲ့ ကွက်လပ်လေလား။ တာဝန်များထဲက တာဝန်တစ်ခုလေလား။ အဖြေကတော့ ကလေးတို့အသိဝယ်...သူတို့ အဆင့်နှင့်အညီ… ‘အလ္လာဟ်ကို နားလည်စေမည့်…. ‘ရစူလ်ကို သိမြင်စေမည့်… ‘ကုရ်အာန်ကို တတ်သိစေမည့်… ကလေးတို့အတွက် အစ္စလာမ်စာပေလိုနေပါလား။ ရှင်းတော့ ရှင်းပါသည်။ မိဘနှစ်ပါးနှင့် သားသမီးအင်မတန်မှ နီးကြပါသည်။ ကလေးနှင့်လူကြီးကလည်း နီးပါသည်။ ကလေးအရွယ်ကို ကျော်နင်းပြီးမှ လူကြီးအရွယ်သို့ ရောက်ကြသည်။ ကလေးဘဝကို ကိုယ်တွေ့သိပြီးသား။ ကလေးအတွေ့ကိုတွေ့ပြီးမှ လူကြီးအသိကို ရကြသည် မဟုတ်ပါလော။ သို့သော်…ဤသို့ ဟာကွက်များကျန်နေခြင်းမှာ နီးလွန်းလှ၍ မမြင်မိကြခြင်းလေများလား (ပရဝင်း) (စီစဉ်တင်ဆက်သူသည် မျိုးနွယ် မုစ်လင်မ် မဟုတ်သည့်အတွက် အစ္စလာမ့်အသိုင်းဝိုင်းသို့ အသစ်ရောက်လာခြင်းဖြစ်၍ အစ္စလာမ့် အသုံးအနှုန်းများ လွဲမှားခဲ့သော် စာဖတ်သူအနေဖြင့် ဖြည့်စွက်နားလည်ပေးစေလိုပါသည်) (မိုးစက်)

စံနမူရယ် ယူတတ်ပါလေမှ

စံနမူရယ် ယူတတ်ပါလေမှ ရန်သူတို့ဘက်က မက်လုံးပေးပြီးအရေးဆိုလာသည်။ “အို… အဘူသွာလိဗ် အသင်၏ တူတော်မောင်အနေနှင့် အဖိုးအနဂ္ဃများပြားလှသော ရွှေငွေကျောက်သံပတ္တမြားများကို အလိုရှိသည်ဆိုအံ့၊ ကျွှန်ုပ်တို့ပေးရန်အသင့်ပါ၊ သို့တည်း မဟုတ် အာရေဗျ တစ်ဝန်းမှ အချောအလှဧကရီ လှပျိုဖြူများကို လက်ဆက်လိုသည်ဆိုအံ့။ ကျွှန်ုပ်တို့ဘက်က လိုက်လျောရန် အသင့်ရှိသည်သာ။ သို့တည်းမဟုတ် အာရေဗျပြည်ကြီး၏ ထီးဆောင်းမင်း ဧကရာဇ်အဖြစ် စိုးစံလိုပါသည်ဆိုအံ့။ ကျွှန်ုပ်တို့ဘက်က ဖြည့်ဆည်းရန် အသင့်ရှိပါ။ အသင့် တူတော်မောင်ဘက်ကသာ အစ္စလာမ်ဖြန့်ချီမှု လုပ်ငန်းကြီးကို ရပ်တန်းက ရပ်စေလိုကြောင်း တင်ပြပေးလှည့်ပါ” ဘကြီးတော်အဘူသွာလိဗ်ခမျာတုန်လှုပ်ခြင်းကြီးစွာ ဖြစ်မိသည်။ အားလည်းလျော့သွားရှာသည်။ တူတော်မောင်၏ အဖြေကို စိုးရိမ်စွာနှင့် ငံ့လင့်နေမိသည်။ “ဘကြီးတော် အလ္လာဟ် အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ ကုရိုက်ရှ်မျိုးနွယ်၏ ဤအကြီးအကဲများသည် ကျွှန်တော်၏ လက်တစ်တွင် နေကိုလည်းကောင်း၊ အခြားတစ်ဘက်တွင် လကိုလည်းကောင်း ပေအပ်နိုင်ကြသည်ပင် ရှိစေကာမူ ကျွန်တော်သည် မိမိ၏တာဝန်ကိုမူ စွန့်လွှတ်မည် မဟုတ်ပါ” တမန်တော်မြတ်၏ ထိရောက်ပြတ်သားစွာဆိုလာသည့် အဖြေစကားက… (၁) နေကပူပြင်းလှသည်။ ရန်ကုန်တွင် အပူချိန်က ၁၀၂၀။ပြည်တွင် ၁၀၄၀။အပူဒဏ်က မသက်သာလှ။ ဓနိမိုးအိမ်အတွင်းမှာပင် မနေနိုင်လောက်အောင် ပူလှသည်။ ကျွန်တော်ကရေးလက်စ စာမူကို စီစစ်နေခိုက်ဝယ် စလာမ်သံနှင့်အတူ ဆရာမကြီး ဒေါ်ခင်စန်းလွင်က ဆိုင်းမဆင့် ဗုံမဆင့် ပေါက်ချလာသည်။ ရောက်လာသည်နှင့် အချိန်ဆွဲမနေ။ လာရင်းကိစ္စကို တန်းပြောချလာသည်။ “ဆရာ ကျွန်မနွေရာသီ အစ္စလာမ် ရက်တိုသင်တန်း ဖွင့်ထားတယ်၊ဆရာက အစ္စလာမ်နှင့် သိပ္ပံဘာသာရပ်ကို ပို့ချပေးဖို့ လာပင့်တာ” “ဘယ်တော့ပို့ချရမှာလဲ” “ဘယ်တော့တွေ ဘာတွေလုပ်မနေနဲ့၊ ဒီကနေ့(၂)နာရီ သင်တန်းစမှာ” “ဗျာ” အာမေဍိက်သံကျွန်တော့်နှုတ်က ထွက်သွားသည်။ ယခုပဲ နံနက်(၁၀)နာရီကျော်နေပြီကိုး။ သို့နှင့်ကျွန်တော်က၊ “ဆရာမ ကျွန်တော်နောက်နေ့ သင်ပေးမယ်လေ”ဟု ဆင်ခြေတက်ခဲ့ရာ ဆရာမကြီးက “အို…နောက်နေ့တွေဘာတွေ လုပ်မနေနဲ့၊ ကျွန်မက ခင်ဗျားသင်မယ့် အကြောင်း ကြေငြာထားပြီးပြီ” ဒီတော့ ကျွန်တော်လည်း ရှေ့ဆက်ဘာမှမပြောသာ “အင်း….”ဟုလက်ခံလိုက်ရသည်သာ “ဓမ္မတေးလည်းသင်းပေးဦး”ဟူသော နောက်ဆက်တွဲ တာဝန်ကိုပါ ခေါင်းညိတ်လိုက်ရသည်။ သင်တန်းက အားရစရာပင်။ သင်တန်းတက်သူ ဦးရေခြောက်ဆယ်တွင် သင်တန်းသူကချည်း ငါးဆယ် ရှိနေသည်၊ သြော်ကမ္ဘာမှာလည်း အမျိုးသမီးဦးရေကများလှသည်မဟုတ်ပါလော။ သူတို့လေးတွေ၏ တက်ကြွပုံကိုကြည့်ပြီး ကျွန်တော်သည်ပင် အားတက်မိသည်။ အားတက်မိသလို အတွေးတစ်ခုလည်းပေါက်မိခဲ့သည်။ ယနေ့ တစ်ကမ္ဘာလုံးက ဟေလီကြယ်တံခွန် ဟေလီကြယ်တစ်ခွန်နှင့် ဖြစ်နေကြသည်။ ဤကြယ်ကြီးကို မြင်နိုင်မည့်ရက်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ သူကနှစ်(၈၀)မှ တစ်ခါ တစ်ခါပေါ်လာတတ်သည့် ဧည့်သည်ကြီးရယ်ကိုး။ တို့မုစ်လင်မ်ဘဝကလည်း ဟေလီကြယ်တံခွန် အလား ရယ်သို့။ကောင်းသော လုပ်ငန်းစဉ်ကလေးများ ချမှတ်ခြင်းတော့ရှိကြပါရဲ့ သို့သော် တစ်ကြိမ်မျှ အကောင်အထည် ဖော်ပြီးသည်နှင့် ဤလုပ်ငန်းက စုန်းစုန်းမြုပ် ပျောက်သွားတတ်သည်။ နောက်တစ်ကြိမ် ထပ်ဖြစ်ဖို့ဆိုသည်က… ဟေလီကြယ်တံခွန်ရယ်သို့၊အလှမ်းဝေးလွန်းနေသည်။ (2) * အစ္စလာမ်နှင့် သိပ္ပံသင်ခန်းစာ ကိုတော့ ပို့ချပေးပြီးခဲ့ပြီ။ ယခုတစ်လော စာစောင်တစ်ခုကိစ္စ တာဝန်ပိနေ၍၊ ဓမ္မတေး သင်ပေးဖို့က အချိန်မရသေးပေ။ တစ်ခုခုတော့ တစ်ခုခုအကြောင်းရှိ မည်သာ။ ဤဟာကွက်တစ်ခုက ဘာကြောင့်မှန်းမသိ။ အရိုးစွဲရောဂါရယ် သို့ဖြစ်နေသည်။ စာစောင် ကော်မတီများက စာစောင်ထုတ်ဖို့ စာမူတော့ တောင်းကြသည်။ ပြင်းထန်လေးနက်သော စည်းကမ်းချက်တစ်ရပ်အဖြစ်“မည်သည့်စာမူကိုမျှ စာမူခ အလျဉ်းချီးမြှင့်မည် မဟုတ်” ဟူသော သည်းကမ်းချက်ကို အသားပေးထည့်ရိုက် ထားတတ်ကြသည်။ စဉ်းစားရတော့ ကျပ်သည်သာ။ စာတစ်အုပ်ထုတ်လျင် စာမူလက်နှိပ်စက်ရိုက်ခ။ စာအုပ်ချုပ်ခ၊ စာမူဖတ်ခ၊ရိုက်ခ၊စီခ၊ ဒီဇိုင်းဆွဲခနှင့် ကာလာခွဲခ စသည့်ဖြင့် ဘယ်ကိစ္စမှ အခ မလွတ်ချေ။ အတွင်းစက္ကူ၊ မျက်နှာဖုံး စက္ကူလည်း ပိုက်ဆံပေးဝယ်ရသည်သာ၊ ဆင်ကောင်ကြီးဝယ်ပြီး ချွန်းဖိုးကျမှနှမြောသလို၊ စာမူခကျမှ တွက်ကပ်နေကြ သည်။ စာမူရှင်ခမျာမတော့ မိမိရေးမည့် စာမူပါရှိရာ စာအုပ် စာပေတို့ကိုငွေနှင့် စက်ဝယ် ရရှာသည်ကိုမှ မတွေးကြံလေသလား။ သြော်… တမလွန်ကျမှ အလ္လာဟ်အရှင်ထံပါးတွင် စာမူခကို စုပြုံထုတ်ယူရမှာလေသလား။ ဒီလိုတော့လည်း စာစောင်ကိစ္စအားချိန်ရတော့မှသင်တန်းဘက် ဖြစ်ခြေဦးလှည့်ခဲ့သည်။ သူတို့လေးတွေက တမျှော်မျှော်နှင့်ရှိနေကြသည်။ ယနေ့ခေတ်တွင် စတီရီယိုတေးများ ခေတ်စားလှသည်။ ဓမ္မတေးများဖြင့် အစ္စလာမ်အသိကိုဆင့်ပွားပို့ချမှုကလည်း အခြေအနေ အချိန်အခါ အလျောက်လိုအပ်လှသည်သာ တရား၏ အသံကလေယံကြောဝယ် ပဲ့တင်ထပ်နေရမည်ကိုး။ ဤသည်၏ စိတ်ပိုင်းဆိုင်ရာ အကျိုးတရား တန်ပြန် သက်ရောက်မှုကလည်း မသေးလှပေ။ သို့အတွက် ဤဏ္ဍကိုလည်းလက်လွှတ်၍မဖြစ်။ ဓမ္မတေး သင်ပေးစက သူကလေးကို ကျွန်တော်မတွေ့ခဲ့။ သင်တန်းပေးစဉ် ကတည်းက သင်တန်းသူ သင်တန်းသား အစုအဝေးထဲတွင် သူကလေးကို မတွေ့မိခဲ့။ ယခုအုပ်စု(၃)နှင့်(၄)ကို ဓမ္မတေး သင်ပေးဖို့ တာဝန်ကျလာရာ အုပ်စု(၃) ကိုသင်ပေးခဲ့ပြီးပြီ။ သူကလေးက အုပ်စု(၄)တွင် ပါသည်။ ဓမ္မတေး သ်ပေးနေစဉ် သူကလေးက ကျွန်တော့်နောက်ဝယ်ရှိနေသည်မို့ ကျွန်တော်က မမြင်မိခဲ့ခြင်း ဖြစ်သည်။ ခပ်ရွတ်ရွတ် သင်တန်းသားတစ်ဦး၏ နှုတ်မှ “သီရိဒုံ” ဟု ခေါ်သံကြားရပြီး မရှေးမနှောင်းမှာပင် သူကလေး၏ “ဘာသီရိဒုံလဲ…ဟင်း” ဟု သော ချစ်စဖွယ်ချိုလွင်သော အသံက်ုကြားလိုက်မိသည်။ “အို…အတော်လဲ လှပါကလား” ယခုမှ သူကလေးကို ကျွန်တော် မြင်မိသည်။ လှပသော ရုပ်သွင်ကလေးများကို မကြာမကြာ မြင်တွေ့ဖူးပါသည်။ ဖိုတီကိတ်၏ချစ်စဖွယ် မျက်နှာထားရှင်လေးလိုလှရက်လေသူလေး ဟုလည်း မနှိုင်းရက်ပါ။ သူကလေးအလှက ဤထက်ပိုတာ အမှန်ပါ။ ရင်ထဲအေးမြသွားရသည်။ ဘဝင်ခိုက်သွားရသည် အသည်းနှလုံးကိုဆွဲထုတ် ယူခြင်းခံရသည် သို့ခံစားမိသည်။ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်၏ ဖမ်းစားမှုကြောင့်မဟုတ်၍ အေးမြပါလှသည်။ ပကတိရိုးသား စင်ကြယ်သော မျက်နှာကလေးကိုက… “အင်း…ထိုင်းဘုရင့်သမီး သီရိဒုံနဲ့ မျက်နှာချင်းကလဲ ဆင်လွန်းတာကိုး” သူကလေးက သူမကူးထားသော ဓမ္မတေးစာ အုပ်ကို ကျွန်တော်ရှေ့ချပေးလာသည်။ ကျွန်တော် ဓမ္မတေးတိုင်းပေးစဉ်၊ သူမရေးထားချက်၌ စာကျကျန်နေသဖြင့် ဖြည့်စွက်ရေးပေးရန် ဘောလ်ပင်ကိုတောင်းယူလိုက်သည်။ သူကလေးက ဘောလ်ပင်လှမ်းအပေး၊ ကျွန်တော့် လက်နှင့် သူကလေး၏နူးညံ့လှသော လက်ချင်းထိ သွားသည်။ ရင်ထဲဖိုသွားရသည်။ ဓမ္မတေး သင်ပေးအပြီးတွင် သူကလေးက ကျွန်တော့်ကို ချိုလွင်သော အသံသာကလေးနှင့်… “ဆရာ…ကျွန်မတို့အိမ် လာလည်ပါ၊ ကျွန်မ အမှတ်(…)(…)လမ်းမှာနေပါတယ်၊ လာလည်နော်ဆရာ၊ ဆရာကလေ သိပ်ပြီး အသံကောင်းတာပဲ” ဟုဆိုလာသည်။ သူကလေး၏ အပြောနှင့် သူကလေး၏ အကြည့်တွင် ကျွန်တော့် အပေါ်အားကျ အထင်ကြီးစိတ်က အထင်းသား ပေါ်လွင်နေသည်။ အထင်ကြီး စိတ်အားကျစိတ်က အကောင်းကိုလည်း ဖြစ်စေနိုင်သည်။ အဆိုးကိုလည်းဖြစ်စေနိုင်သည်။ ကျော်ကြားမှု အထင်ကြီးမှုကို ပိုက်ကွန်အဖြစ် ဖြန့်ကျက်ချလိုက်ပါမူ… အပြစ်မဲ့ရွှေသမင်ကလေးများမှာ… • * “စာစောင်” ကိစ္စနှင့် ကဝိရတနာ ပုံနှိပ်တိုက်မှ အပြန်တွင် ဆစ်ဒီက်လည်း အတူပါလာသည်။ သူနှင့် စကားတပြောပြောလျောက်လာရင်း မဂိုလမ်းထိပ်ရောက်တော့ မီပွိုင့်ကမနီနေသည်မို့ လမ်းကူးရန် နှစ်ယောက်သား ရပ်စောင့်နေကြသည်။ ထိုစဉ် “ဆရာ ဆရာ” ဟု နောက်မှလှမ်းခေါ်သံကိုကြားလိုက်ရသည်။ အသံရှင်ကလေးက … သိပြီးတွေ့ချင်မြင်ချင်လှတဲ့“သီရိဒုံ”ကလေးပေါ့။ “သြော်…သီရိဒုံပါလား၊ ဘယ်ကလာတာလဲ” ဟု ကျွန်တော်က မေးလေတော့ ချစ်စဖွယ် အပြုံးရိပ်ကလေးနှင့် သူက…“အို…ဆရာကလဲ ကျွန်မနာမည်ကနှင်းဖြူဖြူနွယ်ပါ၊ “နှင်း” လို့ခေါ်လဲ ရပါတယ်၊ဆရာကလဲ အိမ်လာလည်ပါဆိုတာလဲ လာမလည်ဘူး“နှင်း” ကတော့မျှော်လို့” ဆစ်ဒိက်က ကြားမှဝင်ပြီး… “ယူတို့ဆရာက ရမ်ဇန်လမှာ သူများအိမ် အလည်မသွားဘူး။ ကျွေးသမျှ တိုက်သမျှတွေကို မစားရမှာစိုးလို့လေ ရိုဇာနဲ့မဟုတ်လား” ဒီတော့ “နှင်း” က ချစ်စဖွယ် ရယ်သွမ်း သွေးသွားသည်။ “ဆရာလာလည်နော်” ဟု ခေါ်ရင်းက “စလာမ်”ဆို နှတ်ဆက်ကာ လမ်ခွဲသွားသည်။ ကျွန်တော်က သူသွားရာကို ကြည့်နေမိသည်။ စိတ်ထဲတွင်တော့ ဆစ်ခါတည်း ထသာလိုက်သွားချင်တော့သည်။ ထိုနေ့မှစ၍၊ မဂိုလမ်းထိပ် မီပွိုင့်ရောက်တိုင်း၊ သူကလေးနှင့် တွေ့ရနိုးဟူ၍ ရှာကြည့်မိတတ်သည်က ကျွန်တော်။ • * ယနေ့သင်တန်းဆင်းပွဲရှိသည်။ သင်တန်းသူ သင်တန်းသားတိုင်းက အသစ်လွင်ဆုံး အဆင်အသွေးစုံ အဝတ် အစားများနှင့် အလှပဆုံး ပြင်ဆင်ပြီးလာခဲ့ကြသည်မို့ သူတို့ကိုကြည့်ရသည်က ရောင်စုံပန်းချီကား တစ်ချပ်ကို ကြည့်ရသည်ရယ်သို့… သူတို့လေးတွေထဲမှာ အလှဆုံးကတော့“သီရိဒုံ” ပင်ဖြစ်သည်။ ကျွန်တော်က သူ့ကိုသာ ကြည့်နေမိသည်။ သူကလည်းကျွန်တော့်ကို မကြာမကြာလှမ်းကြည့်နေသည်။ သင်တန်းဆင်းပွဲ မစမီ၊ သူတို့တွေဤအခန်းအနားတွင် သီဆိုမည့် ဓမ္မတေးကို ကျွန်တော်က ပြန်တိုက်ပေးရသေးသည်။ “သာလောင်နှင့် ပြာလောင်” ဟု ကျွန်တော်က နာမည်ပေးထားသော ငရွတ်နှစ်ကောင်က “ဒိုးရတော့မယ် အချစ်ရယ် နှုတ်ဆက်ခဲ့ပါတယ်” ဟူသော တေးသွား ဆိုညည်းနေကြသည်။ ဤတေးသံကို ကြားဖူးသည့် ကျွန်တော့် ရင်တွင်းမှာလည်း … ကျွန်တော့် အပါးတွင်“သီရိ” တစ်ဦးတည်း ရှိနေခိုက်ဝယ် “သီရိက သိပ်လှတာပဲ” ဟု ပြောလိုက်ရာ လှယမင်းလေးက ပြုံးရိပ်လေးဆင်ကာ ခေါင်းလေးကိုငုံ့ချလိုက်သည်။ ဆံကေသာလေးများ လှုပ်ယိမ်းသွားပုံက “အို…အသည်းခိုက်ရပါလား” သင်တန်းဆင်းပွဲ အခမ်းအနားကစပြီ။ သဘာပတိကြီးက မိန့်ခွန်းမြွက်ကြားနေသည်၊ ကျွန်တော်မျက်လုံးက“သီရိထံပါးမှာ… သီရိကလည်း၊ ကျွန်တော့်ကိုသာ မကြာမကြာ ကြည့်နေရှာသည်။ ခွဲရတော့မှာမို့လား… ကျွန်တော့်စိတ်အလျဉ်က လှုပ်ရှားနေသည်။ သင်တန်းဆင်းပွဲ ပြီးတော့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြသည်။ အားလုံးပေါင်း ရိုက်ရတွင် သူက ကျွန်တော့်ဘေးမှာ… ကျွန်တော့် အပေါ်အားကျ ခုံမင်မှုအပြည့် ပြနေသည်က သူကလေး။“အလှ”တွင် “အလှ” ဆင့်နေသည့်သူကလေး။ “အို…သီရိရယ် ဆရာလေ မင်းကို စိတ်ဝင်စားမိပြီ” လို့ဆိုလိုက်ချင်ပေမယ့် လည်း၊ ကျော်ကြားမှုပိုက်ကွန်ကို ဖြန့်ချလိုက်ခဲ့လျှင်လည်း…။ လူ့သဘာဝမို့ အာသီသပင်ရှိလင့်ကစား…။ ယောက်ယက်ခပ်နေသော စိတ်ဆင်ရိုင်း အကြားဝယ် -မောင်လာနာရူမီ၏ မတ်ဆနဝီကျမ်းမှ၊ သူတော်စင်နှင့် ကြောင်သူတော်နီတိ ပုံပြင်လေးကို ပြေးပြီး သတိရမိသည်။ “တစ်ဦးစီရဲ့ မျက်နှာကို မော်ကြည့်လှည့်စမ်း၊ ကောင်းကောင်းကြီးသိလာလိမ့်မယ်” ဒီတော့မှ သစ္စာတရားရဲ့ မျက်နှာကို မြင်တတ်မယ်၊ လူတွေရဲ့ မျက်နှာမှာ မကောင်းဆိုးဝါးတွေများလွန်းတာမို့ လူတိုင်းနဲ့ တွဲတာဟာ အမှားပဲ။ ငှက်ခတ်မုဆိုးဟာ သူ့ရဲ့လေချွန်သံနှင့်မြူဆွယ်ပြီး အသံပေးတာနဲ့ ငှက်တွေဟာ ကျော့ကွင်းမှာ ထိုးဆင်းကြတယ်။ ငှက်အော်သံထင်ပြီး ဆင်းလာတဲ့ ငှက်တိုင်းဟာ ပိုက်ကွန်ရယ် ဓားရယ်နဲ့ ဖူးစာဆုံသွားရတယ်။ ဒီလိုပဲ ကြောင်သူတော်တွေဟာ သူတော်ကောင်းတွေရဲ့ နီတိစကားတွေကို ခိုးဝှက်ထားကြပြီး၊ လူရိုး လူအတွေကို သူတို့ရဲ့ ကရိယာယ် မာယာနဲ့လှည့်စားကြတယ်။ မှန်ကန်သူတို့ရဲ့ လုပ်ရပ်က “အလင်းရောင်” မိစ္ဆာဝါဒီတွေရဲ့ လုပ်ရပ်ကတော့“အရှက်ကင်းမဲ့မှု” ပဲ သင်းတို့က လူရိုး လူအတွေကို လှည့်စားဖို့ ခြင်္သေ့ဟန်ဆောင်ကြတယ်။ သူတို့က မုဟမ္မဒ်ဆိုတဲ့ ဘွဲ့ကို မုဆိုင်လီမာကို ပေးကြတယ်။ ဒါပေမယ့် မုဆိုင်လီမာက လူလိမ်။ မုဟမ္မဒ်က အမြင့်မြတ်ဆုံး မဟာလူသားပဲ။ အလ္လာဟ်အရှင်ရဲ့ ယမကာ (ဖြောင့်မတ် သီလရှိသူ)က ကတိုးထက် ရနံ့သာတယ်။ တစ်ခြားယမကာ (မိစ္ဆာ)ကို တော့ ဒဏ်ခတ်ဖို့ ထားတယ်”တဲ့ “အို…ငါသာသူကလေးအပေါ် စည်းမစောင့်ခဲ့ရင်…။ “ငါ့အပေါ် အထင်ကြီးနေမှုကို အခွင့်ကောင်းယူပြီး လှည့်ဖြားခဲ့ယင် ငါ့အပြစ်ကလည်း မတ်စ်နဝီထဲကလို…” “ဘကြီးတော် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ၊ ကုရိုက်(ရှ်) မျိုးနွယ်၏ အကြီးအကဲများသည် ကျွန်တော်၏ လက်တစ်ဘက်တွင် နေကိုလည်းကောင်း၊ ကျွန်တော်၏ ကျန်လက်တစ်ဘက်တွင် လမင်းကြီးကိုလည်းကောင်း ပေးအပ်နိုင်ကြသည်ပင်ဖြစ်စေကာမူ ကျွန်တော်သည် မိမိ၏ တာဝန်ကိုမူ စွန့်လွှတ်မည်မဟုတ်” တမန်တော်မြတ်၏ ထိရောက်ပြတ်သားစွာ ဆိုလာသည့် အဖြေစကားက ကျွန်တော်တို့လို ဘာသာရေးသမားများ အနေနှင့် စည်းသုံးစည်းကို ကျော်တက်ရမှာပါလား…။ “စည်းစိမ်” ကြောင့်လည်း အစ္စလာမ်ကို အလွဲသုံးစားမပြုရာ။ “အာဏာ”ကို ခုံမင်၍လည်း အစ္စလာမ်ကို ဥပေက္ခာပြု ကျောမခိုင်းကောင်းရာ” “အလှ အပ မိန်းမလှများကို စွဲမက်၍လည်း အစ္စလာမ်ကို စွန်းထင်းအောင် မပြုကောင်းရာ” ဆိုသည်ကို အထင်းသားပြဆိုနေသည်။ ဖြစ်ရပ်ကလေးက ရိုးရှင်းလွန်းလင့်ကစား။ ကြီမားနက်ရှိုင်းသော ဖီလော်ဆိုဖီများနှင့် ဝန်ရံမထားလေလင့် ကစာလည်း။ မြတ်တမန်၏ စံပြဘဝမှ အဖြေစကားက ပကတိရိုးလွန်းလှလင့်ကစား စံနမူနာက အပြည့်လေမို့၊ စံနမူရယ် ယူတတ်ပါလေမှ ဟုသာ…။ ( ပရဝင်း )

လူသားချင်းစာနာစိတ်ဖြင့် ထုံမွမ်းနေသည့်

လူသားချင်းစာနာစိတ်ဖြင့် ထုံမွမ်းနေသည့် စေတနာ ဆရာဝန်ကလေး လူသားချင်း စာနာစိတ်ကြီးမားလှသည့် ဤတောင် အာဖရိကသားဆရာဝန်ကလေး၏ နက်ရှိုင်းလှသော ကရုဏာတရားနှင့် ရေကုန်ရေခန်း စွမ်းဆောင်မှုစွမ်းပကားတို့ကြောင့် ဆင်းရဲကြောင့်ကြမကင်းကြသော လူသားထောင်ပေါင်းများစွာအဖို့ မျှော်လင့်ချက်ရောင်ခြည်များ ပွင့်လန်းခဲ့ရသည်။ …အင်မတီအာဇ် ဆုလိုင်မာန်သည် သောကဖိစီးစွာနှင့် သူ၏ဟော်တယ်ခန်းလေးထဲသို့ တစ်လှမ်းချင်းလျောက်လာခဲ့သည်။ သူနှင့် သူ့အဖွဲ့သားတို့မှာ ဗျူရိုကရက်ဆန်လှမှုနှင့် နိုင်ငံရေးပယောဂတို့ကြောင့် ခေါင်းနပမ်းကြီးနေကြရသည်။ (၃၁)နှစ်အရွယ်သာရှိသေးသည့် အာဖရိကသား ဆရာဝန်ကလေးမှာ ၁၉၉၃ ခု၊ စက်တင်ဘာလ ၉ရက်နေ့က ခရိုအေးရှးဆိပ်ကမ်းမြို့ ပလောက်(စ)သို့ ရောက်လာခဲ့သည်။ ကမ္ဘာ့အကြီးဆုံးရွေ့လျားဆေးရုံယာဉ်ကြီးကို စစ်မီးတောက်လောင်နေရာ ဘော့စနီးယားဒေသရှိ မော်စတာမြို့သို့ တင်ပို့နိုင်ရေးကိစ္စ အတွက် ဖြစ်သည်။ ခရိုအေးရှားကိုကျော်ဖြတ်ပြီး သယ်ဆောင်ခွင့်ပါမစ်ရရေးက မလွယ်ကူလှချေ။ အစွမ်းကုန်ကြိုးပမ်းနေခဲ့ရရှာသည်။ ရန်ဘက်နိုင်ငံတွေ မဟုတ်လား။ ပြဿနာက မသေးလှချေ။ ပလောက်(စ)မြို့ရှိ အရာရှိအရာခံများက မုစ်လင်မ်နယ်မြေသို့ ဆေးရုံယာဉ်တန်းကြီး တင်သွင်းလာခြင်းကို အတိအလင်းဆန့်ကျင်ကန့်ကွက်နေခဲ့ကြသည်။ ဖျက်ဆီးပစ်မည် တကဲကဲချိမ်းခြောက်နေကြသည်။ နောက်ဆုံးအားထားစရာ ကောက်ရိုးတစ်မျှင်ဟုပဲဆိုရလေမလား။ လမ်းတစ်နေရာရှိ စစ်ဆင်ရေးဂိတ်မှ စစ်သားများက လက်နက်ပါမပါကို စစ်ဆေးနေကြပြီ။ မျက်မှန်နှင့် ဆရာဝန်လေးရော သူ့ကိုကူညီမည့်သူများမှာလည်း ရင်တထိတ်ထိတ်နှင့်။ သေနတ်များဖြင့်လည်း ချိန်ထားခံနေရသေးသည်။ ဆုလိုင်မာန်ခမျာ လုံးဝခေါင်းခဲနေရရှာသည်။ စိုးတရွံရွံနှင့်။ “အင်း တကွက်လေးမှားရုံနှင့် ဒို့ကိုတော့ အသေပစ်သတ်ကြမှာပါကလား”ဟု စဉ်းစားနေမိခဲ့သည်။ ရဲစခန်းကိုခေါ်ပြီး နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းခံခဲ့ရသည်။ မိမိတို့သည် ဘော့စနီးယန်းတိုက်ပွဲဝင်များမဟုတ်ကြောင်းကို အာပေါက်မတတ် အသေအလဲ ရှင်းပြခဲ့ရသည်။ အဆုံးမတော့ သူတို့ကို ထွက်ခွာခွင့်ပြုလိုက်သည်။ သူတို့မောင်းနှင်သွားစဉ်မှာတော့ သူတို့တတွေ၏ ဦးခေါင်းထက်ဝယ် ကျည်ဆံများကဝဲပျံလျက်။ ကွန်တိန်နာကားကြီး ၂၈စီးနှင့် ကုတင် ၁၂၆ လုံးဆန့် ဆေးရုံကြီးကို ပုံထုတ်ဖန်တီးရန် ကြံစီခဲ့ရသည်ကပင် လနှင့်ချီပြီးကြာညောင်းခဲ့သည်။ အခုကျမှ သွားခွင့်မရဆိုပါက မဖြစ်သင့်သောကိစ္စပင်ဟု ဆုလိုင်မာန်က တွေးမိသည်။ တကယ်လည်း မျှော်လင့်ချက်ကင်းမဲ့ရမည့်ပုံနှယ် ထင်ခဲ့ရသည်။ ဆုလိုင်မာန်ကတော့ မရေရာမသေချာမှုနှင့် စိုးတထင့်ထင့်ဘဝက ဘယ်လိုဆိုသည်ကို သိထားပြီးသူပင် ဖြစ်သည်။ တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စဘာဂ်မြို့တွင် မလှမ်းမကမ်းရှိ မြို့တစ်မြို့ဖြစ်သည်။ ပိုချက်စ်စထရွမ်းမြို့တွင် မုစ်လင်မ်မိဘများက သူ့ကို မွေးဖွားခဲ့သည်။ သူခုနှစ်နှစ်သားမှာပင် မိခင်နှင့် ဖခင်တို့က လင်ခန်းမယာခန်းပြတ်စဲခဲ့ကြရာ သူ့ဘဝက အစိတ်စိတ်ကျေကွဲခဲ့ရသည်။ နောက်ငါးနှစ်အကြာတွင် မိခင်နှင့်အတူ ဒါဗန်ရှိ ဇာတိမြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ နောင်တွင် သူ့ညီမနှစ်ဦးကပါ ရောက်လာခဲ့ကြသည်။ အလုပ်သမားတန်းလျားတွင်းရှိ အဖွားဖြစ်သူ၏ အိမ်ခန်းတွင် နေခဲ့ကြရသည်။ တစ်ချိန်တွင် အင်မတီအာဇ်ခမျာ ကားနှစ်စီးတိုက်လူများက သူ၏အိမ်နီးချင်းကို အိမ်ပြင်ထုတ်ကာ ဖမ်းဆီးခေါ်ဆောင်ပြီး လည်မျိုကိုဓားတင်သွားခဲ့သည်ကို ကြုံတွေ့လိုက်ရသည်။ ထိုလူကား အသက်မသေခဲ့ချေ။ သူ့ခမျာကတော့ အရွယ်ကလည်းငယ်လေတော့ ကြောက်လန့်တုန်လှုပ်နေရုံမှတစ်ပါး လူနာကို ဘာမှလုပ်မပေးနိုင်ခဲ့ချေ။ “အင်း ငါသာ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ရင်တော့ အရေးပေါ်လူနာကို ဘယ်ပုံဆောင်ရွက်ရမယ်ဆိုတာကို သိမှာပဲ”ဟု သူကစဉ်းစားမိခဲ့သည်။ ထိုစဉ်ကတည်းက စပြီးဆေးပညာကို သင်ယူလိုစိတ်က သူ့တွင်စွဲလန်းသွားခဲ့သည်။ ပိုချက်ဖ်စထရွမ်းမြို့သို့ ပြန်လည်စိတ်ရောက်သွားကာ သူတို့၏မိသားစုဆရာဝန်ကြီး ဒေါက်တာ အစ္စမာအီလ် ဟာဖိဂျီး၏ ဆေးကုသပုံကို သူကစိတ်ဝင်တစား ရှိနေတတ်သည်။ ဟာဖိဂျီးကား မိသားစုအရေးကြီးလျှင် ကူညီတတ်စမြဲဖြစ်သည်။ အင်မတန်မှပင် စိတ်ရင်းစေတနာကောင်းလှသည်။ ဖျားနာနေချိန်တွင် ကုရ်အာန်ကျမ်းစာထဲမှ စကားရပ်များနှင့် သင်ခန်းစာများကိုတင်ပြရင်းက ဝေဒနာကို သက်သာအောင် ပြုပေးတတ်ပုံကို သတိရနေမိသည်။ ဆုလိုင်မာန်ကား သူကဲ့သို့ပင် ဆရာဝန်ကြီးတစ်ဦးဖြစ်ချင်မိခဲ့သည်။ သူ့ဘဝရည်မှန်းချက်ကို သူက အခိုင်အမာချမှတ်ခဲ့သည်။ စာကို အထူးကြိုးစားဆည်းပူခဲ့ရာ မကြာမီ ဂုဏ်ထူးမှတ်ထိရလာခဲ့သည်။ ထိုစဉ်က ကျောင်းကိုလမ်းလျောက်သွားရသည်ကပင် ကျောချမ်းစရာဟု ဆိုရပါမည်။ လူဖြူလူမည်းခွဲခြားစည့်စနစ်ကြောင့် လမ်းတွင် လူရမ်းကားများ၏ အနိုင်ကျင့်မှုကို ခံရကိန်းကရှိနေသည်။ အမေဖြစ်သူမှာလည်း သား၏ လုံခြုံရေးကိုအချိန်ပြည့် စောင့်ကြပ်မပေးနိုင်ချေ။ “ကိုယ့်အန္တရာယ်ကို ကိုယ်ဖာသာကိုယ် ဘယ်ပုံရင်ဆိုင်သွားရမယ်ဆိုတာကိုသာ ပြင်ဆင်ထားတော့ သားရေ” ဟုသာ အားပေးစကား ဆိုနိုင်ခဲ့သည်။ မိခင်၏စကားက နားထဲတွင် စွဲနေသည်။ သူ့ကိုယ်သူ ကာယနှင့် စိတ္တပိုင်းဆိုင်ရာကြံ့ခိုင်မှုတည်ဆောက်ရန်အတွက် သန္နိဋ္ဌာန်ချကြိုးပမ်းသွားခဲ့သည်။ ဘောလုံးအသင်းနှင့် သူကဆက်ခဲ့သည်။ တွန်းတွန်းတိုက်တိုက်ကစားကြရင်းက ရန်ဖြစ်ရပြန်တော့ သူက ခံရဘက်ကချည်းဖြစ်နေသည်။ အာလုံးက သူ့ကိုသူဘယ်ပုံကာကွယ်ရမည့်ပုံစံကို သင်ကြားပေးခဲ့ကြသည်။ ပထမနှစ်တွင် သူက ကစားသမားအဖြစ်ဖြင့် နေခဲ့ရသည်။ ဒုတိယနှစ်မှာတော့ ကက်ပတိန်ဖြစ်ခဲ့ပြီ၊ နှစ်အနည်းငယ်ကြသည်တွင် နာခံတတ်သော ပင်ကိုယ်သဘာဝရှိ လူငယ်ကလေးမှာ လူသိများကျော်ကြားလာခဲ့ရာမှ လူငယ်ခေါင်းဆောင်ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ နေတယ် ဆေးတက္ကသိုလ် တက်ရောက်ခဲ့ချိန်တွင် မုစ်လင်မ်ကျောင်းသားကျောင်းသူများအသင်းနှင့် ဆက်မိရာက လူငယ်ခေါင်းဆောင်မှုစခန်းစည်းရုံးရေးကိစ္စကို ဆောင်ရွက်ခဲ့ရသည်။ သတင်းစာစဉ်များဖြန့်ချီခြ့ရသည်။ စီမံကိန်းများအတွက် ငွေရှင်ကြေးရှင်များထံမှ ငွေပဒေသာပင်များကို စိုက်ထူလာနိုင်အောင် လွယ်လင့်တကူ စည်းရုံးလှူံ့ဆော်နိုင်သူ ဖြစ်လာခဲ့သည်။ စေတနာရှင်များကွန်ယက်ကိုပါ ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ယူနိုင်ခဲ့သည်။ ၁၉၈၅ ခုနှစ်အဆုံးတွင် သူကဘွဲ့ရခဲ့သည်။ ဆရာဝန်အသစ်စက်စက် ဆုလိုင်မာန်နှင့် သူ့ဇနီးတို့မှာ ဘွဲ့မရခင်တစ်နှစ်အလျင်ကပင် လက်ထပ်ယူခဲ့ကြခြင်းဖြစ်သည်။ သူတို့ဇနီးမောင်နှံက ပီတာမရီဇ်မြို့သို့ ပြောင်းရွှေ့ခဲ့ကြပြီး ဆေးခန်းဖွင့်ခဲ့ကြသည်။ ယခုတော့ သူ၏အိပ်မက်ကို အကောင်အထည်ဖော်ခဲ့နိုင်ပြီ။ “ကျွန်တော် ဒီဒေသကိုသွားပြီး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ကြည့်ပါရစေ”ဟု ဒေါက်တာ ဆုလိုင်မာန်က ဆိုသည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ အတွင်းက အသက် ၂၈ နှစ်ရှိ ဆရာဝန်လေးမှာ ဒါဗန်မြို့ရှိ အစ္စလာမ့်ဆေးသိပ္ပံအသင်နှီးနှောပွဲတွင် တက်ရောက်ခဲ့စဉ်ကက ကြားရသည့်သတင်းကြောင့် သူ့ခမျာ စိတ်အနှောင့်အယှက် ကြီးစွာပေါ်ခဲ့ရသည်။ မြောက်ပိုင်း မိဇမ်ဗစ်နိုင်ငံ နာကာလာ ဒေသသားများမှာ ပြည်တွင်းစစ်မီးကြောင့် ဒုက္ခပွေနေကြရသည်။ နောက်နှစ်ပတ်အကြာတွင် သူနှင့်အဖွဲ့သားများမှာ သူပုန်တို့သိမ်းပိုက်ထားရာဒေသသို့ ဖုံထူထပ်လှသောလမ်းများကို ဖြတ်ရင်းက အေရာမဗုံးကျင်းကြီးများကြားမှကျော်နင်းပြီး ခရီးဆက်လာခဲ့ကြသည်။ နာကာလာကိုရောက်ချိန်ကြမှပဲ ဆုလိုင်မာန်ခမျာ ရင်အေးရတော့သည်။ ဆင်းရဲတွင်းနက်လွန်းလှသူများ ကိုမြင်ပြီး သူ့မျက်နှာမှ အပြုံးရိပ်သည်ပင် မှိန်လျော့သွားရသည်။ စစ်ဘေးကြောင့် ရွာအများအပြားမှာ ပျက်စီးခြင်းမလှ ပျက်စီးနေရပြီ၊ ရွာသူရွာသားများမှာ ရရာပစ္စည်းများကိုယူငင်ပြီး အသက်လုပြေးလွှားနေကြရသည်။ စားစရာမရှိ၊ ရေမရှိ၊ စောင်မရှိ၊ ဆေးမရှိ၊ ကူးလူးသွားလာစရာယာဉ်လည်းမရှိ၊ ဘာဆို ဘာမှမရှိတော့၊ ရောဂါဘယကသာ ထူပြောမင်းမူနေသည်။ ဘောင်းဘီစကိုလာဆွဲသဖြင့် ဆုလိုင်မာန်က ငုံ့ကြည့်လိုက်သည်တွင် အရိုးပေါ်အရေတင်နေသည့် မိန်းမငယ်လေး တစ်ဦးကို တွေ့လိုက်ရသည်။ ပွေ့ချီယူလိုက်တော့ သေးသွယ်သည့် လက်ကလေးက သူလည်ပင်းကို ရစ်သိုင်းပွေ့ဖက်ထားသည်ကို ခံစားလိုက်ရသည်။ ကျွန်မကို ပစ်မသွားပါနဲ့ ဟူ၍လည်း အသနားခံနေသည်။ ဆုလိုင်မာန်ခမျာ ကျိတ်မနိုင်ခဲမရ ကျေကွဲဝမ်းနည်းသွားရရှာသည်။ တောင်အာဖရိကသား ဆရာဝန်ကလေးမှာ နကာလာတွင် ရက်အတန်ကြာနေထိုင်ခဲ့သည်။ ဒုက္ခပေါင်းစုံ ခါးစည်းမျိုသိပ်ပြီး ခံစားနေကြသည့် လူထုကြီးအဖြစ်ကြောင့် သူ့ရင်မှာမောခဲ့ရသည်။ “အင်း သူတို့တတွေကိုကယ်တင်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုခုကိုတော့ မလွဲမသွေ ရှာမှဖြစ်မယ်”ဟု ဆိုလိုင်မာန်က စဉ်းစားနေခဲ့သည်။ ရွာရှိကျန်းမာရေးတာဝန်ခံ ဒေါက်တာ ယဟီယာ အဗူဂရန်ထံ ဤဆေးရုံကလေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာများကား ဘာတွေလဲဟု ဖွင့်မေးခဲ့သည်။ “အပူတပြင်းလိုအပ်နေတာတွေကတော့ အခြေခံဆေးဝါးတွေ၊ ဂွမ်းထုတ်တွေ၊ ပတ်တီးတွေ၊ စောင်တွေ၊ ဒရစ်ပ်တွေနှင့် ပိုးသတ်ဆေးရည်တွေပဲ”ဟု အဖြေကိုရခဲ့သည်။ “ဒါတွေကို ငါရှာကြံပြီး ပို့ပေးလိုက်မယ်”ဟု ဆူလိုင်မာန်က ကတိပေးခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့် စပါယ်ရှယ်ဘဏ်စာရင်းကို သူကဖွင့်ခဲ့သည်။ အိမ်တွင် ဖက်(စ်)စက်ကို တပ်ဆင်ခဲ့သည်။ ကျောင်းသားဘဝတုန်းက သိကျွမ်းခဲ့ရာသူငယ်ချင်းများနှင့် အလှူရှင်များထံသို့ ဖုန်းဆက်ခေါ်ခဲ့သည်။ နိုင်ငံတလွှားရှိ လုပ်ငန်းရှင်ကြီးများနှင့် မုစ်လင်မ်ဆရာဝန်များထံသို့ ငွေကြေးနှင့် ပစ္စည်းများကိုထောက်ပံ့ပါရန် ပန်ကြားခဲ့သည်။ ပထမဆုံးအဖြစ် ပီတာ မရိဇ်ဘာဂ်မြို့ရှိ ဟော်တယ်တစ်ခုသို့ ဖုန်းဆက်ခဲ့သည်။ မန်နေဂျာဖြစ်သူထံ “အခြေခံအထောက်အပံ့တွေလိုနေတာကြောင့် လူများစွာဟာ သေရတော့မယ်။ တတ်နိုင်တဲ့ဘက်ကနေဘာပဲဖြစ်ဖြစ် ကူညီစမ်းပါဗျာ”ဟု မေတ္တာရပ်ခံခဲ့သည်။ နာရီပိုင်းအတွင်းမှာပင် နို့မှုန့်ဗူးများ၊ ဆန်များနှင့် ရိက္ခာခြောက်များက သွန်ပြီးဝင်လာခဲ့သည်။ သူလှမ်းပြီးအကူအညီတောင်ခဲ့သူတိုင်းက လိုလိုလားလားပင် ကူညီလာခဲ့ကြသည်။ ဆုလိုင်မာန်၏ မိသားစုကား အင်တိုက်အားတိုက် ကြိုးစားခဲ့ကြသည်။ တောင်အာဖရိက တလွှားရှိမြို့ကြီးပြကြီးတိုင်းသို့ ဆက်သွယ်ခဲ့ကြသည်။ လူချင်းမသိစေဦး ဖုန်းလမ်းညွှန်စာအုပ်ကတစ်ဆင့် ပန်ကြားခဲ့သည်။ ဘာသာရေးနှင့် လူမှုရေးအသင်းများသို့လည်း အကြံဉာဏ်တောင်းခံခဲ့သည်။ တစ်ပတ်အတွင်းမှာပင် အမျိုးသားစေတနာရှင်ကွန်ယက်ကြီးကို သူကတည်ဆောက်ယူနိုင်ခဲ့သည်။ ဒေါ်လာနှစ်သိန်းကျော်ရခဲ့သဖြင့် ပထမအသုတ်အနေဖြင့် နကာလာသို့ ထောက်ပံ့ရေးပစ္စည်းများကို သင်္ဘောဖြင့် တင်ပို့ပေးခဲ့သည်။ ဤပစ္စည်းများတွင် အဗူဂရန်အတွက် ဖက်(စ်)စက်တစ်ခုလည်း ပါဝင်လဲ့သည်။ ရက်သတ္တပတ်အနည်းငယ်အကြာတွင် သူ့ထံမှ ဖက်(စ်)က ဆုလိုင်မာန်ထံသို့ဝင်လာခဲ့သည်။ “လူတွေ တပျော်တပါးနဲ့ သင်္ဘောပေါ်က ပစ္စည်းတွေချနေကြတာကို မင်းမြင်ချင်စမ်းပါရဲ့။ အဆုံးမတော့ အခုမှ ငါ သူတို့တွေကို ထိထိရောက်ရောက် ကူညီနိုင်ပြီဟေ့၊ မင်းနဲ့တကွ အလှူရှင်အားလုံးကို ကျေးဇူးကမ္ဘာပါပဲကွာ”ဟု သူကစာရေးလိုက်သည်။ နကာလာကို ဆက်လက်အကူအညီပေးနိုင်ရေးအတွက် ဆုလိုင်မာန်က ဝကဖုလ် ဝါးကီဖီးန် ဖောင်ဒေးရှင်းခေါ် အလှူရှင်များ၏ လက်ဆောင် ပဒေသာပင်ကို သီးစေခဲ့သည်။ ဤအခါမှစပြီး လူသားချင်းစာနာမှုအပြည့်ဖြင့် သူ့ခမျာ ဒေါ်လာ ၄သန်းနီးပါးတန်ဖိုးရှိ အစားအစာနှင့် ဆေးဝါးအထောက်အပံ့အကူအညီများကို စစ်ဘေးသင့်ဒေသများနှင့် သဘာဝဘေးဒဏ်ဒေသများသို့ ထောက်ပံ့ပေးကမ်းနိုင်ခဲ့သည်။ လူတစ်ဖက်သားကို ကူညီမှုပရ လုပ်ငန်းဘက်တွင် နစ်နေသော ဆုလိုင်မာန်၏ ဘဝကမူ တတိတိ လုံးပါး,ပါးစပြုနေခဲ့ချေပြီ။ ဒေသနှစ်ခုတွင် ရုံးခွဲများဖွင့်ပြီး ဤဖောင်ဒေးရှင်ဒလုပ်ငန်းဇောက်ချဆောင်ရွက်နေရသဖြင့် သူ့ခမျာအားချိန်ပင် မရှိတော့ အိမ်မှာလဲဖောင်ဒေးရှင်းလုပ်ငန်းက ဝင်နေပြန်သဖြင့် မိသားစုဘဝသည်ပင် မလွတ်တော့ချေ။ ဇိုဟရာကလည်း ပါရမီဖြည့်ဘက်ဖြစ်ခဲ့သည်ပင်။ လင်သည်မောင်ကလည်း “အေး မင်းရဲ့ပံ့ပိုးမှုကြောင့်သာ ဒီလုပ်ငန်းကို ငါဖိဖိစီးစီး လုပ်နိုင်တာဟေ့”ဟု ပြောရုံနှင့် သူမက အင်္ကျီလက်ကိုပင့်ပြီးသားဖြစ်မေသည်။ ရန်ပုံငွေတိုးတက်ရရှိရေးအတွက် သူမဖက်ကလဲ ပါဝင်ကူညီခဲ့သည်။ ခင်ပွန်းသည်ဆုလိုင်မာန်က တိုင်စာနှင့်ဝေဖန်စာတွေကို ဖတ်ရ၊ ဘေးဒုက္ခဆိုက်ဒေသတွေကို ကွင်းဆင်းကြည့်ရနှင့် မအားလပ်ရှာတော့ တာဝန်အားလုံးက သူမပခုံးပေါ်ပုံပြီး ကျလာခဲ့သည်။ လင်သားက အကူအညီတောင်းလာသူတို့၏ ရင်ဖွင့်ချက်ကို ကိုယ်တိုင်နားဆင်နေရရှာပေသည် မဟုတ်လား။ ၁၉၉၁ ခုနှစ်တွင် ပင်လယ်ကွေ့ စစ်ပွဲဒဏ်သင့် အီရတ်နိုင်ငံသားများအတွက် ရန်ပုံငွေကို ရှာကြံနိုင်ခဲ့ပြီး ဘင်္ဂလားဒေရှ်နိုင်ငံမှ လေမုန်တိုင်းဒဏ်သင့် ဒုက္ခသည်များထံသို့လည်း ကွန်တိန်နာကြီးများစွာဖြင့် အစားအစာနှင့် အထောက်အပံ့ပစ္စည်းများကို ပေးပို့ပေးနိုင်ခဲ့သည်။ ကုန်ပစ္စည်းများကို မည်သို့တင်ပို့ရန်မှန်းမသိသဖြင့် တောင်အာဖရိကနိုင်ငံ၊ နိုင်ငံခြားရေးဌာနသို့ ဖုန်းဆက်မေးမြန်းခဲ့ရင်း အရှေ့ဖျားဒေသဆိုင်ရာ အရာရှိကြီး မဲလကွမ် ဖာဂူဆန်ထံသို့ မိမိအနေဖြင့် လေယာဉ်တစ်စီးအလိုရှိကြောင်းကို ပန်ကြားခဲ့သည်။ ရက်အနည်းငယ်ကြာမှာ ဖာဂူဆန်က အကြောင်းပြန်ခဲ့သည်။ “ဝမ်းနည်းပါတယ်။ လေယာဉ်တော့မရှိဘူး။ ရေတပ်က သင်္ဘောတစ်စီးတော့ရနိုင်ကောင်းရဲ့”ဟု ဖြစ်သည်။ ဆုလိုင်မာန်က ကမ်းလှမ်းချက်ကိုလက္ခံခဲ့ပြီး ကွန်တိန်နာကြီးများကို အက်စ် အေ အက်စ် ဒရာကင်စဘာဂ်သင်္ဘောဖြင့် ပင်လယ်ရပ်ခြားထိ တင်ပို့ကူညီပေးခဲ့သည်။ ဘင်္ဂလာဒေ့ရှ် အရာရှိများက သင်္ဘောကို ကမ်းကပ်ခွင့်မပေးခဲ့ချေ။ တောင်အာဖရိကနိုင်ငံသည် အသားအရောင်ခွဲခြားရေးဝါဒကို ကျင့်သုံးသည့်အတွက်ဆိုပြီး အကြောင်းပြချက်ပေးခဲ့ကြသည်။ အဆုံးတွင် ခွင့်ပြုပါမစ်မရမီ ရက်အတန်ကြာစေ့စပ်ဆွေးနွေးရေးကို ဆုလိုင်မာန်က ဆောင်ရွက်ခဲ့ရသည်။ ဝေဖန်ရေးသမားများထံ “ကျပ် အတွက်တော့ လူသားချင်းစာနာစိတ်နဲ့ ကူညီရေးက အဓိကပဲ ဆာတန်မာရ်နတ်ရဲ့ အကူအညီပဲယူရယူရ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေကို ကူညီနိုင်မယ် ဆိုရင်တော့ ယူရမှာပဲ”ဟု သူက ချေပပြောဆိုခဲ့သည်။ ဇိုဟရာခမျာလည်း မသက်သာလှပေ။ စိုးရွံ့မကင်းရှိနေကြသော လူမမာများ၏ တစာစာအော်သံကို အလေးထားရ။ တစ်ဖက်မှ ကလေးထိန်းကျောင်းတာဝန်ကိုလဲယူရ၊ မိမိ၏ ကလေး လေးယောက်ကိုလည်းပြုစုရ၊ အလှူရှင်များ၏လက်ဆောင်ဖောင်ဒေးရှင်းလုပ်ငန်းဆောင်ရွက်တာများကိုလည်း လည်ပတ်မပျက်အောင်ပြုရဆိုတော့ စိတ်ဖိစီးပြီး ရူးပင် ရူးချင်သေးရဲ့ဟု တွေးခဲ့မိတော့သည်။ ခင်ပွန်းသည်ကိုကြည့်ပြန်တော့လဲ ရုပ်မြင်သံကြားမြင်ကွင်းထက်ကိုကြည့်ရင်းက ဆောက်တည်ရာမရဖြစ်နေရှာပြန်သည်။ ယူဂိုဆလာဗီးယားတွင် လူမျိုးရေးအရ သွေးချောင်းစီးသတ်ဖြတ်မှုကြီးကြောင့် ၁၉၉၂ ခု၊ သြဂုတ်လတွင် ထိုဒေသသို့ သွားရောက်ခဲ့ပြီး မောစတာမှ လူများအား အဘယ်ပုံကူညီရမည်ကို စနည်းနာခဲ့ရှာသည်။ သူမြင်ရသမျှအပေါ် မယုံရဲရဲ ဖြစ်ခဲ့ရသည်။ အိမ်ကောင်းယာကောင်းဟူ၍ ဘာဆိုဘာမှ မတွေ့ရတော့။ ပြည်သူများမှာ အပျက်အစီးများကြားမှာပင် ဖြစ်သလိုနေနေကြရသည်။ တစ်နေ့လျှင် ငါးဦးကျ သေဆုံးနေသည်။ ဆေးကုသမှုဆိုသည်က ဝေလာဝေးဖြစ်နေသည်။ ဆေးရုံတစ်ရုံ အပူတပြင်းလိုနေသည်ကတော့ သေချာလှသည်။ တောင်အာဖရိကသို့ပြန်လာပြီး ရန်ပုံငွေကို တိုးမြှင့်ကောက်ခံခဲ့သည်။ တောင်အာဖရိက ကာကွယ်ရေး တပ်မတော်အတွက် ဆေးဘက်ဆိုင်ရာ ယူနစ်အတွက် ယာဉ်ယန္တယားများကို တာဝန်ယူဆောက်လုပ်ပေးနေသည့် ပရီတိုးရီးယားကုမ္ပဏီနှင့်လည်း ဆက်သွယ်ခဲ့သည်။ အင်ဂျင်နီယာများထံချဉ်းကပ်ပြီး “ကွန်တိန်နာများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ရွေ့လျားဆေးရုံယာဉ်ကြီးကို ကျုပ်တော့လိချင်ရဲ့ဗျာ”ဟု ပြောကြားတင်ပြခဲ့သည်။ “ဒီကွန်တိန်နာတွေထဲမှာပဲ ခွဲစိတ်ခန်း အထူးကုသဆောင်၊ အမှောင်ခန်းပါတဲ့ ဓာတ်ခွဲခန်း၊ သွားရောဂါကုသဆောင်၊ ဇီဝကမ္မဗေဒဆောင်နဲ့ ဓာတ်ကင်ခန်းတွေနဲ့ ပိုးသတ်ဆောင်တွေပါတဲ့ ဆေးရုံမျိုးလိုချင်တာပါ” အထွေထွေရောဂါကုရော အထူးကုရောပါ ယှဉ်တွဲလုပ်နိုင်စေရမယ်လေ။ အဲဒီဆေးရုံကားကလည်း မောစတာကို ရောက်ရောက်ချင်းမှာပဲ လုပ်ငန်းကိုစနိုင်ရပါမယ်”ဟု ဆိုခဲ့သည် ဤသည် သေးသေးမွှားမွှား အော်ဒါကားမဟုတ်ပြီ။ အင်ဂျင်နီယာများကလည်း ဤစိန်ခေါ်ချက်ကြီးကိုမမှုဘဲ မဖြစ်မနေ အကောင်အထည်ဖော်ခဲ့ကြသည်။ ဆုလိုင်မာန်က သူတို့တတွေနှင့် နာရီပေါင်းများစွာ အချိန်ပေးနေထိုင်ခဲ့ရသည်။ ကွန်ပြူတာဖြင့် အကောင်းဆုံးဆေးရုံယာဉ်ယန္တယားကြီး ပုံစံကို အမျိုးမျိုး ပုံဖော်ယူကြည့်ခဲ့ကြသည်။ ၁၉၉၃ ခု၊ ဂျွန်လတွင် အလှူရှင်များ၏လက်ဆောင်ဖောင်ဒေးရှင်းတွင် ရန်ပုံငွေက ဒေါ်လာ ၁.၃သန်းထိ ရှိလာခဲ့သဖြင့် ကမ္ဘာအကြီးဆုံးသော ဆေးရုံယာဉ်ယန္တယားကြီးကို ကွန်တိန်နာကြီးများဖြင့် စပ်ဟပ်ပြီးတည်ဆောက်ယူနိုင်ခဲ့သည်။ ဤအော်ပရေးရှင်းက ချောချောမွေ့မွေ့နှင့် ပြီးစီးခဲ့ပြီ။ ခရိုအေးရှားနိုင်ငံ ကလောက်(စ)မြို့ကိုရောက်ချိန်အထိဟု ဆိုရပါမည်။ ဤနေရာကျမှ ကွန်တိန်နာကြီးများမှာ လအတန်ကြာအထိ လိုရာသို့မရောက်ဘဲ ခရီးတန့်နေခဲ့ရသည်။ ဆုလိုင်မာန်ခမျာ ဥရောပနှင့် တောင်အာဖရိကအကြား လူးလားခေါက်ပြန်သွားနေခဲ့ရသည်။ ကုလသမဂ္ဂနှင့် ဥရောပအစိုးရများထံမှ ထောက်ခံမဲရရေးအတွက် ကြိုးပမ်းနေခဲ့ရသည်။ သုံးလကြာပြီးကျမှသာ ကွန်တိန်နာဆင်ဆေးရုံကားကြီးက ပလောက်(စ)မြို့မှ ထွက်ခွာခွင့်ကို ရခဲ့တော့သည်။ ဒါတောင်မှ မောစတာမရောက်မီ ခုနှစ်မိုင်ခန့်အကွာတွင် ဘော့စနီးယားနှင့် ခရိုအေးရှားစစ်သားများက လမ်းမှဟန့်တားလိုက်ပြီး နောက်ပြန်လှည့်ဟု ဂျီကျခံခဲ့ရသေးသည်။ ဆေးရုံယာဉ်တန်းကြီးကား အဆုံးမတော့ ဒါဗန်မြို့မှ ထွက်ခွာလာပြီး ခြောက်လအကြာ ၁၉၉၄ ခု၊ ဖေဖော်ဝါရီလတွင် မော်စတာမြို့သို့ ရောက်ရှိလာခဲ့တော့သည်။ ယင်းကိုမြေအောက်ကုန်လှောင်ရုံတစ်ခုတွင် ဆေးရုံအဖြစ်ရောက်မဆိုက်မှာပင် စတင်လှုပ်ရှားစေခဲ့သည်။ ဆုလိုင်မာန်ကား နောက်စတ်ကြိမ်ထပ်ပြီး အောင်ပွဲခံခဲ့ပြန်သည်။ သို့သော် သူ့ခမျာ သူ့ဆေးခန်းကိုတော့ သူမဖွင့်နိုင်တော့ချေ။ ဇိုဟရာခမျာမှာလည်း ဖောင်ဒေးရှင်းလုပ်ငန်းကြီး လည်ပတ်မပျက်ရေးအတွက် အလုပ်ကပါ ထွက်လိုက်ရတော့သည်။ မိသားစုခမျာ ဘာဝင်ငွေမှမရှိတော့သဖြင့် ဒုက္ခပွေခဲ့ကြရသည်။ သည်းမခံနိုင်တော့သည့်အဆုံး လင်မယားချင်းပါ ကတောက်ကဆဖြစ်ကြရတော့သည်။ ဆုလိုင်မာန်မှာ စိတ်ညစ်ရတော့သည်။ မိမိ၏ဇနီးမယား သားသမီးအရေးထက် သူတစ်ပါးအရေးကို ဦးစားပေးခဲ့မိသည့် သူ့ကိုယ်သူကိုပင် အပြစ်ဖို့မိခဲ့တော့သည်။ ကားကိုချရောင်းခဲ့ရပြီ။ အသက်အာမခံကိစ္စကိုပါ ဖြတ်တောက်ပစ်ခဲ့ရသည်။ အပိုမဖြုန်း ချွေတာသုံးဖို့ ကြံစီခဲ့ရသည်။ အလုပ်တစ်ခုကိုပါ စတင်ရှာစပြုခဲ့ရသည်။ ဖောင်ဒေးရှင်းမှာပင် ထောက်ပံ့ကြေး ယူပြီးလုပ်ခြင်းက ပိုပြီးအဆင်ပြေစရာတော့ရှိနေသည်။ ၁၉၉၄ ခုနှစ်၊ ဂျွန်လတွင် လုပ်ငန်းရှင်တစ်စုက သူ့ထံချဉ်းကပ်လာခဲ့ကြပြီး၊ ဖောင်ဒေးရှင်းကို အချိန်ပြည့် လုပ်ကိုင်ပေးမည်ဆိုပါက ထောက်ပံ့လစာပေးပါမည် တင်ပြလာခဲ့ကြသည်။ အစဉ်တဆက် ဖောင်ဒေးရှင်းသို့ ရက်ရက်ရောရော လှူဒါန်းမပျက်စေရပါဘူးဟု ကတိပေးလျှင် မိမိဘက်ကလည်း ငြင်းစရာမရှိပါဟု သူက တောင်းဆိုခဲ့သည်။ ပီတာမရီဇ်ဘာဂ်မြို့တွင် အိမ်တစ်လုံးဝယ်ပြီး ဖောင်ဒေးရှင်းရုံးခန်းဖွင့်ခဲ့ရာ ဆုလိုင်မာန်က အတွင်းရေးမှူးတာဝန်ကို ယူခဲ့သည်။ အဆုံး၌ သူ၏မိသားစုမှာလည်း သူတိုပအိမ်နှင့်သူတို့မို့ အဆင်ပြေခဲ့ရသည်။ ဇနီးမောင်နှံနှစ်ဦးအကြား သံယောဇဉ်နှောင်ကြိုးကလည်း ပိုပြီးခိုင်မြဲသွာခဲ့ရပါတော့သည်။ နောက်လတွင် ဆုလိုင်မာန်က ဘော့စနီးယားမြို့သို့ ဆေးရုံကို တရားဝင်ဖွင့်လှစ်ရန်ကိစ္စနှင့် ပြန်လာခဲ့ရသည်။ လူနာများ တရုန်းရုန်းနှင့်ဖြစ်နေပြီပဲကိုး။ အုပ်ထိန်းသူတစ်ဦးက သူ့ထံသို့ အူလျားဖားလျား ပြေးလာခဲ့ပြီ။ “ကျုပ်ရဲ့သားက ဒီဆေးရုံမှာ ပထမဆုံးမွေးခဲ့တဲ့ကလေးပဲ”ဟု ဆုလိုင်မာန်ကို ပြောလာသည်။ ဆက်ပြီး “သူ့နာမည်ကို ကျုပ်က အင်မတီအာဇ်လို့ပေးထားတယ်။ မောစတာက လူတွေကို အကျိုးပြုခဲ့တဲ့ လူကြီးမင်းအပေါ် ဒါဟာ အကောင်းဆုံးဂုဏ်ပြုချက်လို့ ကျုပ်ထင်တယ်”ဟု ဆုလာပေရာ ဒေါက်တာလေးခမျာရင်ဝယ်ပီတိဖြာခဲ့ရသည်။ နောက်လအနည်းငယ်အကြာမှာတော့ ဆုလိုင်မာန်က ဖောင်ဒေးရှင်း၏ ဦးစားပေးလုပ်ငန်းက ဘာဖြစ်ရမှာကို စတင် စဉ်းစားခဲ့မိသည်။ “အင်း… ကမ္ဘာတစ်လွှား ရပ်ဝေးခြေခြားက လူတွေရဲ့ အရေးကို အထူးအရေးပေးပြီးလုပ်တာတော့ လုပ်ခဲ့ပြီးပြီ။ ငါ့ရဲ့ နေရင်းဒေသကလူတွေ ရင်ဆိုင်ခံစားနေကြရတဲ့ ဒုက္ခဘေးကိုတော့ ငါဘယ်လိုပုံကုစားပေးရမှာလဲ”ဟု ဖြစ်သည်။ နှစ်မကုန်ခင်လေးမှာပင် ဤကိစ္စအတွက် အခွင့်အလန်းက ပေါ်လာခဲ့သည်။ ခရစ်စမတ်ကာတွင် တောင်အာဖရိက ကွာဇူလူးနေတယ်နယ်ရှိ အင်ပင်ဒယ်မြို့တွင် ဟာရီကိန်းမုန်တိုင်းဒဏ်ခံခဲ့ရသည်။ ဆုလိုင်မာန်က မိသားစုများနှင့် မိတ်သင်္ဂဟများထံ အကူအညီတောင်းခံခဲ့သည်။ မှော်ပဉ္စလက်ပြသည့်အလား အစားအစာအဝတ်အထည်နှင့် စောင်များကို နာရီအနည်းငယ်မှာပင် ဒေါ်လာ ၂၂.၀၀၀ ဖိုး ဝယ်ယူနိုင်ခဲ့သည်။ ခရစ်စမတ်နေ့ အရုဏ်မတက်မီမှာပင် ငှားထားသည့်ကားများဖြင့် စုဆောင်းရယူခဲ့သည်။ “အေး… အဲဒါကမှ တကယ် ခရစ်စမတ်လက်ဆောင်အစစ်တွေကွ ”ဟု ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးက ဆုလိုင်းမာန်ကို ပြောခဲ့သည်။ “ခရစ်ယာန်တွေကို သူတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးမှာ မုစ်လင်မ်တွေဘက်က ကူညီရိုင်းပင်းမှုပဲ”ဟု ချီးကျူးစကားဆိုခဲ့သည်။ ဆုလိုင်မာန်ကား ဤဒုက္ခထက်မက ခံစားနေကြရသောသူ၏ တောင်အာဖရိကနိုင်ငံသားများအတွက် လုံးဝ ရတက်မအေးရှာခဲ့ချေ။ ကျန်းမာရေးဌာနနှင့်ပူးပေါင်းပြီး ကျေးလက်ဒေသများတွင် ဆေးဝါးမပြတ်တောက်ရေး အကူအညီဆိုင်ရာ စီမံကိန်းတစ်ရပ်ကို ချမှတ်ခဲ့သည်။ ၁၉၉၅ ခု၊ မေလပိုင်းတွင် ပီတာမရီဇ်ဘာဂ်မြို့ပြင်ရှိ ကွာပါတာခေါ် ဆင်ခြေဖုံးဒေသသို့ အစိမ်းရောင် ကွန်တိန်နာကြီးအပြည့် ပစ္စည်းများတင်ပြီး ကြီးကြပ်လိုက်ပါသွာခဲ့သည်။ ကွန်တိန်နာအတွင်းမှာက ဆေးခန်းကောင်းတစ်ခုစာ ကိရိယာတန်ဆာပလာနှင့် ဆေးဝါးအပြည့်ပါလာခဲ့သည်။ နာရီအနည်းငယ်အတွင်းမှာပင် လုပ်ငန်းစနိုင်ခဲ့သည်။ ဒေသတွင် ဆေးရုံများနှင့် မမျှဖြစ်နေသည့် အာဖရိက ကျေးလက်ပြည်သူများအတွက် ဤသည် ပထမဆုံး နယ်လှည့်ဆေးခန်းဟု ဆိုရပါမည်။ အလှူရှင်များ လက်ဆောင်ဖောင်ဒေးရှင်းကြီးက တန်ဖိုးအားဖြင့် ဒေါ်လာ ၁၁.၀၀၀ ခန့်တန် ဆေးခန်းများစွာကို စီစဉ်ပေးနိုင်ခဲ့သည်။ ထိုစဉ်ကစပြီး ဆေးခန်းလေးခန်း ဖွင့်ပေးခဲ့ပြီး ဤလထဲတွင် နောက်ထပ်နှစ်ခု ထပ်ဖွင့်ဦးမှာဖြစ်သည်။ ဤနှစ်အတွင်း ဆေးခန်းများစွာကို ဆိုးချဲ့ဖွင့်လှစ်သွားရန် လျာထားခဲ့သည်။ တစ်ခုချင်းကို ဆရာဝန်မှအစ ဆေးဝါးအထိ ဖောင်ဒေးရှင်းက တာဝန်ယူပေးခဲ့သည်။ “ရေရှည်မှာတော့ လူမှုရေးစင်တာများထိ တိုးချဲ့သွာနိုင်ဖို့နဲ့ အိမ်ယာ အခြေစိုက်လုပ်ငန်းများထိ လုပ်သွားလိုပါတယ်”ဟု ဆုလိုင်မာန်က ဆိုခဲ့သည်။ သူ့ခမျာ မမောစတမ်းပင်။ မကြာမီမှာပင် မရိဇ်ဘာဂ်မြို့တွင် လိုအပ်နေသူများကိုရည်ရွယ်ပြီး ကဲယားလိုင်း တယ်လီဖုန်းလိုင်းကို စီစဉ်ပေးခဲ့သည်။ မူးယစ်ဆေးဝါးကဲ့သို့သော လူမှုရေးပြဿနာများဖြေရှင်းချက်အဖြစ် တိုင်းရင်းသားပိုင် ရေဒီယိုအစီအစဉ်မှနေပြီး ပညာပေးတင်ပြခဲ့သည်။ ရုရှားရှိ ချီချင်ပဋိပက္ခသားကောင်းများအတွက်ပါ သူ၏ဖောင်ဒေးရှင်းက ရန်ပုံငွေ ဒေါ်လာ ၁၀၀,၀၀၀ မက ရခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် တောင်အာဖရိက အစိုးရက ချီးမြှင့်ခဲ့သည့် နိုင်ငံသားများအတွက် အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို ဆုလိုင်မာန်က ရရှိခဲ့ပေရာ အံ့သြစရာမဟုတ်ဟု ဆိုရမည်သာ။ ၁၉၉၅ ခုနှစ်တွင်လည်း ဤနှစ်အတွက် တောင်အာဖရိက ဂုဏ်ဆောင်လူငယ်လေးဦးထဲတွင် တစ်ဦးအဖြစ် သူ့အမည်ပါလာခဲ့ပြန်သည်။ အလှူရှင်များ၏လက်ဆောင် ဖောင်ဒေးရှင်းမှ ဦးဆောင်သူတစ်ဦးဖြစ်သည့် မုဟမ္မဒ် အာဆ်မောလ်က ဆုလိုင်မာန်၏ တသီးတသန့်အရည်အသွေးဝိသေသထူးများကို ဤသို့ စုစည်းတင်ပြသွာခဲ့သည်။ “ဘယ်လို အခက်အခဲတွေပဲရှိရှိ သူကအရာရာကို အစအဆုံးမြင်တတ်ရှုတတ်သူပဲ။ ဒီထက်မက ဆိုရမှာကတော့ လူ့အဖွဲ့အစည်းအတွင်းက များပြားလှတဲ့ မညီမျှမှုတွေကို သူ့ရဲ့အကြင်နာတရားရဲ့ နှိုးဆော်ချက်နှင့် မဖြစ်မနေ တည့်မတ်အောင်ပြုပေးသွားတဲ့ အရည်အသွေးပါပဲ”တဲ့ ဆုလိုင်မာန်ကတော့ ယခုဘဝနှင့်ပင် ပျော်ပိုက်နေချေပြီ “ရန်ပုံငွေဘယ်လောက်ပဲရရ ကျုပ်တော့ ကျေနပ်တယ်လို့ မရှိပါဘူးဗျာ ဒုက္ခသည်တစ်ဦးဦးရဲ့ မျက်လုံးထဲကိုကြည့်လိုက်လို့ သူ့ရဲ့မျက်လုံးထဲမှာ ဒုက္ခပြေလျောပြီဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်သန်းနေတာကို မြင်ရရင်ပဲ ကျေနပ်နေရတာမျိုးပါ။ ကျုပ်ဟာ တကဲ့ကြွယ်ဝချမ်းသာမှုကို ရထားတဲ့သူပါ”ဟု ဆိုခဲ့သူသည်ကား ဆုလိုင်မာန်ပင်။ သူကား “ဘယ်အခါမှာမှ ပေးဆပ်မပျက်ခဲ့သူ”ဟု ဆိုရမည်သာ။ (ရည်ညွှန်း= ၁၉၉၇ ခုနှစ် ဇန္နဝါရီလထုတ် READER DIGEST မဂ္ဂဇင်းပါ KAREN MACGREGOR ရေးသားသည့် the Doctor Who Never Stop Giving ကို ပြန်ဆိုချက်) ဖြစ်ရပ်မှန်။ (ပရဝင်း)

အဇာန်တို အဇာန်ရှည်

အဇာန်တို အဇာန်ရှည် ဟူး…. ပူလိုက်တဲ့နွေ၊ ဒီနေ၊ ဒီနွေ၊ဒီရာသီဥတုနဲ့ အင်း… ဘယ်လိုများ ခရီးဆက်ရပါ့မလဲ လမ်းကလည်းကြမ်း အရိပ်ဆိုခိုစရာကလည်း နတ္ထိပါလား။ ခရီးသည်တစ်ဦး အထုပ်အပိုးကလည်း ပါသေးသည် မိမိသွားလိုရာ လမ်းကို မောပန်းစွာနှင့် ခရီးလှမ်းနေရှာသည်။ သွားလိုက် နားလိုက် နားလိုက် သွားလိုက်နှင့်ပင် ခရီးသည်သည် မနေ မနား တသွားတည်း သွားနေရာမှ “အို… ဟိုရှေ့နားမှာ ရွာကလေး တရွာပါလား ဟန်ကျတာဘဲ နားရအုံးမှာပဲလေ၊ အိုး… အိုဟန်ကျရုံ ဘယ်ကမလဲ ငါ့မှာ အစ်နဲ့ရှဗေဘရတ် နှစ်ခု တရက်တည်း ထပ်သွားသလားမှတ်တယ်။ ဟိုတောင်ကုန်းထက်က ပလီလေးကို တွေ့ရတော့ အားတက်မိပါရဲ့ အင်း… အလ္လာဟ်အသျှင်မြတ်ရဲ့ ဂုဏ်ကျေးဇူးပေပဲ…” ရွာကလေးကတော့ သာယာလိုက်တာဆိုဘွယ်ရာ မရှိပါလား၊ အုန်းပင်တွေ၊ ရေကန်တွေနဲ့ ပလီကျောင်းရဲ့ခြံကလေးကလည်း ကျယ်ဝန်းပါဘိ၊ ငှက်ပျောပင်တွေ သဘောင်္သီးပင်၊ အုန်းပင် ပိန္နဲပင်တွေဟာ ဧကန္တ ပလီရဲ့ ဝင်ငွေကို ဖန်တီးကြထင်ပါရဲ့ “အင်း… ကောင်းလေစွ၊ ကောင်းလေစွ” “ဟင် ဒီဘက်မှာလည်း အားကစားကွင်းလေးတစ်ခုပါလား၊ အင်း… ဒါလည်း ရွာသူ ရွာသားများရဲ့ ကျန်းမာရေးအတွက်သာမက ခလေးလူငယ်များရဲ့ အားကစားရာ ကွင်းဖြစ်မှာမို့ တမန်တော်မြတ် အမိန့်ရှိခဲ့သလို “မကျန်းမာ မသန်စွန်းသော (အွမ္မသ်) ငါ၏နောက်လိုက်ထက်၊ ကျန်းမာ သန်စွမ်းသော (အွမ္မသ်) ငါ၏နောက်လိုက်က ပိုမြတ်တယ်” ဆိုတဲ့ သြဝါဒကို အကောင်အထည်ဖော်ကြဟန်တူပါရဲ့၊ အင်း.. ဒီလို အမျှော်အမြင်ရှိတဲ့ ရွာသူရွာသားတွေ အတွေးအခေါ်ကောင်းတဲ့ ရွာသူရွာသားတွေအပေါ် အလ္လာဟ်အသျှင်မြတ်ရဲ့ မဟာကရုဏာတော် သက်ရောက်ပါစေ” ခရီးသည်သည် ရွာကလေးထဲ့သို့ ဝင်လာသည်နှင့် ရှေးဦးစွာ ပလီရှိရာသို့ ရောက်လာခါ အထက်ပါ အတိုင်း မိမိခံစားများကို ရင်ထဲမှာ ပြောဆို အသိအမှတ်ပြုရင်းက ပီတိ သေမနဿ ဖြစ်နေမိပါသည်။ ခြံအတွင်း ပလီ၏ ရှေ့တည့်တည့် ရောက်သည်နှင့် လူတဦးစ နှစ်ဦးစ တွေ့လိုက်ရသဖြင့် ခရီးသည်မှာ “အစ္စလားမု အလိုင်းကွမ်း” ဟူ၍ စလာမ်မေတ္တာပို့သရင်း နှုတ်ဆက်လိုက်ပါသည်။ ထိုသူများကလည်း တုံ့ပြန်စလာမ်ပို့ကြပါသည်။ “ဝအလိုင်းကွမ်း စလာမ်” ခရီးသည်သည်လည်း ပလီအတွင်းသို့ ရောက်သည်နှင့် ပလီဒေါင့်တနေရာမှာ မိမိပစ္စည်း အထုပ်အပိုးများကို ထားပြီး ခြေလက်မျက်နှာဆေးကြော သုတ်သင်လိုက်ပါသည်။ “ဟန်ကျလိုက်တာ ဒီလို အေးချမ်းသာယာတဲ့ ပလီကိုလည်းရောက်၊ (ဇိုဟိုရ်)မွန်းတိမ်း ဝတ်ပြုချိန်ကလည်း ကျရောက်နေပြန်တော့ ထူးထူးခြားခြား ဒီရွာ ဂျာမာအတတ် (ပလီဝင်) မိသားစုများနဲ့ ဝတ်ပြုပေးအုံးမှပဲ” ဟူသော အတွေးဖြင့် ခရီးသည်မှာ ကြည်နူးရပြန်ပါသည်။ ခရီးသည်လည်း ခြေလက်သုတ်သင် (ဝိုဇူ)ပြုလုပ်ပြီးနောက် ပလီရှေ့တွင် ထိုင်နေသူ အသက် ကြီးကြီး ပုဂ္ဂိုလ်တဦးထံ “မိမိ ဇိုဟိုရ် ဝတ်ပြုမှု အတွက် ဖိတ်ခေါ်ရန် အဇာန်ပေးလိုကြောင်း ခွင့်ပန်ရာ ထိုပုဂ္ဂိုလ်ကြီးကလည်း ပေးပါမောင်ရင် ရပါတယ်” ဟု ပြန်ကြားလိုက်ပါသည်။ ခရီးသည်လည်း ဝမ်းသာအားရ တခါတည်း ပလီမီနာရာ (မျှော်စင်)ပေါ်တက်၍ အဇာန်ပေးလိုက်ပါတော့သည်။ “အလ္လာဟ်ဟု အက္ကဘရ်၊ အလ္လာဟ်ဟု အက္ကဘရ်၊ အလ္လာဟ်ဟု အက္ကဘရ်၊ အလ္လာဟ်ဟု အက္ကဘရ်” ဟု အစချီကာ အဇာန်ကို အားရပါးရ ပေးလိုက်ပါသည်။ အထက်ပါ အဇာန်သံကို ကြားသည်နှင့် ရွာထဲမှ အမျိုးသမီး အမျိုးသား ခလေးသူငယ်များပါ မကျန်၊ ပလီဝတ်ကျောင်းတော်ဆီသို့ ပြေးလာကြပါသည်။ ဤသို့ ပလီ ဝတ်ကျောင်းတော်သို့ ပြေး၍လာရောက် စုရုံးကြခြင်းမှာ အဇာန်သံကြား၍ ကြွရောက်လာကြခြင်း ဖြစ်သော်လည်း ဝတ်ပြုရန် ကြွရောက်လာခြင်းတော့ မဟုတ်ပေ။ အဇာန်ပေးသူ ခရီးသည်ကလဲ မျှော်စင်ထက်၌ စိတ်အားတက်ကြွစွာနှင့် အဇာန်ပေးလျှက်ရှိပါသည်။ အောက်၌ စုရုံးရောက်ရှိလာကြသူ ရွာသူရွာသားများသည် တယောက်မျက်နှာ တယောက်ကြည့်၍ ထူးဆန်းသောဖြစ်ရပ်ကို ကြုံတွေ့ရသကဲ့သို့ကြည့်နေကြသည်။ တချို့လည်း တယောက်တပေါက်စကားများစ ပြုလာကြသည်။ ခရီးသည်လည်း မျှော်စင်ထက်မှအဇာန်ပေး၍ ဆင်းလာသည်နှင့် တပြိုင်နက် ရွာသားတဦးက… “ဒီမှာမိတ်ဆွေ၊ ခင်ဗျားကဘာသဘောလည်းဗျ” “ခင်ဗျာ… ကျ…ကျကျနော် ဘာမှမလုပ်ရပါဘူး ခင်ဗျာ” “ခင်ဗျား လုပ်တာ ခင်ဗျား မသိဘူးလားဗျ၊ အဇာန်ကို ခင်ဗျားက ဘာဖြစ်လို့ တိုတို တုတ်တုတ်နဲ့ ပြတ်ပြတ်ကြီး ပေးရတာလဲ” “ဟုတ်တယ်- ဒါမလုပ်ကောင်းဘူး၊ အဇာန်ကို တိုတို မပေးကောင်းဘူး” ဟု ကာစင်ဆိုသူက အလီ၏ ပြောစကားကို ဝင်ထောက်ခံလိုက်သည်။ “ဟာ မင်းတို့ကလည်း အဓိပ္ပာယ် မရှိတာ၊ အဇာန်ကို တိုတိုပေးတော့လည်း ဘာမှမဖြစ်ပါဘူး… ပေးလို့ရပါတယ်” ဟု ကိုမူဆာက ဝင်ပြောသည်။ “ဟုတ်တယ်ဟေ့၊ မူဆာပြောတာမှန်တယ်၊ အဇာန်ကို မင်းတို့က သီချင်းဆိုသလို အရှည်ကြီးပေးမှ ပိုင်သလို ထင်နေတာကိုးကွ၊ တိုတိုပေးလည်း ရပါတယ်” ဟု မူဆာကို မာမွတ်ကထောက်ခံလိုက်ပြန်သည်။ ဤသို့ ခရီးသည်သည်လည်း မိမိရပ်ရွာ ဓလေ့ထုံးစံအရ အဇာန်ကို တိုတိုပေးလေ့ ရှိသူ မိမိအနေနှင့် ဤရွာသို့လာ၍ အဇာန်တိုတိုပေးမိရာ ယခုမူ ဤဒေသမှ လူထုသည် အဇာန်ရှည်ကိုပေးလေ့ရှိပြီး အစွဲအလန်း ကြီးသူများဖြစ်၍ အခက်ကြုံနေရသည်။ တဖြည်းဖြည်းနှင့် လူအုပ်ကြီးသည် တဘက် တခုစီဖြစ်သွားကြပြီး အဇာန်တိုမှန်သည်ဟု ဆိုသူတို့ကတဘက်၊ အဇာန်ရှည်မှန်သည်ဟု ဆိုသူတို့က တဘက်ဖြင့် တယောက်တပေါက် စကားများ ငြင်းခုံကြသည်။ ခရီးသည်လည်း အဇာန်တို အုပ်စုဘက်တွင် ဘယ်လိုက ဘယ်လို ရောက်နေမှန်းမသိပေ။ “ဟေ့ အဇာန်ရှည်ပေးတာ ဗေဒအတ်ကွ”ဟု ပလီမှန်း ကုရ်အာန်မှန်းမသိတဲ့ မူဆာက တရားသံပါပါ အာဏာသံပြင်းပြင်း အဇာန်တို အုပ်စုဘက်သို့လှည့်၍ ဟောက်လိုက်သည်။ “မင်းတို့ အခုပလီထဲမှ ထွက်သွားကြဟေ” ဟူ၍လည်း မိမိသည် အလ္လာဟ်အသျှင်မြတ်ပိုင်သော အများပြည်သူက ဆောက်လုပ်ထားသော ပလီကို သူ့ဘခင် ဦးအီစွတ်ပိုင်သော ပလီကဲ့သို့ သဘောထားကာ မောင်းထုတ်နေပြန်သည်။ တဖက် အဇာန်ရှည်အုပ်စုမှ ကိုအလီကလည်း အားမခံဟေ့ “မိုနာဖစ် (သာသနာ့အရေခြုံ) တွေ၊ မင်းတို့ အဇာန်ကို ပေါက်ပေါက် ဖေါက်သလို ပြတ်တောင်း ပြတ်တောင်း ပေးလို့ ပေးနဲ့ ဘာကောင်တွေလည်း၊ မင်းတို့ကို မပြောချင်လို့ ကြည့်နေတာ၊ မင်းတို့ အားလုံး သာသနာဖျက်တွေ … အခုမင်းတို့တွေ သောဝ်ဗာခတ်ကြ”ဟု ပြင်းပြင်းထန်ထန် မိုးခြိမ်းသံကဲ့သို့ ဟစ်လိုက်ပြီး အနား၌ရှိသော ရေကိုတိုင်ကီအဖုံးအား ဒုန်းကနဲ မည်အောင်တချက် အားရပါးရ ထုချလိုက်သည်။ ဤသို့ဖြင့် သာယာလှသော ရွာကလေးတွင် အဇာန်တို အဇာန်ရှည် ပြဿနာကြောင့် ငြိမ်ဝပ်ပိပြားမှု ကင်းမဲ့ပြီး တဖက်နှင့်တဖက် တင်းမာမှုများသည် မကြာမီ စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲနိုင်သော အခြေသို့ရောက်နေပြီ ဖြစ်သည်။ မကြာပါချေ။ မာမွတ်၊ မူဆာ၊ ဒါဝတ်နဲ့ နူရားတို့ အဇာန်တိုအုပ်စုက တဘက်၊ အလီနဲ့ ကာစင်နှင့် ဒေါ်ခါတွန်တို့ ပါဝင်သော အဇာန်ရှည် အုပ်စုက တဘက်၊ အငြင်းပွားရာသို့ အချင်းမများမီ အချိန်မှီပင် ရွာသူကြီး ဦးဆူလေမန် ရောက်လာပြီး။ “ဟေ့… မင်းတို့အားလုံးရပ်ကြစမ်း၊ တော်ကြစမ်း၊ မင်းတို့တွေအခု ကြည့်စမ်း ရန်ဖြစ်နေကြတာ ဇဟိုရ်ဆွလာသ် အချိန်တောင် လွန်သွားတော့မယ်၊ ကဲကဲ အမြန်ဆုံး ဆွလာသ် ဝတ်ပြုပြီးကြရင် ငါ့တရားရုံးကို လာခဲ့ကြ။ ဘယ်သူမှန်တယ်မှားတယ်ဆိုတာ ငါဖြေရှင်းပေးမယ်” ဟုခေါ်ပြီး ၄င်းကိုယ်တိုင်ပင် ပလီအတွင်းသို့ ဝင်ကာ ဂျမာအတ် ရှေ့ဆောင်၍ ဝတ်ပြုလိုက်ပါသည်။ ဇုဟိုရ်ဝတ်ပြုမှုကား ပြီးချေပြီ။ လူအများသည် ရွာသူကြီး ဦးဆူလေမန် အိမ်တရားရုံးသို့ စုဝေးရောက်ရှိလာကြသည်။ ရွာသားများလည်း ရွာသူကြီးသည် အစ္စလာမ့်ရေးရာများတွင် တိကျစွာ ဆုံးဖြတ်လေ့ရှိသော တရားသူကြီး တဦးဖြစ်သည့်အတွက် ဤကိစ္စတွင် မည်သည့်ဘက်ကမှန်သည် မည်သည့်ဘက်ကမှားသည်ဟူသော အဖြေကို သိလိုသောဆန္ဒ ပြင်းပြကြသဖြင့် အလုအယက်ပင် ရောက်လာကြသည်။ တရားသူကြီးသည် အဇာန်တိုသမားနှင့် အဇာန်ရှည်သမာတို့ကို တဘက်တချက်စီ ရပ်စေခဲ့ပြီး ကြားနေပွဲကြည့်ပရိတ်သတ်များကိုမူ အလည်ကြောမှ နေရာယူ၍ နားထောင်စေခဲ့သည်။ တရားသူကြီးက အမှုကို စတင်စီရင်ရာတွင် အောက်ပါအတိုင်း အမိန့်ကိုချမှတ်လိုက်ပါသည်။ “ကဲ… အဇာန်တိုဘက်မှ ပုဂ္ဂိုလ်များနှင့် အဇာန်ရှည်ဘက်မှ ပုဂ္ဂိုလ်များအားလုံးကို ကြိမ်ဒဏ် (၅)ချက်စီ ရိုက်စေ” “ဟင်” “ဟာ” “ဘယ်လိုဖြစ်တာလဲ၊ ဒါမဖြစ်နိုင်ဘူး၊ တဘက်ဘက်ကတော့ မှန်ရမှာပေါ့၊ တရားသူကြီး ဘယ်လိုဆုံးဖြတ်လိုက်ပါလိမ့်” ပရိတ်သတ်အတွင်းမှ လူအများသည် မကြေမနပ်သံဖြင့် အထက်ပါအတိုင်း ပြောဆိုကြကာ တယောက်မျက်နှာ တယောက်ကြည့်ကာ အံ့သြနေကြသည်။ မကြာမီပင်… “ကဲ… ဘယ်ဘက်က မှန်တယ်၊ ဘယ်ဘက်ကမှားတယ်ဆိုတာ မဆုံးဖြတ်ဘဲ နှစ်ဘက်စလုံးကို အပြစ်ဒဏ် စီရင်လိုက်တဲ့ အကြောင်းကို ခင်ဗျားတို့ သိချင်ကြမယ်” “မုစ်လင်မ်တွေအတွက် အဓိက အရေးကြီးတာက အဇာန်တိုတိုဆိုတာ အဇာန်ရှည်ရှည်ဆိုတာ မဟုတ်ဘူး၊ ဘာမှဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ တဖက်နဲ့တဖက် ခိုက်ရန်ဒေါသဖြစ်ကြပြီး ညီညွတ်ရေး ပျက်ပြားကြတာကတော့ ကြီးမားတဲ့ ပြစ်မှုကြီးဖြစ်တယ်” “မုစ်လင်မ်တွေ ညီညွတ်ရမယ်ဆိုတာက ကျမ်းမြတ် ကုရ်အာန်အရ ဖရဇ်တာဝန်ကြီးဖြစ်တယ်၊ တမန်တော်မြတ်က အထပ်ထပ် အခါခါ သွန်သင်တော်မူခဲ့တယ်။ အဲဒီလို အရေးကြီးတဲ့ ဖရဇ်တာဝန်ကြီးကို ပစ်ပယ်ကြတာမှားတယ်။ အဇာန်ဆိုဘို့သာ အဓိကဖြစ်တယ်၊ အဇာန်တိုတိုဆိုတာ ရှည်ရှည်ဆိုတာက အရေးမကြီးပါဘူး၊ ရှည်ရှည်ဆိုလို့လဲ ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊ တိုတိုဆိုလို့လဲ သာသနာ ဆုတ်ယုတ်မသွားဘူး” ကျမ်းမြတ်ကုရ်အာန် (၃း၁၀၂)မှာ “အသင်တို့သည် တစည်း တလုံးတည်း အလ္လာဟ်အသျှင်မြတ်၏ကြိုးကို စွဲမြဲစွာ ဆွဲကိုင်ထားကြကုန်၊ ၄င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်”လို့ ဆိုထားတယ်။ ပြီးတော့ တခါကျမ်းမြတ် ကုရ်အာန် (၃း၁၀၅)မှာ… “မိမိထံသို့ ထငှ်ရာလှစွာသော သက်သေသာဓများ ရောက်ရှိလာပြီးသည့်နောက်တွင်လည်း အချင်းချင်းငြင်းခုံကြပြီးလျှင် အကွဲကွဲ အပြားပြားဖြစ်သူတို့ကဲ့သို့ သင်တို့မဖြစ်ကြကုန်လင့်၊ ဤသို့သောသူများအတွက် ကြီးလေးသော ပြစ်ဒဏ်သည်ရှိ၏…”လို့ ဆိုထားပါတယ်။ နောက်တခါ တမန်တော်မြတ်ရဲ့ သြဝါဒတွေထဲမှာလည်း “မုစ်လင်မ်အချင်းချင်း ညီညွတ်ကြ၊ သွေးကွဲရင် ညီညွတ်ရေးကို ပျက်ပြားအောင် လုပ်ရင် ငရဲလားကြရမည်။ “မုစ်လင်မ်ဆိုတာ အုတ်တချပ်စီနဲ့ တူတယ်၊ အုတ်တချပ်ခြင်း စုပေါင်းပြီး အုတ်တံတိုင်းကြီး ဖြစ်သလို မုစ်လင်မ် လူ့ဘောင်ကြီးဟာလည်း အုတ်တံတိုင်းကြီးလို စုပေါင်းညီညွတ်နေရမည်” လို့ မိန့်ထားပါတယ်၊ ဤသို့ဖြင့် ကျမ်းမြတ်ကုရ်အာန်ဖြင့် တမျိုး၊ ဟဒီးစ် သြဝါဒများဖြင့် တဖုံ၊ ရှင်းလင်းတင်ပြပြီး တရားသူကြီးက အထက်ပါ စီရင်ချက်အတိုင်း ကြိမ်ဒဏ်များကို လူထုရှေ့မှောက်တွင်ပင် ရိုက်စေခဲ့ပါသည်။ အထက်ပါအတိုင်း အမိန့်ချမှတ်ခြင်း ခံရသောသူများအတွင်းမှ အခြားရွာမှ ရောက်လာသူကို ရွှေဧည့်သည် ခရီးသွား လုလင်သည် သတိသံဝေဂတရားများရကာ အောက်ပါအတိုင်း… “အင်း… တရားသူကြီးပြောတာ မှန်ပေသားပဲ၊ ငါတို့ရွာသားတွေသာ ဒီရွာ လာနေရရင် ကြိမ်ဒဏ် အရိုက်ခံရလို့ အရှိုးရာချင်း ထပ်နေရော့မယ်၊ ဘာကြောင့်လည်းဆိုတော့ ရွာသားတွေဟာ မောင်လွဒ် ဖတ်ထိုက် မဖတ်ထိုက်၊ ကေယာမ် ရပ်ထိုက်မထိုက်၊ ဒိုအာ ဆာနီတောင်းထိုက် မတောင်းထိုက် စတဲ့ကိစ္စလေးတွေနဲ့ နေ့စဉ် အငြင်းအပွားပြီး အချင်းများနေကြတာနဲ့ အဓိကကျတဲ့ ညီညွတ်ရေးကြီး ပျက်ပြားနေကြပါလား၊ “အော်… ညီညွတ်ရေး… ညီညွတ်ရေး… မုစ်လင်မ် အားလုံး တည်ဆောက်ရမယ့် ညီညွတ်ရေးပါလား….” (မောင်သဲနီ) (မိုးစက်မှ ပြန်လည်ခံစား တင်ပြသည်)

နှလုံးသားကို ဂဏန်းညှပ်သွားခြင်း

နှလုံးသားကို ဂဏန်းညှပ်သွားခြင်း လန်ဘားက နံပြားရိုက်၏ ဂျာနူးက နံပြားကြိုက်၏။ ဂျာနူးနံပြားဝယ်ရန် ဝင်လာလျှင် လန်ဘားက ဂျာနူးမေရီဂျန်ဟု အော်ဆို၏။ ရိုက်သူနှင့် ကြိုက်သူတို့မှာ “အချစ်အိမ်တီးရှော့”တွင် ခဏခဏဆုံကြသော အခါ ဗလီဆရာမှာ ဤလအတွက် အပိုဝင်ငွေတိုးသွား၏။ အန်ဆွာရီအသင်းကလည်း နိကာဟ်စာချုပ်ရောင်းလိုက်ရ၍ အမှုဆောင်အစီရင်ခံစာအတွက် အမှတ်တစ်မှတ်တိုးသွား၏။ ရပ်သူရပ်သာများအတွက်လည်း “ရိုဇီရိက္ခာ တိုးပါစေသား” ဟုသော ဆုတောင်းဒိုအာက ကဗူလ်ဖြစ်သွားရ၏။ ဂျာနူးတို့မင်္ဂလာပွဲမှာ ရေခဲမုန့်တဝကြီး စားကြရ၏။ အဟောတဝ… သြော် ကောင်းလေစွ။ ဤအထိကား တကယ်ပဲ ကောင်းပါ၏။ ဂျာနူးကား အလှကြိုက်၏။ မိဘအိမ်မှာတုံးကတော့ ဘမဆို နှစ်ခေါက်မပူဆာရ။ လိုတိုင်းတ, ရရသည်သာ။ ကိုလန်ဘားနှင့်မူ သူ့နှုတ်ဖျားက ချော့လုံးမက်လုံးကလေးများနှင့်သာ လိုချင်စိတ်ကို တိတ်တိတ်ဖြေသိမ့်ရရှာ၏။ ခါနာမနိမ်းတစ်မယ်ကိုး။ မိဘနှစ်ပါးကလည်း ဆုံးရှာပြီဆိုတော့ ပူဆာရမည့်လမ်းကလည်း ပိတ်ခဲ့ပြီ။ ဤတွင် မဂျာနူးမှာ နှစ်လုံးရောဂါ ဝင်လာတော့သည်။ “လန်ဘားဘိုင်ရေ… ကဗရ်စတာန်မှာနေတဲ့ မတ်စတန်းက တကယ်စွမ်းဆိုပဲ။ အိမ်ပင့်ရအောင်ရှင့်၊ ချဲဂဏန်းပေး မှန်တယ်ဆိုပဲ”ဟု တစ်နေ့ မဂှာနူးက ပန်ကြားလာသည်။ ကိုလန်ဘားကား နှစ်ခါမပြောရ။ သို့နှင့် မတ်စတန်းကြီး အိမ်ပေါ်ရောက်လာသည်။ လဆန်းရက်က ၂ရက်ပဲ လိုတော့သည်။ သုံးလုံးအတွက် ဂဏန်းပေးလာသည်။ “ဟရာမ်မီ” နိုင်ပြီ ဟုစာသားလေးနှင့်။ “အင်း… ‘ဟ’က ၆၊ ‘ရကောက်က’ ၄၊ ‘မ’က ၅ ဆိုတော့“၆၄၅” ရသည် စာမတတ်သော ဂျူးဘီခါလာက နံသင့်ဂဏန်းကောက်ပေး၏။ သူကစာသာမတတ်တာ။ ပါဝါလည်းသိ၏။ နက္ခတ်လည်းသိသည်။ ထူးပ ထူးပ။ လန်ဘား ဂျာနူးတို့နှင့် နီးစပ်သမျှ ပုပုကွကွတို့က အစိတ်ဖိုး ငါးဆယ်ဖိုး၊ တစ်ရာဖိုး ဝိုင်းထိုးကြရာ အားလုံး ဝက်ဝက်ကွဲ ပေါက်ကြသည်ဟူသတတ်။ ဂျာနူးနားတွင်ပင် နားကပ်က သက်သေထူထားပြီးပဲနော့။ ယခုအခါ လန်ဘားတို့ဇနီးမောင်နှံမှာ ဝင်ငွေကောင်းနေကြပြီ မတ်စတန်ကြီးကိုလည်း အိမ်ပေါ်တင်ထားလိုက်ပြီ ဆင်ဖြူတော်မှီပြီး ကြံစုပ်ကြရန် ဖြစ်သည်။ အိမ်တွင် ကက်ဆက်သံပင် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကြားနေရချေပြီ။ ဘာဘာပြောမယ် မှတ်ထား ချဲဆိုတာ လောင်းကစား ဟရာမ်ပဲ။ ရှိုက်ဿွာန်အလုပ်ပဲ၊ ဒါကြောင့် ချဲဂဏန်းပေးရာမှာတောင် ညစ်ညမ်းတဲ့ စကားတွေသုံးပြီး ပေးရတာ ဒါမှ ဘာဘာရဲ့အမလ်လဲ မထိခိုက်တော့သလို လူတွေရဲ့ ဒုက္ခကိုလဲ တစ်ဖက်တစ်လမ်းက ကယ်တင်ရာရောက်တာပတဲ့။ မတ်စတန်ကြီးက ဤနှယ်စကား အစချီရင်းမှ အတိတ်ပေးလာသည်။ ထူးသည်က မြန်မာလိုမပေးဘဲ။ ဟိန္ဒူ စတန်နီစကားဖြင့် ပေးခြင်းပင်၊ ယခုလဲကြည့်လေ “လန်ဘား ဆာလာ ကတ္တီးခါယား”တဲ့ မြန်မာပြန်သော် “အရှည်ကြီး ယောက္ခမ အီအီးစား၏” ဆိုပဲ “ဟေ့ ဘာဘာကြီးက ဒီအတိတ်ကိုပေးတုံးက လန်ဘားမျက်နှာကို မျက်လုံးက မရွှေစတမ်း စိုက်ကြည့်နေဆိုပဲ။ ဒါဆို ပတ်လည်မရိုက်နဲ့။ ဒဲ့ထိုးလို့ ပြောတာတဲ့ဟဲ့သိလား” ဟု ဂျူဘီးခါလာက အခါပေး၏။ မျက်လုံးက လည်နေရင်တော့ “ပတ်လည်ရိုက်ရသတဲ့” သြော်… သူ့အထာနဲ့ သူပဲကိုး။ နာတီဘူက ‘လ’က ၄၊ ‘ဘ’က ၅၊ ‘ဆလိမ်’က ၃၊ ‘လ’က ၄၊ ‘တဝမ်းပူ’က ၇၊ နောက် ‘ခကွေး’က ၂၊ ‘ယ’က၄ ဟု ဂဏန်းကို ဖော်ပေးသည်။ ရှေ့ဆုံးက လနှင့် နောက်ဆုံးက ‘ယပလက်’က ၄၄။ ဘာဘာက ငါးကွက်ပေးရိုးထုံးစံ ရှိဆိုပဲ။ ရှေ့ဆုံးက ‘နငယ်’ နောက်ဆုံးက ‘လ’ကိုတွဲပြီး နောက်ဆုံးတစ်ကွက် တွက်ရသတဲ့။ ကိုယ့်သဘောနဲ့ကိုယ် အတိတ်ကောက် ဂဏန်းဖော်ကြသည်။ ဒါဆို ၄၅၊ ၃၄၊ ၂၇၊ ၂၄၊နဲ့ ၄၄ ရတာပေါ့။ အပူးတစ်ကွက်တောင်ပါတယ်တော့။ ထိုးကြပြန်ပြီ တအုံးအုံး ပေါက်ကြပြန်ပြီ တရုံးရုံး နူဂျမ်ဘူက ‘က’ လို့ ရှကူးရ်ဘိုင်က ခုန်လို့ တဝါးဝါး တဟားဟားနဲ့ပေါ့ နှစ်လုံးထီ သုံးလုံးအတွက် အတိတ်ကောက်ပုံ အမျိုးမျိုးကား လေ့လာပြီး မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုသော် သင့်ရာ၏ဟု ဆိုရမည်ထင်။ နှစ်လုံးထီစထွက်မည့်နေ့ မတိုင်ခင်ညက လမ်းထိပ် အ.မ.က(၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဆုံးသည်။ အသက်က ၆၃ နှစ်တဲ့။တစ်ရပ်ကွက်လုံး ၆၃ကို တိုးတိုးကျိတ်ကျိတ် ထိုးခဲ့ကြရာ အားလုံးပေါက်ကြဆိုပဲ… ဒါတစ်နည်း။ မမောရွမ်းက ကလေးကို သန်ဆေးကျွေး၏ ပထမနေ့မှာ ကလေးက အီအီးပါတော့ သန်ငါးကောင်တစ်ခါ သုံးကောင်တစ်ခါကျ၏။ ညဘက်မှာ ၁ကောင်ထပ်ကျ၏။ အဲဒါကို အတိတ်ကောက်ပြီး ၅၃၁ ထိုးလိုက်ရာ၂၅/ဖိုးပေါက်၏တဲ့။ ရူးတဲ့လူတွေရူးနေအောင် တိုက်ဆိုင်မှုတွေကလည်း အူမြူးစရာပါလား ဟရို့….။ အဲ..ပေါက်သူများတွင် သတင်းထူးတစ်ခုရှိသေးသည်။ ဟာဂျီဆပ်ခယ်မ မလိုင်လီက ၂၅ ကျပ်ဖိုး ပေါက်၏ ဤအတွက် ငွေအဆ ၈၀ ဆိုတော့နှစ်ထောင်ရ၏။ ဤငွေနှစ်ထောင်ကို သူ့အဒေါ်စုထားသော ငွေ ၂၀၀၀ နှင့်လဲလိုက်သည်။ ချဲငွေက ဟရာမ်ဆိုတော့ ဟလာလ်ဖြစ်အောင်လုပ်တာတဲ့။ သြော်… တွလားက်မှာတင်မဟုတ်… ညလိုက်မအိပ်ရလို့ တော်သေးရဲ့…။ ချဲမှာလည်း ဟလာလာ ရှိပါလားနော့။ မတ်စတန်းက အတော်ဟုတ်နေပြီ လန်ဘားအိမ်ဝယ် နေ့နေ့ညည လူစည်နေပြီ။ “အလ္လာဟ်က လူတိုင်းကို သူ့ရိုဇီနဲ့သူ မျှပေးထားတာ ဒါကြောင့် နံပါတ်ပေးရမှာလဲ တစ်ဘက်သား ထမင်းအိုးကို ရိုက်ခွဲရာမရောက်အောင် သတိထားရသေးတယ်။ ဒီအတွက်ပဲ ဘာဘာ တစ်ကွက်ထဲမပေးဘဲ ငါးကွက်ပေးရတာဟု ဆိုလိုက်သေးသည်။ လူတွေကတော့ ဘာဘာ့အပေါ် ဤစကားကြောင့် ပိုပြီး အယုံအကြည်တိုးသွားကြသည်။ လန်ဘားက ချဲစာရွက်အတိတ်ကို မိတ္တူကူးပြီးရောင်းရာ ဂျာနူးမှာ ငွေရွှင်နေ၍ အူမြူးမဆုံးတော့ မြူးမှာပေါ့အေ့… အပေါ်စက်အောက်စက်တောင် အိမ်မှာရောက်နေပြီပဲ။ မတ်စတန်းအား ရေပူရေချမ်းကမ်းရသည်ကို သူ့ခမျာ မောရပမ်းရမှန်းမသိ ဒို့မတ်စတန်းက ဂျက်ကီရှရော့လို ခန့်သားတော့”ဟု ပြုံးဖြီးဖြီးနဲ့ ရီစရာတော့အကောင်းသား။ တစ်ခါက မတ်စတန်းကြီးက နှစ်လုံးထီအတွက် အတိတ်ပေး၏။ “အာပုံ အာပုံ ကြည့်စမ်းသေချာ”တဲ့ ဤအတိတ်ကိုကြားပြီး အမျိုးသမီးမှာ မိမိတို့ထမီပဲ ပေါက်နေလို့လားဟု မလုံမလဲ ဟိုကြည့် ဒီကြည့် ကြည့်မိကြသေး၏။ ထိုစကားပါ အက္ခရာများ အပါအဝင်နှင့် အဆုံးတို့ကို နံသင့်ဂဏန်းရွေးရာတွင် ၁၅၊ ၂၃၊ ၆၂ နှင့် ဟူ၍ ငါးကွက်ရသည်။ ကဲ ကဲ လန်ဘားတို့နှင့် တစ်အိမ်ကျော်မှ မူဆာဘိုင်နှင့် နာတီဘူတို့အိမ်ကို ငဲ့စောင်းကြည့်လိုက်ပါဦး၊ “အို ကိုမူဆာကလဲ… ဘာဘာက စာလုံးတူ နှစ်လုံးပေးရင် နံပါတ်တူရာနှစ်လုံးစီကိုတွဲပြီး အပူးထိုးရမှာ။ ဒီအပတ်မှာက ‘အာပုံ’က နှစ်ခါပါတယ်လေ။ ‘အ’နှစ်လုံးက ၁၁၊ ‘ပ’စောက် နှစ်လုံးက ၅၅ ပေါ့ရှင်” မူဆာဘိုင်ကလည်း ပြန်အထွန့်တက်၏။ “ဟဲ့ကောင်မ၊ နင်ဘာသိလို့လဲ ဘာဘာက ဘယ်တော့မဆို ဒဲ့ပဲပေးတာ” ဇွတ်ငြင်း၏ “ဒဲ့ပေးရင် တစ်ကွက်နဲ့စာလုံးမတူအောင် ပေးတာရှင့် ရှင်ဘာသိလဲ”ဟု နာတီးဘူက ပြန်ပက်၏ သို့နှင့် ရုံမသွင်းရဘဲနှင့် နာတီးဘူနှင့် မူဆာဘိုင်တို့မှာ ခါတိုင်းကဲ့သို့ “ချစ်သူများနေ့” မဆင်နွဲနိုင်တော့ဘဲ၊ ချဲရမ်းသဖြင့် ပွဲကြမ်းသောနေ့ ဖြစ်သွား၏။ အရပ်က သူတို့ရန်ပွဲကို ဝိုင်းပြီးပြန်ဖြေလိုက်ရ၏။ ရှမ်ရှုးနာနာက ချဲကိုလုံးဝမကြိုက်။ ဒီတော့ နာတီးတို့လင်မယားအား “နင်တို့ ဘာဘာတို့စွမ်းရင် သိန်း ၃၀၀ပေါက်ဂဏန်းကို ရအောင်တောင်းကြပါလား” ဟု ဆူပူမာန်မဲပြီး ဗျစ်တောက် ဗျစ်တောက် ထွက်သွားချေသည်။ လန်ဘားတို့ရပ်ကွက်မှာတော့ ချဲဘာဘာက အားလုံးထက် သတင်းပိုကြီးနေသည်။ ဝါသိင်္ခ၊ ကွမ်ယင်မယ်တော်၊ ရွှေကျွန်း၊ ရွှေကြွက်နှင့် ကွန်ပြူတာ အားလုံးကို ကျော်ဖြတ်သွားခဲ့ပြီ သို့နှင့် ရောက်လာပြန်ပြီ တစ်ပတ် ထိုင်းချဲအတွက် ပေးလာသည်က… “ကြာကူရီ ပိုင်ပြီဟေ့”တဲ့ ဒီတော့ ထိုးရမှာက ၂၂၇ ပေါ့ ဒီတော့ပေါ့နော် ဘာဘာအရမ်းမှန်တာဆိုပြီး အိမ်ပေါင်ပြီးထိုး၏။ နာကပ်ဆွဲကြိုးရောင်းပြီးထိုး၏ ချေးငှားပြီး ထိုး၏။ ပေါက်လိုက်ရင်တော့ဟု အိပ်မက်တွေအမျိုးမျိုး မက်နေကြသည်။ ကလေးများသည်ပင် ဟက်ပီးဝေါလ်သွားရန် ရှုခင်းသာသွားရန် ဟန်တပြင်ပြင် ဖြစ်နေကြတော့သည်။ ချဲထွက်ရန် တစ်ရက်သာအလိုတွင် ဂျာနူးက ကိုလန်ဘားကိုပြောပြီး သူတို့ပိုင်အပေါ်စက် အောက်စက်ကို ယူသွားကာ သူငယ်ချင်းသမီး မင်္ဂလာဆောင်အိမ်တွင့်ဖွင့်ရန်ဆိုကာ အိမ်မှညအိပ် ထွက်သွား၏။ လန်ဘားဘိုင်ကား ချဲစာရွက်မိတ္တူကူးရောင်းနေရသည်မို့ မလိုက်အားရှာ မိုးကောင်းတုံး ရေခံရတာလေ။ ဘာဘာကလည်း ကဗရ်စတန်တွင် အဓိဋ္ဌာန်ဝင်ရန်ဆိုကာ ချဲထွက်မည့်နေ့နံနက်စောစောကပင် အိမ်မှထွက်သွားခဲ့သည်။ ငယ်ငယ်ကကျောင်းခဏခဏပြေးသော မဲကိုကိုသည်ပင် ယခုစာကျက်မပျင်းတော့ စာမှန်မှန်ကျက်နေပြီ မဲကိုကိုဆို၍ ရုပ်ရှင်မင်းသား ရဲကိုကိုနှင့် မမှားသင့်ပေ။ သွားတစ်နေရာမှ လွဲရင် တစ်ကိုယ်လုံး အသားအရောင်က မဲနေ၍ မဲကိုကိုဟု အရပ်ထဲက ခေါ်ကြခြင်းဖြစ်သည်။ ယခုသူက စာကျက်နေသည်။ ဘာစာလဲ က၊ ခ၊ ဂ၊ ဃ၊ င၊ ၁နက္ခတ်က ၈၊ ၁ပါဝါက ၆၊ ၂နက္ခတ်က၄၊ ၂ပါဝါက ၇ဟု စာကျက်နေခြင်းသာ။ ဟော… ချဲထွက်ပါပြီ၊ ဒီတစ်ခါတော့ တက်တက်စင်အောင် လွဲသွားပြီလေ။ အိမ်ပေါင်သူက အိမ်ထွက်သွား၏။ ရွှေပေါင်သူက ရွှေထွက်သွား၏။ အတိုးနှင့် ကြွေးယူထိုးသူများမှာလည်း အသက်ထွက်တော့မည်သို့ အောက်စီဂျင်သွင်းရ၏။ အထွက်အပြင်းဆုံးကတော့ ကိုလန်ဘားပင်။ မဂျာနူးနှင့် မတ်စတန်းကြီးတို့မှာ တူစုံလက်တွဲ၍ “အချစ်တီးကမ္ဘာသစ်”ဆီသို့ ထွက်သွားကြပြီလေ။ သူ့ခမျာ “အချစ်အိမ်တီးရှော့”တွင် နံပြားရိုက်ရင်း ဂျာနူး မေရီဂျန် (ဂျာနူး ငါ့အသက်လေး)ဟူသော သီချင်းမလွေးနိုင်တော့ ဠင်းတမှိုင် မှိုင်နေရှာပြီ။ “နှစ်လုံး”ရောဂါကြောင့်… “နှလုံးသား”ကို ဂဏန်းညှပ်သွားရပြီလေ။ ဇာတ်ပေါင်းသော်…. ဂဏန်းတို့ဖြင့် ပျော်မွေ့ခဲ့ကြသော မတ်စတန်းကြီး ဂျာနူးနှင့် လန်ဘားတို့အုပ်စုမှာ ဂဏန်းသုံးလုံးပါပုဒ်မနှင့်ပင် စီမံချက်ဝင်ခံလိုက်ရ၍ ထောင်နန်းစံကြရရှာသည်။ သြော်… ဟရာမ်ဖက်၍ အခြေပျက်ရတာလား… ဗိုင်သုလ်မာစနစ် ကွယ်ပျောက်နေတာကြောင့်လား… မုအာခတ်စနစ် ယိုယွင်းသွားရတဲ့ ရလာဒ်ပေပဲလား ဆိုတာကိုတော့…။ (ပရဝင်း)