Saturday, 27 August 2011

စံနမူရယ် ယူတတ်ပါလေမှ

စံနမူရယ် ယူတတ်ပါလေမှ
ရန်သူတို့ဘက်က မက်လုံးပေးပြီးအရေးဆိုလာသည်။ “အို… အဘူသွာလိဗ် အသင်၏ တူတော်မောင်အနေနှင့် အဖိုးအနဂ္ဃများပြားလှသော ရွှေငွေကျောက်သံပတ္တမြားများကို အလိုရှိသည်ဆိုအံ့၊ ကျွှန်ုပ်တို့ပေးရန်အသင့်ပါ၊ သို့တည်း မဟုတ် အာရေဗျ တစ်ဝန်းမှ အချောအလှဧကရီ လှပျိုဖြူများကို လက်ဆက်လိုသည်ဆိုအံ့။ ကျွှန်ုပ်တို့ဘက်က လိုက်လျောရန် အသင့်ရှိသည်သာ။ သို့တည်းမဟုတ် အာရေဗျပြည်ကြီး၏ ထီးဆောင်းမင်း ဧကရာဇ်အဖြစ် စိုးစံလိုပါသည်ဆိုအံ့။ ကျွှန်ုပ်တို့ဘက်က ဖြည့်ဆည်းရန် အသင့်ရှိပါ။ အသင့် တူတော်မောင်ဘက်ကသာ အစ္စလာမ်ဖြန့်ချီမှု လုပ်ငန်းကြီးကို ရပ်တန်းက ရပ်စေလိုကြောင်း တင်ပြပေးလှည့်ပါ”
ဘကြီးတော်အဘူသွာလိဗ်ခမျာတုန်လှုပ်ခြင်းကြီးစွာ ဖြစ်မိသည်။ အားလည်းလျော့သွားရှာသည်။ တူတော်မောင်၏ အဖြေကို စိုးရိမ်စွာနှင့် ငံ့လင့်နေမိသည်။
“ဘကြီးတော် အလ္လာဟ် အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ ကုရိုက်ရှ်မျိုးနွယ်၏ ဤအကြီးအကဲများသည် ကျွှန်တော်၏ လက်တစ်တွင် နေကိုလည်းကောင်း၊ အခြားတစ်ဘက်တွင် လကိုလည်းကောင်း ပေအပ်နိုင်ကြသည်ပင် ရှိစေကာမူ ကျွန်တော်သည် မိမိ၏တာဝန်ကိုမူ စွန့်လွှတ်မည် မဟုတ်ပါ”
တမန်တော်မြတ်၏ ထိရောက်ပြတ်သားစွာဆိုလာသည့် အဖြေစကားက…
(၁)
နေကပူပြင်းလှသည်။ ရန်ကုန်တွင် အပူချိန်က ၁၀၂၀။ပြည်တွင် ၁၀၄၀။အပူဒဏ်က မသက်သာလှ။ ဓနိမိုးအိမ်အတွင်းမှာပင် မနေနိုင်လောက်အောင် ပူလှသည်။ ကျွန်တော်ကရေးလက်စ စာမူကို စီစစ်နေခိုက်ဝယ် စလာမ်သံနှင့်အတူ ဆရာမကြီး ဒေါ်ခင်စန်းလွင်က ဆိုင်းမဆင့် ဗုံမဆင့် ပေါက်ချလာသည်။ ရောက်လာသည်နှင့် အချိန်ဆွဲမနေ။ လာရင်းကိစ္စကို တန်းပြောချလာသည်။
“ဆရာ ကျွန်မနွေရာသီ အစ္စလာမ် ရက်တိုသင်တန်း ဖွင့်ထားတယ်၊ဆရာက အစ္စလာမ်နှင့် သိပ္ပံဘာသာရပ်ကို ပို့ချပေးဖို့ လာပင့်တာ”
“ဘယ်တော့ပို့ချရမှာလဲ”
“ဘယ်တော့တွေ ဘာတွေလုပ်မနေနဲ့၊ ဒီကနေ့(၂)နာရီ သင်တန်းစမှာ”
“ဗျာ”
အာမေဍိက်သံကျွန်တော့်နှုတ်က ထွက်သွားသည်။ ယခုပဲ နံနက်(၁၀)နာရီကျော်နေပြီကိုး။ သို့နှင့်ကျွန်တော်က၊
“ဆရာမ ကျွန်တော်နောက်နေ့ သင်ပေးမယ်လေ”ဟု ဆင်ခြေတက်ခဲ့ရာ ဆရာမကြီးက
“အို…နောက်နေ့တွေဘာတွေ လုပ်မနေနဲ့၊ ကျွန်မက ခင်ဗျားသင်မယ့် အကြောင်း ကြေငြာထားပြီးပြီ”
ဒီတော့ ကျွန်တော်လည်း ရှေ့ဆက်ဘာမှမပြောသာ “အင်း….”ဟုလက်ခံလိုက်ရသည်သာ “ဓမ္မတေးလည်းသင်းပေးဦး”ဟူသော နောက်ဆက်တွဲ တာဝန်ကိုပါ ခေါင်းညိတ်လိုက်ရသည်။ သင်တန်းက အားရစရာပင်။ သင်တန်းတက်သူ ဦးရေခြောက်ဆယ်တွင် သင်တန်းသူကချည်း ငါးဆယ် ရှိနေသည်၊ သြော်ကမ္ဘာမှာလည်း အမျိုးသမီးဦးရေကများလှသည်မဟုတ်ပါလော။ သူတို့လေးတွေ၏ တက်ကြွပုံကိုကြည့်ပြီး ကျွန်တော်သည်ပင် အားတက်မိသည်။ အားတက်မိသလို အတွေးတစ်ခုလည်းပေါက်မိခဲ့သည်။ ယနေ့ တစ်ကမ္ဘာလုံးက ဟေလီကြယ်တံခွန် ဟေလီကြယ်တစ်ခွန်နှင့် ဖြစ်နေကြသည်။ ဤကြယ်ကြီးကို မြင်နိုင်မည့်ရက်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ သူကနှစ်(၈၀)မှ တစ်ခါ တစ်ခါပေါ်လာတတ်သည့် ဧည့်သည်ကြီးရယ်ကိုး။ တို့မုစ်လင်မ်ဘဝကလည်း ဟေလီကြယ်တံခွန် အလား ရယ်သို့။ကောင်းသော လုပ်ငန်းစဉ်ကလေးများ ချမှတ်ခြင်းတော့ရှိကြပါရဲ့ သို့သော် တစ်ကြိမ်မျှ အကောင်အထည် ဖော်ပြီးသည်နှင့် ဤလုပ်ငန်းက စုန်းစုန်းမြုပ် ပျောက်သွားတတ်သည်။ နောက်တစ်ကြိမ် ထပ်ဖြစ်ဖို့ဆိုသည်က…
ဟေလီကြယ်တံခွန်ရယ်သို့၊အလှမ်းဝေးလွန်းနေသည်။
(2) *
အစ္စလာမ်နှင့် သိပ္ပံသင်ခန်းစာ ကိုတော့ ပို့ချပေးပြီးခဲ့ပြီ။ ယခုတစ်လော စာစောင်တစ်ခုကိစ္စ တာဝန်ပိနေ၍၊ ဓမ္မတေး သင်ပေးဖို့က အချိန်မရသေးပေ။ တစ်ခုခုတော့ တစ်ခုခုအကြောင်းရှိ မည်သာ။ ဤဟာကွက်တစ်ခုက ဘာကြောင့်မှန်းမသိ။ အရိုးစွဲရောဂါရယ် သို့ဖြစ်နေသည်။ စာစောင် ကော်မတီများက စာစောင်ထုတ်ဖို့ စာမူတော့ တောင်းကြသည်။ ပြင်းထန်လေးနက်သော စည်းကမ်းချက်တစ်ရပ်အဖြစ်“မည်သည့်စာမူကိုမျှ စာမူခ အလျဉ်းချီးမြှင့်မည် မဟုတ်” ဟူသော သည်းကမ်းချက်ကို အသားပေးထည့်ရိုက် ထားတတ်ကြသည်။ စဉ်းစားရတော့ ကျပ်သည်သာ။ စာတစ်အုပ်ထုတ်လျင် စာမူလက်နှိပ်စက်ရိုက်ခ။ စာအုပ်ချုပ်ခ၊ စာမူဖတ်ခ၊ရိုက်ခ၊စီခ၊ ဒီဇိုင်းဆွဲခနှင့် ကာလာခွဲခ စသည့်ဖြင့် ဘယ်ကိစ္စမှ အခ မလွတ်ချေ။ အတွင်းစက္ကူ၊ မျက်နှာဖုံး စက္ကူလည်း ပိုက်ဆံပေးဝယ်ရသည်သာ၊ ဆင်ကောင်ကြီးဝယ်ပြီး ချွန်းဖိုးကျမှနှမြောသလို၊ စာမူခကျမှ တွက်ကပ်နေကြ သည်။ စာမူရှင်ခမျာမတော့ မိမိရေးမည့် စာမူပါရှိရာ စာအုပ် စာပေတို့ကိုငွေနှင့် စက်ဝယ် ရရှာသည်ကိုမှ မတွေးကြံလေသလား။
သြော်… တမလွန်ကျမှ အလ္လာဟ်အရှင်ထံပါးတွင် စာမူခကို စုပြုံထုတ်ယူရမှာလေသလား။ ဒီလိုတော့လည်း
စာစောင်ကိစ္စအားချိန်ရတော့မှသင်တန်းဘက် ဖြစ်ခြေဦးလှည့်ခဲ့သည်။ သူတို့လေးတွေက တမျှော်မျှော်နှင့်ရှိနေကြသည်။ ယနေ့ခေတ်တွင် စတီရီယိုတေးများ ခေတ်စားလှသည်။ ဓမ္မတေးများဖြင့် အစ္စလာမ်အသိကိုဆင့်ပွားပို့ချမှုကလည်း အခြေအနေ အချိန်အခါ အလျောက်လိုအပ်လှသည်သာ တရား၏ အသံကလေယံကြောဝယ် ပဲ့တင်ထပ်နေရမည်ကိုး။
ဤသည်၏ စိတ်ပိုင်းဆိုင်ရာ အကျိုးတရား တန်ပြန် သက်ရောက်မှုကလည်း မသေးလှပေ။ သို့အတွက် ဤဏ္ဍကိုလည်းလက်လွှတ်၍မဖြစ်။ ဓမ္မတေး သင်ပေးစက သူကလေးကို ကျွန်တော်မတွေ့ခဲ့။ သင်တန်းပေးစဉ် ကတည်းက သင်တန်းသူ သင်တန်းသား အစုအဝေးထဲတွင် သူကလေးကို မတွေ့မိခဲ့။ ယခုအုပ်စု(၃)နှင့်(၄)ကို ဓမ္မတေး သင်ပေးဖို့ တာဝန်ကျလာရာ အုပ်စု(၃) ကိုသင်ပေးခဲ့ပြီးပြီ။ သူကလေးက အုပ်စု(၄)တွင် ပါသည်။ ဓမ္မတေး သ်ပေးနေစဉ် သူကလေးက ကျွန်တော့်နောက်ဝယ်ရှိနေသည်မို့ ကျွန်တော်က မမြင်မိခဲ့ခြင်း ဖြစ်သည်။ ခပ်ရွတ်ရွတ် သင်တန်းသားတစ်ဦး၏ နှုတ်မှ “သီရိဒုံ” ဟု ခေါ်သံကြားရပြီး မရှေးမနှောင်းမှာပင် သူကလေး၏ “ဘာသီရိဒုံလဲ…ဟင်း” ဟု သော ချစ်စဖွယ်ချိုလွင်သော အသံက်ုကြားလိုက်မိသည်။ “အို…အတော်လဲ လှပါကလား” ယခုမှ သူကလေးကို ကျွန်တော် မြင်မိသည်။ လှပသော ရုပ်သွင်ကလေးများကို မကြာမကြာ မြင်တွေ့ဖူးပါသည်။ ဖိုတီကိတ်၏ချစ်စဖွယ် မျက်နှာထားရှင်လေးလိုလှရက်လေသူလေး ဟုလည်း မနှိုင်းရက်ပါ။ သူကလေးအလှက ဤထက်ပိုတာ အမှန်ပါ။ ရင်ထဲအေးမြသွားရသည်။ ဘဝင်ခိုက်သွားရသည် အသည်းနှလုံးကိုဆွဲထုတ် ယူခြင်းခံရသည် သို့ခံစားမိသည်။ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်၏ ဖမ်းစားမှုကြောင့်မဟုတ်၍ အေးမြပါလှသည်။ ပကတိရိုးသား စင်ကြယ်သော မျက်နှာကလေးကိုက…
“အင်း…ထိုင်းဘုရင့်သမီး သီရိဒုံနဲ့ မျက်နှာချင်းကလဲ ဆင်လွန်းတာကိုး”
သူကလေးက သူမကူးထားသော ဓမ္မတေးစာ အုပ်ကို ကျွန်တော်ရှေ့ချပေးလာသည်။ ကျွန်တော် ဓမ္မတေးတိုင်းပေးစဉ်၊ သူမရေးထားချက်၌ စာကျကျန်နေသဖြင့် ဖြည့်စွက်ရေးပေးရန် ဘောလ်ပင်ကိုတောင်းယူလိုက်သည်။ သူကလေးက ဘောလ်ပင်လှမ်းအပေး၊ ကျွန်တော့် လက်နှင့် သူကလေး၏နူးညံ့လှသော လက်ချင်းထိ သွားသည်။ ရင်ထဲဖိုသွားရသည်။ ဓမ္မတေး သင်ပေးအပြီးတွင် သူကလေးက ကျွန်တော့်ကို ချိုလွင်သော အသံသာကလေးနှင့်…
“ဆရာ…ကျွန်မတို့အိမ် လာလည်ပါ၊ ကျွန်မ အမှတ်(…)(…)လမ်းမှာနေပါတယ်၊ လာလည်နော်ဆရာ၊ ဆရာကလေ သိပ်ပြီး အသံကောင်းတာပဲ” ဟုဆိုလာသည်။ သူကလေး၏ အပြောနှင့် သူကလေး၏ အကြည့်တွင် ကျွန်တော့် အပေါ်အားကျ အထင်ကြီးစိတ်က အထင်းသား ပေါ်လွင်နေသည်။ အထင်ကြီး စိတ်အားကျစိတ်က အကောင်းကိုလည်း ဖြစ်စေနိုင်သည်။ အဆိုးကိုလည်းဖြစ်စေနိုင်သည်။ ကျော်ကြားမှု အထင်ကြီးမှုကို ပိုက်ကွန်အဖြစ် ဖြန့်ကျက်ချလိုက်ပါမူ…
အပြစ်မဲ့ရွှေသမင်ကလေးများမှာ…
• *
“စာစောင်” ကိစ္စနှင့် ကဝိရတနာ ပုံနှိပ်တိုက်မှ အပြန်တွင် ဆစ်ဒီက်လည်း အတူပါလာသည်။ သူနှင့် စကားတပြောပြောလျောက်လာရင်း မဂိုလမ်းထိပ်ရောက်တော့ မီပွိုင့်ကမနီနေသည်မို့ လမ်းကူးရန် နှစ်ယောက်သား ရပ်စောင့်နေကြသည်။ ထိုစဉ် “ဆရာ ဆရာ” ဟု နောက်မှလှမ်းခေါ်သံကိုကြားလိုက်ရသည်။
အသံရှင်ကလေးက …
သိပြီးတွေ့ချင်မြင်ချင်လှတဲ့“သီရိဒုံ”ကလေးပေါ့။
“သြော်…သီရိဒုံပါလား၊ ဘယ်ကလာတာလဲ” ဟု ကျွန်တော်က မေးလေတော့ ချစ်စဖွယ် အပြုံးရိပ်ကလေးနှင့် သူက…“အို…ဆရာကလဲ ကျွန်မနာမည်ကနှင်းဖြူဖြူနွယ်ပါ၊ “နှင်း” လို့ခေါ်လဲ ရပါတယ်၊ဆရာကလဲ အိမ်လာလည်ပါဆိုတာလဲ လာမလည်ဘူး“နှင်း” ကတော့မျှော်လို့”
ဆစ်ဒိက်က ကြားမှဝင်ပြီး…
“ယူတို့ဆရာက ရမ်ဇန်လမှာ သူများအိမ် အလည်မသွားဘူး။ ကျွေးသမျှ တိုက်သမျှတွေကို မစားရမှာစိုးလို့လေ ရိုဇာနဲ့မဟုတ်လား”
ဒီတော့ “နှင်း” က ချစ်စဖွယ် ရယ်သွမ်း သွေးသွားသည်။ “ဆရာလာလည်နော်” ဟု ခေါ်ရင်းက “စလာမ်”ဆို နှတ်ဆက်ကာ လမ်ခွဲသွားသည်။ ကျွန်တော်က သူသွားရာကို ကြည့်နေမိသည်။ စိတ်ထဲတွင်တော့ ဆစ်ခါတည်း ထသာလိုက်သွားချင်တော့သည်။ ထိုနေ့မှစ၍၊ မဂိုလမ်းထိပ် မီပွိုင့်ရောက်တိုင်း၊ သူကလေးနှင့် တွေ့ရနိုးဟူ၍ ရှာကြည့်မိတတ်သည်က ကျွန်တော်။
• *
ယနေ့သင်တန်းဆင်းပွဲရှိသည်။
သင်တန်းသူ သင်တန်းသားတိုင်းက အသစ်လွင်ဆုံး အဆင်အသွေးစုံ အဝတ် အစားများနှင့် အလှပဆုံး ပြင်ဆင်ပြီးလာခဲ့ကြသည်မို့ သူတို့ကိုကြည့်ရသည်က ရောင်စုံပန်းချီကား တစ်ချပ်ကို ကြည့်ရသည်ရယ်သို့…
သူတို့လေးတွေထဲမှာ အလှဆုံးကတော့“သီရိဒုံ” ပင်ဖြစ်သည်။ ကျွန်တော်က သူ့ကိုသာ ကြည့်နေမိသည်။ သူကလည်းကျွန်တော့်ကို မကြာမကြာလှမ်းကြည့်နေသည်။
သင်တန်းဆင်းပွဲ မစမီ၊ သူတို့တွေဤအခန်းအနားတွင် သီဆိုမည့် ဓမ္မတေးကို ကျွန်တော်က ပြန်တိုက်ပေးရသေးသည်။
“သာလောင်နှင့် ပြာလောင်” ဟု ကျွန်တော်က နာမည်ပေးထားသော ငရွတ်နှစ်ကောင်က “ဒိုးရတော့မယ် အချစ်ရယ် နှုတ်ဆက်ခဲ့ပါတယ်” ဟူသော တေးသွား ဆိုညည်းနေကြသည်။ ဤတေးသံကို ကြားဖူးသည့် ကျွန်တော့် ရင်တွင်းမှာလည်း …
ကျွန်တော့် အပါးတွင်“သီရိ” တစ်ဦးတည်း ရှိနေခိုက်ဝယ် “သီရိက သိပ်လှတာပဲ” ဟု ပြောလိုက်ရာ လှယမင်းလေးက ပြုံးရိပ်လေးဆင်ကာ ခေါင်းလေးကိုငုံ့ချလိုက်သည်။ ဆံကေသာလေးများ လှုပ်ယိမ်းသွားပုံက “အို…အသည်းခိုက်ရပါလား” သင်တန်းဆင်းပွဲ အခမ်းအနားကစပြီ။ သဘာပတိကြီးက မိန့်ခွန်းမြွက်ကြားနေသည်၊ ကျွန်တော်မျက်လုံးက“သီရိထံပါးမှာ…
သီရိကလည်း၊ ကျွန်တော့်ကိုသာ မကြာမကြာ ကြည့်နေရှာသည်။ ခွဲရတော့မှာမို့လား…
ကျွန်တော့်စိတ်အလျဉ်က လှုပ်ရှားနေသည်။
သင်တန်းဆင်းပွဲ ပြီးတော့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြသည်။ အားလုံးပေါင်း ရိုက်ရတွင် သူက ကျွန်တော့်ဘေးမှာ…
ကျွန်တော့် အပေါ်အားကျ ခုံမင်မှုအပြည့် ပြနေသည်က သူကလေး။“အလှ”တွင် “အလှ” ဆင့်နေသည့်သူကလေး။ “အို…သီရိရယ် ဆရာလေ မင်းကို စိတ်ဝင်စားမိပြီ” လို့ဆိုလိုက်ချင်ပေမယ့် လည်း၊ ကျော်ကြားမှုပိုက်ကွန်ကို ဖြန့်ချလိုက်ခဲ့လျှင်လည်း…။
လူ့သဘာဝမို့ အာသီသပင်ရှိလင့်ကစား…။ ယောက်ယက်ခပ်နေသော စိတ်ဆင်ရိုင်း အကြားဝယ် -မောင်လာနာရူမီ၏ မတ်ဆနဝီကျမ်းမှ၊ သူတော်စင်နှင့် ကြောင်သူတော်နီတိ ပုံပြင်လေးကို ပြေးပြီး သတိရမိသည်။
“တစ်ဦးစီရဲ့ မျက်နှာကို မော်ကြည့်လှည့်စမ်း၊ ကောင်းကောင်းကြီးသိလာလိမ့်မယ်”
ဒီတော့မှ သစ္စာတရားရဲ့ မျက်နှာကို မြင်တတ်မယ်၊ လူတွေရဲ့ မျက်နှာမှာ မကောင်းဆိုးဝါးတွေများလွန်းတာမို့ လူတိုင်းနဲ့ တွဲတာဟာ အမှားပဲ။ ငှက်ခတ်မုဆိုးဟာ သူ့ရဲ့လေချွန်သံနှင့်မြူဆွယ်ပြီး အသံပေးတာနဲ့ ငှက်တွေဟာ ကျော့ကွင်းမှာ ထိုးဆင်းကြတယ်။ ငှက်အော်သံထင်ပြီး ဆင်းလာတဲ့ ငှက်တိုင်းဟာ ပိုက်ကွန်ရယ် ဓားရယ်နဲ့ ဖူးစာဆုံသွားရတယ်။ ဒီလိုပဲ ကြောင်သူတော်တွေဟာ သူတော်ကောင်းတွေရဲ့ နီတိစကားတွေကို ခိုးဝှက်ထားကြပြီး၊ လူရိုး လူအတွေကို သူတို့ရဲ့ ကရိယာယ် မာယာနဲ့လှည့်စားကြတယ်။
မှန်ကန်သူတို့ရဲ့ လုပ်ရပ်က “အလင်းရောင်” မိစ္ဆာဝါဒီတွေရဲ့ လုပ်ရပ်ကတော့“အရှက်ကင်းမဲ့မှု” ပဲ
သင်းတို့က လူရိုး လူအတွေကို လှည့်စားဖို့ ခြင်္သေ့ဟန်ဆောင်ကြတယ်။ သူတို့က မုဟမ္မဒ်ဆိုတဲ့ ဘွဲ့ကို မုဆိုင်လီမာကို ပေးကြတယ်။ ဒါပေမယ့် မုဆိုင်လီမာက လူလိမ်။ မုဟမ္မဒ်က အမြင့်မြတ်ဆုံး မဟာလူသားပဲ။ အလ္လာဟ်အရှင်ရဲ့ ယမကာ (ဖြောင့်မတ် သီလရှိသူ)က ကတိုးထက် ရနံ့သာတယ်။ တစ်ခြားယမကာ (မိစ္ဆာ)ကို တော့ ဒဏ်ခတ်ဖို့ ထားတယ်”တဲ့
“အို…ငါသာသူကလေးအပေါ် စည်းမစောင့်ခဲ့ရင်…။
“ငါ့အပေါ် အထင်ကြီးနေမှုကို အခွင့်ကောင်းယူပြီး လှည့်ဖြားခဲ့ယင် ငါ့အပြစ်ကလည်း မတ်စ်နဝီထဲကလို…”
“ဘကြီးတော် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ၊ ကုရိုက်(ရှ်) မျိုးနွယ်၏ အကြီးအကဲများသည် ကျွန်တော်၏ လက်တစ်ဘက်တွင် နေကိုလည်းကောင်း၊ ကျွန်တော်၏ ကျန်လက်တစ်ဘက်တွင် လမင်းကြီးကိုလည်းကောင်း ပေးအပ်နိုင်ကြသည်ပင်ဖြစ်စေကာမူ ကျွန်တော်သည် မိမိ၏ တာဝန်ကိုမူ စွန့်လွှတ်မည်မဟုတ်”
တမန်တော်မြတ်၏ ထိရောက်ပြတ်သားစွာ ဆိုလာသည့် အဖြေစကားက ကျွန်တော်တို့လို ဘာသာရေးသမားများ အနေနှင့် စည်းသုံးစည်းကို ကျော်တက်ရမှာပါလား…။
“စည်းစိမ်” ကြောင့်လည်း အစ္စလာမ်ကို အလွဲသုံးစားမပြုရာ။
“အာဏာ”ကို ခုံမင်၍လည်း အစ္စလာမ်ကို ဥပေက္ခာပြု ကျောမခိုင်းကောင်းရာ”
“အလှ အပ မိန်းမလှများကို စွဲမက်၍လည်း အစ္စလာမ်ကို စွန်းထင်းအောင် မပြုကောင်းရာ” ဆိုသည်ကို အထင်းသားပြဆိုနေသည်။ ဖြစ်ရပ်ကလေးက ရိုးရှင်းလွန်းလင့်ကစား။ ကြီမားနက်ရှိုင်းသော ဖီလော်ဆိုဖီများနှင့် ဝန်ရံမထားလေလင့် ကစာလည်း။ မြတ်တမန်၏ စံပြဘဝမှ အဖြေစကားက ပကတိရိုးလွန်းလှလင့်ကစား စံနမူနာက အပြည့်လေမို့၊ စံနမူရယ် ယူတတ်ပါလေမှ ဟုသာ…။
( ပရဝင်း )

Tuesday, 16 August 2011

ပညာရှင်အများစု၏ တမန်တော်မြတ်အပေါ်ရှုမြင်ချက်

ပညာရှင်အများစု၏ တမန်တော်မြတ်အပေါ် ရှုမြင်ချက်
တမန်တော်မြတ်ဟာ ခေတ်တိုင်း ခေတ်တိုင်းအတွက် သူ၏မိန့်ခွန်း မှာကြားချက်တွေဟာ အံဝင်ခွင်ကျ ဖြစ်နေသလို ကမ္ဘာ့လူသားထု တရပ်လုံးအတွက်လည်း အမှန်သစ္စာတရားရဲ့လမ်းစဉ်အပေါ် ကယ်တင်ပေးတဲ့ ကယ်တင်ရှင်လို့ ခေါ်ဆိုရပေမယ်..။
အများနှင့်ကွာခြားသည်မှာ သူ၏ထူးခြာမှတ်သားဖွယ် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဤကမ္ဘာမြေပေါ်မှာ ခြေချခဲ့သူဖြစ်သည်…။
**သူသည်သာသနာ(အဆုံးအမ-သြဝါဒ-လမ်းညွှန်-ဘဝတည်ဆောက်မှူလမ်းစဉ်သာသနာ)တရပ်ကိုဟောကြားပို့ချသူ…။
**အမျိုးသား လူ့အစုအဝေးတစ်ရပ်ကို ပြုစုပျိုးထောင်ခဲ့သူ…။
**လူ့ကျင့်ဝတ် တရားများကို ချမှတ်ပြဋ္ဌာန်းခဲ့သူ…။
**လူမှူရေး စီးပွားရေး နိုင်ငံရေး ဘာသာရေး တရားဥပဒေ တို့ကို တပေါင်းတစည်းတည်း ရိုးရှင်းပြတ်သားစွာ ဦးဆောင် ဦးရွက်ပြုခဲ့သူ…။
**တွေးခေါ်မြှော်မြင်မှုဒဿနများကို ဟောကြားပို့ချအောင်နိုင်သူ…။
**ဆင်ခြင်တုံ့တရား ဥာဏ်မြော်အမြင်နှင့်ယှဉ်၍ ကိုးကွယ်ယုံကြည်ရာ အယူဝါဒကို ပြန်လည်ရှင်သန်စေခဲ့သူ…။
**ရုပ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာ အင်ပါယာကြီးနှစ်ခု၏ ရှေ့ဆောင်လမ်းပြသူ (မီးရှုး မီးတိုင်)…။
သူ၏သွန်သင် ဟောကြားပို့ချမှူအား အကောင်အထည်ဖော် လက်တွေ့လိုက်နာကျင့်သုံးနိုင်စေရန် စာတွေ့ လက်တွေ့ရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ပြုစုပျိုးထောင် တည်ဆောက်ခဲ့ပြီး နောင်လာနောင်သား ကာလများအထိသို့တိုင်အောင် လူမှူပတ်ဝန်းကျင် လူသားတို့တွေးခေါ်မှူဒဿနှင့် ပြုမူနေထိုင် ကျင့်ကြံမှူ အစုစုတို့ကို လုံးဝဥဿုံ ပီပြင်စွာ ပြုစုပျိုးထောင် တည်ဆောက်ပေးခဲ့ပေသည်…။
တမန်တော်မြတ်သည် စအူဒီအရေးဗီးယားတွင် AD-570 ခုနှစ်တွင်မွေးဖွားတော်မူပြီး သက်တော်(၄၀)တွင် ဘဝတည်ဆောက်မှူလမ်းစဉ်သာသနာ ကိုးကွယ်ရာတဆူတည်းဝါဒကို ဟောကြားတော်မူခဲ့ပြီး သက်တော်(၆၀)တွင် ဤကမ္ဘာလောကကြီှးမှ ခွဲခွာတော်မူခဲ့ပါသည်။
*ကိုးကွယ်ယုံကြည်ရာ အယူဝါဒတွင် အပိုင်နှစ်ပိုင်းရှိပါသည်*
တစ်ပိုင်းက အရှင်တစ်ဆူတည်းဝါဒ(the unity of God) နှင့်
ကျန်တစ်ပိုင်းက အလ္လာဟ်အရှင်မြတ်သည် ရုပ်သဘောကင်းလွတ်မှု(the immateriality of God) တို့ဖြစ်ပါသည်။ ပထမအပိုင်းမှာ တုနှိုင်းမဲ့ ထာဝရကိုးကွယ်ရာ အလ္လာဟ် ဘာလဲဆိုတာကိုရှင်းပြပြီး၊ ဒုတိယအပိုင်းမှာ ကိုးကွယ်ရာအရှင်သခင် မဖြစ်ထိုက်သည်တို့က ဘာလဲဆိုတာကိုရှင်းပြပါသည်။ဘုရားတု ဘုရားယောင်များကို ဖြိခွင်းပြီး၊ ယုံကြည်ရာအစစ်အမှန် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်သခင်ကို တွေးခေါ်သည့် ဒဿနများနှင့် ဝေဆာစွာ အစပြုခဲ့သည်
မှားသောအယူဝါဒမျာနှင့် အမျိုးမျိုးသောကိုးကွယ်မှုများမှ သည်တစ်ဆူတည်းဝါဒ၊
The lord and cherisher of manking
လူခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်။(၁၁၄း၁)
The king (or Ruler) of mankind
လူခပ်သိမ်းတို့၏ ဘုရင်မင်းမြတ်။(၁၁၄း၂)
The god (or judge)of manking
လူခပ်သိမ်းတို့၏ ကိုးကွယ်ရာ။(၁၁၄း၃)
He is Allah,the one and only
အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူ၏။(၁၁၂း၁)
Allah, the Eternal ,Absolute;
အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝကင်းရှင်းတော်မူသောအရှင်၊
သူတပါးတို့၏မှီခိုအားထားရာအရှင်၊နိစ္စထာဝရအရှင်ဖြစ်တော်မူ၏။(၁၁၂း၂)
He begets not, nor is he begotten;
ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှမွေးဖွာတော် မူခဲ့သည် မဟုတ်ပေ
မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံခဲ့ရသည် မဟုတ်ပေ။(၁၁၂း၃)
And there is none like unto him .
ထိုမှတပါး ထိုအရှင်မြတ်၌ ဂုဏ်ရည်တူသူ ဟူ၍လည်းတစ်ဦးတစ်ယောက်မျှမရှိပေ။(၁၁၂း၎)
စကြဝဠာလောကခပ်သိမ်း၌ ကိုးကွယ်ရာတစ်ဆူတည်းသာရှိကြောင်း ထိုအရှင်မြတ်ကိုသာလျှင် စည်ကမ်းသေဝပ်စွာ ယုံကြည်ကိုးကွယ်ရန် လမ်းညွှန်ခဲ့ပါသည်။
ကြီးနိုင် ငယ်နှင်း လူသားအချင်းချင်း အသားအရောင်ခွဲခြားမှူ အဆင့်အတန်းခွဲခြားမှူ မျိုးနွယ်ခွဲခြားမှူ မျိုးနွယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားသတ်ဖြတ်မှူများ စစ်ပွဲများမှ ကမ္ဘာ့လူသားအချင်းချင်း ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ထားရန် ကိုယ်စီယဉ်ကျေးမှူများကိုထိန်းသိမ်းရန် ကမ္ဘာ့အိမ်ထောင်စုကဲ့သို့ သွေးစည်းညီညွတ်စေရန် ဆောင်ရွက်ခဲ့ပါသည်။
အရက်သေစာသောက်စားခြင်း အကြမ်းဖက်သောင်းကျန်းခြင်း လောင်းတမ်းကစာခြင်း ကာမကျူးအကျင့်ဖောက်ပြန်ခြင်းများမှ အသောက်အစားကင်း၍ ရိုးသားဖြူစင်တည်ကြည်ခန့်ညား၍ ဘာသာတရားကြည်ညို ကိုင်းရှိုင်းရိုကျိုးလာစေရန်ဆောင်ရွက်ခဲ့ပါသည်။
ဥပဒေမဲ့ မင်းမဲ့စရိုက်များမှ စည်းကမ်းသေဝပ်သော လူအဖွဲ့အစည်းတစ်ရပ်အဖြစ်လည်းကောင်း လုံးဝနိမ့်ကျနေသည့် လူမှူဘဝ အခြေအနေမှသည်အမြင့်မားဆုံးသော စာရိတ္တ စံနှုန်းပိုင်ရှင်များ အဖြစ်သို့လည်းကောင်းပြုပြင်ပြောင်းလဲခဲ့ပါသည်။
တောင်သူလယ်သမား နှင့် ဘုရင် ပင်ဖြစ်ပါစေ ပခုံးခြင်းယှဉ်လျက် ထာဝရကိုးကွယ်ရာ တုနှိုင်းမဲ့ အရှင်သာလျှင် ကြွေးကြော်၍ အစ္စလာမ်သည် ဒီမိုကရေစီစနစ်ကို ပီပြင်စွာသရုပ်ဖော်ကျင့်သုံးပြသခဲ့သူ…။
တမန်တော်မြတ်သည်
*ကမ္ဘာ့လူသန်းပေါင်းများစွာသောလူသားတို့၏ နှလုံးသားတွင် တိမ်းညွတ်စွဲငြိစေပြီး *အငြင်းပွားဖွယ်ရာအလျှင်းမရှိ အကောင်းဆုံးပါဟု လက္ခံထားရသူ…
*သင်ကြားပို့ချသူ…
*လူမှုရေးပြုပြင်မှုဝါဒီ ကျင့်ဝတ်သိက္ခာ ကိုယ်ကျင့်တရားကိုလမ်းညွှန်သူ…
*အလွန်ကြီးမားသော အုပ်ချုပ်မှုယန္တရား၏ အလုံးစုံဗျူဟာကိုချမှတ်သူ…
*သစ္စာစောင့်သိသောမိတ်ဆွေကောင်း အံ့သြလောက်သည့်မိတ်ဆွေ အပေါင်းအဖော်…
*တာဝန်ကျေပွန်သော ခင်ပွန်း ခင်တွယ်စရာကောင်းသောဖခင်တစ်ဦး…
*တည်ကြည်ခိုင်မာသော ရိုးသားဖြူစင်သူ…
*အတ္တစွဲကို ခြေဖျက်တတ်သူ…
*သဘောတူညီမှု ကတိကဝတ်များကို စောင့်ထိန်းလိုက်နာသူ…
*ရဲစွမ်းသတ္တိရှိသူ…
*ကြောက်ရွံ့ခြင်းကင်းရှင်းသောစိတ်ဓာတ်ရှိသူ…
*ကိုးကွယ်ရာထာဝရ တုနှိုင်းမဲ့အရှင်သခင်ကို အကြွင်းမဲ့ယုံပုံလွှဲအပ်ထားရှိသည့် ယုံကြည်ချက်သဒ္ဓါတရားရှိမှုနှင့်
*သူကိုယ်တိုင်ဦးဆောင်ခဲ့သော အစ္စလာမ်သာသနာပြုလုပ်ငန်းများ စသည့်ဂုဏ်ပုဒ်များအားလုံးနှင့် ပြည့်စုံစွာရှိသူဖြစ်သည်။

(စာအုပ်များစွာမှ ကောက်နုတ်တင်ပြထားပါသည်)

ဆွလာသ်၏အရေးပါမှု

ဆွလာသ်၏အရေးပါမှု
*ဆွလာသ်ဖျက်က ဘဝပျက်အံ့၊ ဆွလာသ်စွန့်က ငရဲလားအံ့၊ ဆွလာသ်တည်က အောင်မြင်အံ့။
*အလ္လာဟ်သည် အောင်မြင်ငြိမ်းချမ်းမှု၏ အရင်းအမြစ်ဖြစ်သည်။
*အလ္လာဟ်ထံမှ အောင်မြင်ငြိမ်းချမ်းမှုကို မည်သို့ဆက်သွယ်တောင်းခံမည်နည်း။

*ဆွလာသ်တည်ခြင်းဖြင့် * …
*သွဟာရသ်-တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းစင်ကြယ်ခြင်း၊
*ခုရှုအ်-ရိုကျိုးနှိမ့်ချ အာရုံစိုက်ခြင်း၊
*မိအ်ရာဂ်ျ-စကြဝဠာနှင့် ယှဉ်၍ဥာဏ်စဉ်တိုးပွားခြင်း၊
*အခ်လာက်-ကိုယ်ကျင့်တရား သန့်စင်ဖွံ့ဖြိုးစေခြင်း၊
*အွမ်မသ် ဝါဟိဒဟ်-တစ်ခုတည်းသော အွမ်မသ်အဖြစ် ပုံသွင်းခြင်း၊
*မေတ္တာ၊ သစ္စာ၊ ကရုဏာ၊ တရားမျှတမှု၊ စာနာထောက်ထားမှုတို့ဖြင့် အိဟ်စာန်ခေါ် လောကကို ကောင်းကြိုးပြု အလှဆင်ခြင်း၊
*သက္ကဝါ-အလ္လာဟ်သိစိတ်ဖြင့် အမိန့်နာခံခြင်း စသည်အနှစ်သာရ၊ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
(၁) မည်သူ့အတွက်ရည်သန်၍ ဆွလာသ်ဝတ်ပြုမည်နည်း
ဆွလာသ်ဝတ်ပြမှု၊ ဆုမွန်ဒုအာအ်တောင်းခံမှုတို့ကို အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းအတွက်သာ ရည်သန်၍ ပြုရပေမည် ။ (Quran 1:5/ 6:162/ 20:14/ 13:14-15)
(၂) မည်သူတို့ ဆွလာသ် ဝတ်ပြုတည်ဆောက်ကြရမည်နည်း
*…ဆွလာသ်ကျင့်စဉ်သည် မိမိ၌အမှန်တရားကို သက်ဝင်ယုံကြည်မှု အီမာန် ရှိကြောင်းနှင့် အလ္လာဟ်အရှင်မြတ်ကို နာခံအပ်နှင်းကြောင်း သင်္ကေတဖြစ်ရာ မုစ်လင်မ်အမျိုးသား၊ အမျိုးသမီးတိုင်းအပေါ်တွင်မပြုမနေရ(ဖရဒွ်) တာဝန်ဖြစ်ပေသည် ။ (Quran 8:3-4/14:31)
*…ဆင်ခြင်တုံ့တရားကင်းလွတ်ပြီး ရူးသွပ်နေသူ၊ အရွယ်မရောက်သေးသူများအပေါ်၌ မပြုမနေရ တာဝန်မဟုတ်ပေ။ အစ္စလာမ်တွင် အဓမ္မစနစ်မရှိပါ ။ (Quran 2:256)
*…အမျိုးသမီးများအနေဖြင့် လစဉ်ပုံမှန်ရာသီပန်းပွင့်ချိန် (၃)ရက်မှ(၁၀)ရက်အတွင်းနှင့် ကလေးမွေးဖွားပြီး သွေးဆင်းချိန်(၄၀)ရက်အတွင်း ဆွလာသ်ဝတ်ပြုခြင်းမှ ခြွင်းချက်ပေးထား၏။ သန့်စင်သွားချိန်မှသာပြန်လည် ဝတ်ပြုရမည်။ ထိုကာလများအတွင်း လွတ်သွားသော ဆွလာသ်များအတွက် ပြန်လည်အစားထိုးဝတ်ပြုစရာ မလိုတော့ပါ ။
*…ထို့ကြောင့် တမန်တော်မြတ်က “မုစ်လင်မ်တစ်ဦးနှင့် ကာဖိရ်တစ်ဦး၏ ကွာခြားချက်မှာ ဆွလာသ်ကျင့်စဉ်” ဟုဆိုခဲ့ခြင်းဖြစ်သည်။ (မုစ်လင်မ် သြဝါဒကျမ်း) ဆိုလိုသည်မှာ လူသားနှစ်ဦးအနေဖြင့် ဝတ်စားဆင်ယင်မှုနှင့် ဘာသာစကား တူညီနိုင်သော်လည်း ဆွလာသ်ဝတ်ပြုချိန်ရောက်လျှင် မုစ်လင်မ်ဖြစ်သူသည် အလ္လာဟ်အရှင်မြတ် ရှေ့မှောက်သို့ ဆွလာသ်ဝတ်ပြုမှုဖြင့် အခစားဝင်ရောက်ခြင်းဖြစ်ပါသည် ။
*…ဆွလာသ်ကျင့်စဉ်သည် နားရက်မရှိသော ကျင့်စဉ်ဖြစ်သည်။ စစ်ပွဲကာလ၌ဖြစ်ပါစေ ဆွလာသ်ကျင့်စဉ်ကိုစွန့်၍ မရချေ ( Quran 4:101-103)။ အကြောင်းသော် မုစ်လင်မ်တို့၏ ဦးတည်ချက်မှာ တိုက်ပွဲမဟုတ်၊ ရန်သူကိုကြောက်ခြင်းလည်းမဟုတ်၊ နယ်ချဲ့ရန်အတွက်လည်းမဟုတ်၊ အလ္လာဟ်အရှင်မြတ်ကို သတိရ တသရေးနှင့် မည်သူမဆို လွတ်လပ်စွာ ကိုးကွယ်ကျင့်သုံးခွင့် ရရှိရေးသာဖြစ်ပါသည်။
*…နာမကျန်း၍ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာကို စိုးရိမ်ရလျှင်ဖြစ်စေ မတ်တပ်ရပ်၍ ဝတ်မပြုနိုင်ပါက လမ်းလျှောက်လျက်ဖြစ်စေ၊ စီးနင်းလျက်ဖြစ်စေ၊ သတ်မှတ်ချိန်ဆွလာသ်ကို ဝတ်ပြုကြရပေမည် ။
(Quran 2:238-239)
*…မိမိဘဝတွင် အခက်အခဲများကြုံတွေ့ရပါကလည်း (ဆွဗရ်)ကြံ့ခိုင်ခြင်းတရားထားလျက် ဆွလာသ်ကျင့်စဉ်ဖြင့် အလ္လာဟ်အရှင်မြတ်ထံမှ အကူအညီတောင်ခံရန် အလ္လာဟ်အရှင်မြတ်က ညွှန်ကြားထား၏။ ( Quran2:153)
ထို့အတူ မိမိကြိုမသိသော အနာဂတ်ကိစ္စရပ်အတွက် အိစ်သိခါရဟ် ဆွလာသ် ဝတ်ပြု၍ အလ္လာဟ်အရှင်မြတ်ထံမှ အကူအညီ အသိထူးကို တောင်းခံနိုင်ပါသည်။
*…မိမိ၏ အိမ်သူအိမ်သားများ၊ တပည့်များ၊ ဆွလာသ်ဝတ်ပြုကြစေရန် အကြီးအကဲက စီစဉ်ညွှန်ကြားရမည်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်က လမ်းညွှန်ထား၏။ (Quran 20:132)။ တမန်တော်မြတ်ကလည်း ကလေးများကို(၇)နှစ်အရွယ်တွင် ဆွလာသ်ဝတ်ပြုကြစေရန်၊ (၁၀)နှစ်အရွယ်တွင်ဝတ်မပြုပါက ကရုဏာပညာဖြင့် ပြစ်ဒဏ်ပေးဆုံးမခြင်းအားဖြင့် ဝတ်ပြုမှုအလေ့အကျင့်ပြုစေရန် ညွှန်ကြားထား၏ ။ (အဗူဒါဝုဒ်ကျမ်း ၊ အဟ်မဒ်ကျမ်း )


စာရေးသူ စီစဉ်တင်ဆက်သူ
ငြိမ်းချမ်းလုလင် မီုးစက် (အလ်အဇ်ဟရ် အစ္စလာမ့်သိပ္ပံ)
အချိန်၏တန်ဖိုး
(၁) တစ်နှစ်ရဲ့တန်ဖိုးကိုသိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကိုသွားမေးကြည့်ပါ။
(၂) တစ်လရဲ့တန်ဖိုးကိုသိချင်ရင် လမစေ့ဘဲ ကလေးမွေးတဲ့မိခင်ကို မေးကြည့်ပါ ။
(၃) တစ်ပတ်ရဲ့တန်ဖိုးကိုသိချင်ရင် အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ။
(၄) တစ်နေ့ရဲ့တန်ဖိုးကိုသိချင်ရင် ကလေးခြောက်ယောက်ကို ရှာကျွေးနေရတဲ့ နေ့စားအလုပ်သမားကိုမေးကြည့်ပါ ။
(၅) တစ်နာရီရဲ့ တန်ဖိုးကိုသိချင်ရင်တော့ ဆုံဆည်းခွင့်ကိုစောင့်နေရတဲ့ ချစ်သူတွေကိုမေးကြည့်ပါ ။
(၆) တစ်မိနစ်ရဲ့ တန်ဖိုးကိုသိချင်ရင်တော့ ရထားမမှီလိုက်တဲ့ ခရီးသည်ကိုမေးကြည့်ပါ ။
(၇) တစ်စက္ကန့်ရဲ့တန်ဖိုးကိုသိချင် ယာဉ်တိုက်မှုနဲ့သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကိုမေးကြည်ပါ ။
(၈) တစ်စက္ကန့်ရဲ့တန်ဖိုးကိုသိချင်ရင် အိုလံပစ်သမား(သို့)တိုက်ခိုက်ရေးသမားကိုမေးကြည့်ပါ ။
(၉) တစ်ဘဝရဲ့တန်ဖိုးကိုသိချင်ရင် ကြိုးမိန့်ကျတော့မဲ့ဆဲဆဲ လူတစ်ယောက်ရဲ့ခံစားချက်ကိုမေးကြည့်ပါ။

စာရေး ဆရာ ဝါးခယ်မ မောင်မင်းနိုင်

Wednesday, 10 August 2011

“ပြုံးပန်းလှိုင်စရာတွေ ဆုံးခန်းတိုင်ပါစေ”
တည်ငြိမ်မွေ့လျော်
လက်တွဲပျော်ဖို့
အရှင်ကဖန်တီး
လူ့ဘဝခရီးတွင်
ချစ်မေတ္တာခြံ
ပရုဏာရံလျှက်
အမုန်းမဖက် ရတတ်ကဗျာအေးမယ့်
အပြုံးမပျက် မျက်နှာလေးနဲ့
အရှုံးမစွက် တစ်သက်တာရေးတွက်
အလ္လာဟ်မြတ်ရှင် မစလို့
အနာဂတ်တွင် လှပဖို့
အစ္စလာမ့်တေးကို
နှစ်ဦးသားဆိုရင်း
မေတ္တာရောင်ပြန်ဟပ်ဖို့
သစ္စာအောင်လံတပ်စို့
ချစ်စရာတောင်ပံခတ်လို့
ဘဝခရီးကိုလည်း စတင်မယ်
ကမ္ဘာကြီးကိုလည်း အလှဆင်မယ်……။

(ကိုစိန်ဌေး)

Wednesday, 3 August 2011

တမန်တော်မြတ် မုဟမ္မဒ် {AD 571-632}
မက္ကာခေတ်ကာလ
တမန်တော်မြတ်သည် ခရစ် ၅၇၁ခုနှစ်၊ ဧပြီလ၊၂၂ရက်နေ့ အရုဏ်ဦးတွင် ဖွားမြင်သည်။အဗ်ဒုလ္လာဟ်သည် တမန်တော်မြတ်မဖွားမြင်မီ ဆီးရီးယားနိုင်ငံသို့ ကုန်ကူးသန်းရန်အသွား မဒီနာမြို့တွင် ကွယ်လွန်ခဲ့သည်။ မိခင်ဖြစ်သူ အာမေနဟ်သခင်မသည် တမန်တော်မြတ်မွေးဖွားပြီး(၄)နှစ်သားအရွယ်တွင် ကွယ်လွန်ခဲ့ပြန်သည်။ မိဘမရှိသည့်နောက် အဖိုးဖြစ်သူ အဗ်ဒုလ်မုသွာလိဗ်က ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ မိဘမဲ့သူ မုဟမ္မဒ်သည် ကိုယ်ထူကိုယ်ထ မိမိဘဝကို ရပ်တည်နိုင်ခဲ့သည်။ မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေခဲ့ပေ။ ဖျက်လတ်သွက်လက်သော မုဟမ္မဒ်ကလေးကို အားလုံးက လိုလိုလားလားရှိခဲ့သည်။ အရှက်ကြီးသည်၊ သစ္စာတရားကြီးသည်၊ တာဝန်ကို ကျေပွန်သည်။ အလဟဿစကားနှင့် အကျိုးမဲ့လုပ်ရပ်ကို ငယ်စဉ်ကတည်းကရှောင်ခဲ့သည်။ ၈ နှစ် ၂ လအရွယ်တွင် အဖိုးဖြစ်သူ အဗ်ဒုလ်မုသွာလိဗ် ကွယ်လွန်၍ ဘကြီးဖြစ်သူ အဗူသွာလိဗ်နှင့် အတူ နေထိုင်ခဲ့သည်။ ကုန်ကူးသန်းရင်း ၁၂ နှစ်သားအရွယ်တွင် ဘကြီးနှင့်အတူ ဆီးရီးယားနိုင်ငံဘက်သို့ ရောက်ရှိခဲ့ပြီး ဒေသန္တရဗဟုသုတ ရခဲ့သည်။ ၁၅ နှစ်သားအရွယ်တွင် ဖြစ်ပျက်ခဲ့သော ဖေဂျာရ်စစ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ဒေသခံတို့နှင့်အတူ ပါဝင်ခဲ့သည်။ ကလ်ဖိဖူဇူလ် လူမှုဝန်ထမ်း အဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၃ နှစ်အရွယ်တွင် ဆီးရီးယားနိုင်ငံသို့ ကုန်သည်အဖြစ် သွားရောက်ခဲ့သည်။ သက်တော် ၂၅ နှစ်အရွယ်တွင် ခတီဂျာသခင်မနှင့် ထိမ်းမြားခဲ့သည်။ သူမသည် မုဆိုးမတစ်ဦးဖြစ်ပြီး တမန်တော်မြတ်နှင့်အတူ အစ္စလာမ့်လှုပ်ရှားကာလတွင် ကွယ်လွန်ချိန်အထိ ရွပ်ရွပ်ချွံချွံ ပါဝင်လှုပ်ရှားခဲ့သော အိမ်ထောင်ရှင်မ စံပြအမျိုးသမီးဖြစ်သည်။ သား၂-ဦး၊ သမီး ၃-ဦးထွန်းကားခဲ့သည်။ စီးပွားရေးအခြေအနေ ကောင်းမွန်လာခဲ့၍ အားလပ်ချိန်တွင် သစ္စာတရားရှာဖွေရန် ဟီရာလှိုဏ်ဂူတွင် တရားအားထုတ်ခဲ့သည်။ အသက် ၄၀-အရွယ်A.D-၅၉၆ ခုနှစ်တွင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျမ်းမြတ်ကုရ်အာန်ဝဟီလမ်းညွှန်ချက် ကျရောက်လာပြီး နဗူဝသ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဇနီးဖြစ်သူ ခတီဂျာသခင်မ၊ သူငယ်ချင်းဖြစ်သူ အဗူဗကရ်နှင့် သားရင်းပမာဖြစ်သူ ညီငယ် အလီက အစ္စလာမ်ကို စတင်လက္ခံခဲ့သည်။ ၃-နှစ်တိတိ အစ္စလာမ် ဒေသနာတော်ကို လျှို့ဝှက်စွာဟောပြောဖိတ်ခေါ်ခဲ့ရာ ပညာတတ်များ သစ္စာတရားကို ရှာဖွေလိုသူများ ဆင်းရဲသားလူတန်းစားနှင့် သူကြွယ်တစ်ချို့ အစ္စလာမ်ကို လက္ခံခဲ့ကြသည်။ ဆွဖာတောင်တန်းရှိ ရကမ်မစ်ဂူပီတွင် လျှို့ဝှက်စွာ ဌာနချုပ်ဖွင့်လှစ်ထားခဲ့သည်။
A.D ၆၁၃>အစ္စလာမ်ဒေသနာတော်ကို ဆွဖာတောင်ထိပ်ပေါ်သို့တက်ကာ အတိအလင်းကြေညာခဲ့ရာ ပြက်ရယ်ပြုခြင်းကိုခံခဲ့ရသည်။
A.D ၆၁၄>ကုရိုက်ရှ် တို့သည် တမန်တော်မြတ်၏ ဘကြီးဖြစ်သူ အဗူသွာလိဗ်အား အမျိုးမျိုးဖိအားပေးကာ အစ္စလာမ်ကိုမပို့ချရန် တွန်အားပေးခဲ့သည်။ နဗူဝသ်၏ တတိယနှစ်မှ ပဉ္စမနှစ်အထိ ပတ်ဝန်းကျင်ရှိအမျိုးအနွယ် များ၏ ဆန့်ကျင်မှုကိုခံရပြီး မဉ္စနှစ်မှစ၍ ပြင်းထန်သော ဖိနှိပ်မှုကို ဆက်လက်ခံရပြန်သည်။ယင်းဒဏ်ကို မခံနိုင်၍ မုစ်လင်မ်တို့အား ပင်လယ်နီကိုကျော်ဖြတ်ကာ၍ အာဖရိကတိုက်ရှိ အီသီယိုးပီးယားနိုင်ငံသို့ ဟိဂျရသ်ပြုစေခဲ့သည်။ ကာဖိရ်တို့သည် ဤဝေးလံသောဒေသအထိ သွားရောက်ဒုက္ခပေးခဲ့ပြန်သည်။ ဤသို့အားဖြင့် အစ္စလာမ်သာသနာသည် မဒီနာမရောက်ခင်အလျှင် အာဖရိကတိုက်သို့ ရောက်ရှိခြင်းဖြစ်သည်။
A.D ၆၁၅>ဆဋ္ဌမနှစ်တွင် အုမရ်သခင်နှင့် ဟမ်ဇာသခင်တို့ အစ္စလာမ်ကိုလက္ခံလာ၍ အင်အားတိုးလာခဲ့သည်။ အစ္စလာမ်ကိုလက္ခံသူတို့ တစ်စတစ်စ များပြားလာ၍ မက္ကာသားတို့သည် မုစ်လင်မ်တို့အား သတ္တမနှစ်မှ ဒဿမနှစ်အထိ မက္ကာအပြင်ဘက်ရှိ ဗာဗေအဗူသွာလိဗ် အရပ်၌ အကျယ်ချုပ်ဖြင့် အပယ်ခံဘဝတွင် နေထိုင်စေခဲ့သည်။ဤကာလတွင် ဘကြီးဖြစ်သူ အဗူသွာလိဗ်ကွယ်လွန်ပြီး(၂)လ အကြာတွင် ဇနီးဖြစ်သူ ခတီဂျာသခင်မ ကွယ်လွန်ခဲ့ပြန်သည်။
A.D ၆၁၉>ဒဿမမြောက်နှစ်တွင် တမန်တော်မြတ်သည် သွာအိဗ်မြို့သို့ အစ္စလာမ်ကို ဟောကြားရန် သွားရောက်ခဲ့ရာ ဝိုင်း၍ခဲနှင့်ပေါက်ခြင်းကို ခံခဲ့ရသည်။သွေးမြေကျခဲ့ရသည်။ သွာအိဗ်မှအပြန်တွင် မေအ်ရာဂ်ျခရီးစဉ်သွားခဲ့ရ၍ ခရီးစဉ်မှအပြန် လူသားတို့အတွက် လမ်းညွှန်ချက်တရား(၁၄)ချက်(စူရဟ် ဗနီအိစ္စရာအီလ်)ကို ယူဆောင်လာခဲ့သည်။ယင်းနှစ်တွင် မဒီနာမြို့သားတို့ အစ္စလာမ်ကိုလက္ခံလာသည့်အပြင် မဒီနာသို့လာရောက်ရန် ဖိတ်ခေါ်ခဲ့သည။ ယင်းသည် အစ္စလာမ့်သမိုင်း၏ အလှည့်အပြာင်းကိုဖြစ်စေခဲ့သော ဗိုင်အသ်သက္ကဝါ အဖြစ်ထင်ရှားလှပေသည်။ မဒီနာမြို့သားတို့သည် ဒုတိယအကြိမ်လာရောက်အပြီးတွင် မက္ကာမြို့ရှိ မုလင်မ်တို့သည်တဖွဲဖွဲ မဒီနာသို့ ထွက်ခွာသွားတော့သည်။
မဒီနာခေတ်ကာလ
A.D ၆၂၂>တမန်တော်မြတ်သည် ဟိဂျရသ်ပြု၍ မဒီနာသို့ ထွက်ခွာခဲ့သည်။ ဤသို့ ဟိဂျရသ်ပြုခြင်းကို အကြောင်းပြု၍ ယင်းကာလမှစကာ ဟစ်ဂျရီပြက္ခဒိန်ကို စတင်ခဲ့သည်။ဤဖော်ပြပါ မဒီနာမတိုင်ခင် မက္ကာခေတ်တွင် ကျမ်းမြတ်ကုရ်အာန်၏ စူရဟ်ပေါင်း ၉၃ စူရဟ် ကျရောက်ခဲ့သည်။ အများအားဖြင့် သောင်ဟီးဒ်သဘောတရားနှင့် ရှေးတမန်တော်တို့၏ အကြောင်းဖြစ်သည်။ ဖော်ပြခဲ့ရသောသူတို့ကား“ အို…လူသားတို့၊ အို…ကာဖိရ်အပေါင်းတို့” ကဲ့သို့သော အာယာသ်များဖြစ်သည်။
လမ်းခရီးတွင် ကူဗာအရပ်၌ ပထမဆုံးဝတ်ကျောင်းတော်တည်ဆောက်၍ ပထမဆုံး ဂျွမ္မာဆွလာသ်ကို ဝတ်ပြုခဲ့သည်။ ကူဗာတွင်၁၄ ရက်မျှနေသည်။ ဝတ်ကျောင်းတော်ကို မဒီနာမြို့တွင် တမန်တော်မြတ်အပါ အဝင်မုစ်လင်မ်အားလုံး ပါဝင်တည်ဆောက်ခဲ့သည်။ မက္ကာမြို့မှ လာရောက်သူတို့နှင့် မဒီနာမြို့မှ အန်ဆွရ်တို့ကို ပူးပေါင်းပြီး မုဝါခါသ် ဟုခေါ်သည့် ညီနောင်ဖွဲ့ပေးခဲ့သည်။ မဒိနာမြို့ကို ဗဟိုပြု၍ အစ္စလာမ့်လူ့အဖွဲ့အစည်းတည်ဆောက်သည်။ မဒီနာသားတို့သည် လယ်ယာကုန်ထုတ်လုပ်ငန်းကို ကျွမ်းကျင်ပြီး မက္ကာသားတို့သည် ကုန်သွယ်ရေးလုပ်ငန်းကို ကျွမ်းကျင်ကြသည်ဖြစ်၍ မဒီနာမြို့သည် စီပွားရေးဗဟိုအဖြစ်သို့ ရောက်ရှိသွားတော့သည်။ မဒီနာခေတ်တွင် ရောက်ရှိပြီးနောက် ကျရောက်သော ဒေသနာလမ်းညွှန်ချက်များသည် လူ့အဖွဲ့အစည်းတည်ဆောက်မှုဆိုင်ရာ လမ်းညွှန်ချက်ဖြစ်သည်။ ယင်းကာလတွင် ကျရောက်ဖော်ပြခံရသူတို့ကား “အို…အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့” ဖြစ်သည်။ ဟိဂျရီပထမနှစ်တွင် ကာကွယ်ရေးအစီစဉ်ကို ချမှတ်နိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ကျရောက်သော ကုရ်အာန်ကျမ်းကို လမ်းညွှန်အရ မဒီနာခေတ်တွင်ကျရောက်သည်ဟု ဖော်ပြသည်။
မဒီနာမြို့ရှိသော ခေါင်းဆောင်နှစ်ဦးဖြစ်သူ ရဟူဒီလူမျိုး အဗ်ဒုလ္လာဟ် ဗင် ဆလာမ်နှင့် ခရစ်ယာန်ဘုန်းကြီး အဗူကိုင်စ်တို့ အစ္စလာမ်ကို လက်ခံလာခဲ့သည်။ ထိုမျှမက အာရဗ်ဒေသခေါင်းဆောင်များလည်း အစ္စလာမ့်ရေးရာနှင့် စပ်လျဉ်းပြီး စိတ်ဝင်စားလာခဲ့ကြသည်။
A.D ၆၂၃>ဟိဂျရီ၂ခုနှစ်တွင် မုစ်လင်တို့အား ညဉ်းပမ်းနှိပ်စက်နေသော ရန်ပြုသူကို ပြန်လည်တွန်းလှန်ခွင့် အမိန့် ဂျီဟာဒ်ကျရောက်လာခဲ့၍ ရန်သူတို့အားခုခံပိုင်ခွင့်ရှိလာလေသည်။ မဒီနာဝန်းကျင်ရှိလူမျိုးများ အုပ်စုများနှင့် တစ်ဦးကိုတစ်ဦး လေးစားရေး၊ မကျူးကျော်ရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ဇကားသ်အမိန့်၊ဆွီယာမ် ဥပုဒ်သီလ အမိန့်ကျရောက်လာခဲ့သည်။ ကအ်ဗာသို့မျက်နှာမူ၍ ဆွလာသ်ဝတ်ပြုအမိန့် အိးဒ်ဂါတွင် အိဒုလ်ဖိသိရ်ဆွလားသ်ကို အစုအဝေးဖြင့်ဝတ်ပြုခြင်း၊ ပါရှန်းလူမျိုး ဆလ်မာန် ဖာရစီ အစ္စလာမ့်လူ့ဘောင်သို့ ဝင်ရောက်ခြင်း၊ ဟိဂျရီ၂ခုနှစ်တွင် ကမ္ဘာ့သမိုင်းတွင် အရေးပါသော ဗဒရ်စစ်ပွဲဖြစ်ပွား၍ အရေအတွက် ၃၁၃ရှိသော မုစ်လင်မ်တို့ အောင်ပွဲခံရခြင်းဤသို့အားဖြင့် ကမ္ဘာ့သမိုင်းအခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့သည်။ ဤနှစ်တွင် အလီသခင် နှင့် သမီးတော်ဖွာသီမဟ် သခင်မတို့ကို ထိမ်းမြားပေးခဲ့သည်။
A.D၆၂၄>ဟိ၈ျရီ ၃ခုနှစ်တွင် မူးယစ်သေစာများကို ပိတ်ပင်သည့်အမိန့် ကျရောက်သည်။ ဤနှစ်တွင် ရမဿွာန်လတွင် တမန်တော်မြတ်၏ မြေးတော်အီမာမ် ဟူစိန်မွေးဖွားခဲ့သည်။ အူဟူးဒ်စစ်ပွဲ ဖြစ်ပွားခဲ့သည်။ တမန်တော်မြတ်အမိန့်ကို မလိုက်နာမှုကြောင့် အောင်ပွဲခံရဆဲတွင် အထိနာ၍ မုစ်လင်မ်တို့ခံလိုက်ရခြင်း၊ အတိုးစားခြင်းကို ပိတ်ပင်သည့်အမိန့်၊ မိဘနှင့်စပ်လျဉ်းသောအမိန့်၊ အမွေခွဲဝေပေးသောအမိန့်၊ ဇနီးမယားနှင့်စပ်လျဉ်းသောအမိန့်၊ မုစ်လင်မ်မဟုတ်သော အမျိုးသမီးများနှင့် ထိမ်းမြားခွင့်မရှိသော အမိန့်များကျရောက်လာခဲ့သည်။
A.D၆၂၅>ဟီဂျရီ ၄ခုနှစ် ရှာဗာန်တွင် မြေးတော် အီမာန်ဟဆန် မွေးဖွားခဲ့သည်။ မုစ်လင်မ်အမျိုးသမိးများ “ဟိဂျာဗ်”ခန္ဓာကိုယ်လုံခြုံစွာဝတ်ဆင်ရမည့်အမိန့် ကျရောက်လာခဲ့သည်။ အာရဗ်တို့သည် ရာသီဥတုအခြေအနေအရ ဦးခေါင်းကို လုံခြုံစွာထားရှိဖုံးအုပ်သော်လာ်း အာရဗ်အမျိုးသမီးတို့သည် ခန္ဓာကိုယ်လုံခြုံခြင်းမရှိခဲ့။ သို့ဖြစ်၍ မဒီနာမြို့တွင် မုနာဖိတ်နှင့် ကာဖိရ်တို့က အမျိုးသမီးများကို လှောင်ပြောင်ရာ ထိုအချိန်တွင် မုစ်လင်မ်အမျိုးသမီးတို့နှင့် အခြားအမျိုးသမီးနှင့်မတူ ခန္ဓာကိုယ်လည်း လုံခြုံစွာဖုံးအုပ်ရမည့် အမိန့်သည် အလ္လာဟ့်ထံတော်မှ ရောက်ရှိလာခဲ့သည။် မိမိမူလက ခြုံထည်ကိုရင်သားကို ဖုံးအုပ်ကာ ပတ်၍လွှဲချထားရမည်ဖြစ်သ်ေဟု ကုအာန်ကဆိုခြင်းဖြစ်သည်။ အရ်သောကို လုံးဝိတ်ပင်သောအမိန့် ရောက်ရှိလာသည်။ဗနူနဆီရီအုပ်စုဝင်များနှင့် စစ်ဖြစ်ပွားခဲ့သည်။
A.D၆၂၆>ဟိဂျရီ၅ခုနှစ်တွင် ခန်ဒက်စစ်ပွဲအပါအဝင် စစ်ပွဲများကို ဆင်နွဲခဲ့ရသည်။ တမန်တော်မြတ်သည် မဒီနာမြို့တွင်ရှိစဉ်ကာလ၏ ရက်ပေါင်း၇၃၁ ရက်ကိုစစ်ဆင်ရေး ၂၇ခုတွင် ကုန်ဆုံးစေခဲ့သည်။ တစ်နည်းအားဖြင့် မဒီနာမြို့စံ ငါးပုံတစ်ပုံအချိန်သည်။စစ်ဆင်ရေးတွင် ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။ ထိုမျှမက အကြိမ်ပေါင်း ၅၀ကျော်မျှ ဒေသအသီးသီးသို့ အစ္စလာမ်ဒေသနာပို့ချရန် သွားရောက်ခဲ့သည်။ ဤဟိဂျရီ ၅ခုနှစ်တွင် ဒေါက်တာအုပ်စုဝင်များ အလုံးအရင်းဖြင့် အစ္စလာမ်ကို လက်ခံလာခဲ့သည်။ A.D ၆၂၇> ဟိဂျရီ ၆ခုနှစ်တွင် မက္ကာသားတို့နှင့် ဟုဒိုင်ဗီယာစာချုပ် ချုပ်ဆိုခဲ့သည်။ ဤနှစ်တွင် အာရဗ်သူရဲကောင်းကြီး ခါလစ်ဒ်ဗင်န် ဝလီဒ်နှင့် အုမရ်ဗင်န်အာစ်တို့ အစ္စလာမ်ကို လက်ခံလာခြင်း၊ ဟုဒိုင်ဗီယာစာချုပ်ပါ အချက်အလက်များကို ဆွဟာဗာတို့ မကြိုက်မနှစ်သက်သော်လည်း တမန်တော်မြတ်၏ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းချက်ရလာဒ်ကို မကြာခင်ကာလတွင် မြင်တွေ့ရတော့သည်။ ဤစာချုပ်ချုပ်ဆိုပြီးနောက် မက္ကာမြို့ဒေသတွင် အစ္စလာမ်ကို လက်ခံသူများ ပိုမိုများပြားလာခဲ့တော့သည်။ A.D ၆၂၈>ဟိဂျရီ-၇ခုနှစ်တွင် နိုင်ငံတကာခေါင်းဆောင်များ၊ အကြီးအကဲများထံသို့ အစ္စလာမ်သဝဏ်လွှာပေးပို့နိုင်ခဲ့သည်။ ဤနှစ်တွင် ခိုင်ဗရ်စစ်ပွဲကို ဆင်နွဲခဲ့သည်။ ခိုင်ဗရ်အောင်ပွဲကာလတွင် အီသီယိုးပီးယား(အဘီဆီးနီးယား)မှ မုစ်လင်မ်တို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဟုဒိုင်ဗီယာစာချုပ်အရ မက္ကာမြို့မှ မဒိနာမြိဲ့သို့ လာရောက်ခွင့် မရှိသော မုစ်လင်မ်တို့သည် ကြားစခန်းတွင် သီးခြားရပ်တည်၍ ပြောက်ကြားစစ်ဆင်ရေး ဆင်နွဲခြင်းပြုခဲ့သည်။ ဤနှစ်တွင် မုလင်မ်တို့ အွမ္မရာပြုရန် မက္ကာသို့ သွားရောက်နိုင်ခဲ့သည်။ ဤနှစ်တွင် ကွာရှင်းခြင်း၊ ထိမ်းမြားခြင်းနှင့် စပ်လျဉ်း၍ အမိန့်များ၊ လမ်းညွှန်ချက်များ ကျရောက်ခဲ့သည်။ A.D ၆၂၉-၆၃၀>ဟိဂျရီ ၈ခုနှစ်တွင် မက္ကာသားတို့သည်။ ဟုဒိုင်ဗီယာစာချုပ်ကို ချိုးဖောက်ကြ၍ မုစ်လင်မ်တို့ မက္ကာသို့ ချီတက်ကာ အောင်ပွဲခံရခြင်း၊ ဤမျှကြီးမားလှသောအောင်ပွဲကို သွေးမြေမကျအောင် တမန်တော်မြတ်က စီစဉ်ပေးနိုင်ခဲ့သည်။ မက္ကာမြို့တော်ရှိ မတရားသိမ်းပိုက်ခဲ့သော အိုးအိမ်ဥစ္စာပစ္စည်းများ အတွက် လက်စားချေခြင်းမပြုခဲ့ပါ။ ကအ်ဗာကျောင်းတော်၏ သော့ကိုပ်ငလျှင် မူလဂေါပကတို့လက်တွင် အပ်နှံခဲ့သည်။ ဤတွင် အလုံးအရင်းနှင့် အစ္စလာမ်ကို လက်ခံလာခြင်း၊ ကအ်ဗာဝတ်ကျောင်းတော်ကို သန့်စင်စေခြင်း၊ အတိတ်ကာလ၏ ဓလေ့ဆိုးများကို ဖယ်ရှားခဲ့သည်။ ဤနှစ်တွင်ဟုနိုင်န်စစ်ပွဲလည်း ဖြစ်ပွားခဲ့သည်။
A.D၆၃၀-၆၃၁>ဟိဂျရီ ၉ခုနှစ်တွင် အာရေဗျခေါင်းဆောင်များနှင့် လူအများအပြား အစ္စလာမ်ကို လက်ခံလာခြင်း၊မဒီနာမြို့သို့ ကိုယ်စားလှယ်များမပြတ်လာရောက်ခြင်း၊ အဗူဗကရ်သခင်ကြီးကို ဦးဆောင်စေ၍ တမန်တော်မြတ်(ဆွ)က ပထမဆုံး ဟဂ်ျကိုပြုခဲ့သည်။ အတိုးအညွန့်စားခြင်းကို ပိတ်ပင်သည့်ဥပဒေပြဌာန်းခဲ့သည်။
A.D ၆၃၁>ဟိဂျရီ ၁၀ခုနှစ်၊ သဗုက်စစ်ပွဲဖြစ်ပွားခဲ့သည်။ ဤနှစ်ရမ္မဿွန်လတွင် ဆွီယာမ်ဥပုဒ်သီလ ဆောက်တည်ခြင်းသည် တမန်တော်မြတ်အတွက်နောက်ဆုံးဖြစ်ခဲ့ရသည် တမန်တော်မြတ်၏နောက်ဆုံးဟဂ်ျမိန့်ခွန်းကို လူသားတစ်သိန်းကျော်ရှေ့မှောက်တွင် ဟောကြားခြင်းဖြင့် ကမ္ဘာ့လူသားတို့အတွက် လူ့အခွင့်အရေးကြေငြာခဲ့သည်။ A.D ၆၃၂> ဟိဂျရီ ၁၁ခုနှစ်တွင် ဆွဖရ်လမှစ၍ တမန်တော်မြတ်နေထိုင်မကောင်းဖြစ်ခဲ့သည်။ ရဗီအောဝ်ဝလ်လ ၁၂ရက်၊ ဟိဂျရီ ၁၁ခုနှစ်တွင် ဝဖသ်ဖြစ် ကွယ်လွန်ခဲ့သည်။
ရှေးကျမ်းဂန်များမှ တမန်တော်ချုပ်ပွင့်မည့်အကြောင်း ဟောကိန်းများ
(က) ခရစ်ယာန်ကျမ်းစာများ
အို…အာဒမ်၊ သူ့အားကြိုဆိုလှဲ့ပါ။ သူကားပထမဆုံးလူသားတည်း။ အသင့်နောက်နှစ်များစွာ အကြာတွင် တမန်တော်အဖြစ်ပွင့်လာမည့်သူတည်း။ အရာခပ်သိမ်းကို သူ့အတွက်သာ ဖန်ဆင်းထားသည်။ ကမ္ဘာကို သူကအလင်းဆောင်အံ့ အရာရာကို မဖန်ဆင်းခင် နှစ် ၆၀၀၀၀ အလျင်ကထဲက သူ့ဝိဥာဉ်ကရှိနှင့်ပြီးဖြစ်၏ ။
(ခ) ဓမ္မဟောင်းကျမ်း
ကောလည်ရာကျမ်း-(၁၈း၁၅-၁၈) မောရှေကဲ့သို့သော တမန်တော်တစ်ပါးပွင့်အံ့။
(ဂ) ဓမ္မသစ်ကျမ်း-ရှင်ယောဟန်-၁၄း၁၅၊ သမ္မာတရားကိုပြသော ဝိဥာဉ်တော်ပွင့်စေအံ့။ ခပ်သိမ်းသောအရာတို့ကို တင်ပြအံ့။ ရှင်ယောဟန်-၁၈း၁၇၊ ငါမသွားခဲ့သော် ပါရာကလိတပ် ပွင့်မလာပြီ။ ယခုမပြောသေး၊ အသင်တို့ ယခုမခံနိုင်၊ သမ္မာတရားကို အကြွင်းမဲ့ဟောအံ့။အလိုအလျောက်မဟုတ်၊ နောင်လာလတ္တံ့အရာဟောအံ့။
(ဃ) ဟိန္ဒူကျမ်း-(ကလ္လကီ၏ ထေရုပ္ပတ္တိကျမ်း) ၁။ နောက်ဆုံးပွင့်မည့် ကလ္လကီဘုရား ဆီမ္ဗလဒီပအရပ်မှာပွင့်အံ့။ ၂။ ဟိန္ဒီသက္ကရာဇ် ၆၂၇ ခုနှစ်၊ဗိုက်စခလဆန်း ၁၂ရက်၊ နေထွက်ပြီး ၂နာရီခန့်မှာပွင့်ဖွားအံ့။
၃။ ဂူတွင်တရားကျင့်စဉ် ပရရှရမ် ကောင်းကင်တမန်ကတဆင့် ဗျာဒိတ်ရအံ့။
၎။ ဆိမ္ဗဒီပ၏ ရာနီက ကိုယ်စားလှယ်မှတစ်ဆင့် လက်ထပ်ရန်ကမ်းလှမ်းအံ့။
၅။ မြောက်ဘက်တောင်နားမှ ထွက်ခွာအံ့။
(င) ဗုဒ္ဓဘာသာကျမ်း (ဗုဒ္ဓေါပရာဏ်ကျမ်း)
အာနန္ဒာက…အရှင်ဘုရား ပရိနိဗ္ဗာန်စံသွားခဲ့သော် ဤလောက၌ လူသတ္တဝါတို့အား အဘယ်မည်သော ပုဂ္ဂိုလ်က တရားပြအံ့။
ဗုဒ္ဓ…၁။ ငါပထမ မဟုတ်၊ နော်ဆုံးမဟုတ်၊ နောက်ဆုံးခေတ်နှင့်ညီစွာတစ်ပါးပွင့်အံ့။
၂။ ကဲ့ရဲ့ဘွယ်ရာ အပြစ်များမှ စင်ကြယ်အံ့။
၃။ နှလုံးဟဒယဝတ္ထုသည် သဒ္ဓါတရားဓာတ်တော်၏ ရောင်ခြည်တော်နှင့် အတိပြည့်စုံအံ့။ တလောကလုံး ကျက်သရေတိုး စည်းစိမ်ဥစ္စာများအံ့။
၎။ ဝေနေယျလူ သတ္တဝါအပေါင်း၏ အတိဥက္ကဋ္ဌဖြစ်အံ့။
၅။ တရားဥာဏ်တော်နှင့်ယှဉ်အံ့၊ တရားကို ပြည့်ဝစွာဟောအံ့။
ကျမ်းကိုးစာရင်း
(1) ISLAM AND BUDDHISM IN THE MODERN by IMRAN NAZAR HOSEW
(2) ISLAM AND BUDDHISM by DR.ZAKIR NAIK
(3) BUDDHIST- MUSLIM DIALOGUE by DR.CHANDRA MUZAFFAR.
ဘာသာပြန်သူ နာမည်ကျော် စာရေးဆရာ ဝါးခယ်မ ….
စီစဉ်တင်ဆက်သူ မိုးစက်

Monday, 1 August 2011


                 မေမေ သားကိုညာတယ်
ဟုတ်ပါတယ်…မေမေ ကျွှန်တော့်ကို ညာတယ်။ ကျွှန်တော့်မေမေ ညာခဲ့ဖူးတယ်။ ညာတာမှခဏခဏပဲ။ မှတ်မိသလောက်ပြောရမယ်ဆိုရင်တော့ ကျွှန်တော် ငယ်ငယ်တုန်းကပေါ့…
   ကျွှန်တော်တို့မိသားစုလေးဟာ ဆင်းရဲသားမိသားစုပါ။ စားရမယ့်သောက်ရမယ့်ဘဝတွေကို အကြိမ်ကြိမ်ဖြတ်ကျော်ခဲ့ဖူးတယ်။ မလောက်မငနဲ့ချို့တဲ့တဲ့ဘဝတွေပါ။ စားစရာထမင်းကအစ မလောက်မငတဲ့ အခါ ကျွှန်တော်တို့ထမင်းပန်းကန်ထဲကို မေမေက သူ့ပန်းကန်ထဲက ထမင်းတွေ ထည့်ထည့်ပေးလေ့ရှိတယ်…။
ကျွှန်တော်တို့က“မေမေ..စားလေ”လို့ ပြောကြတော့ မေမေက“မေမေ မဆာပါဘူးသားတို့ရယ်…”တဲ့။ အဲဒါ ကျွှန်တော်မှတ်မိတဲ့အထဲမှာ ပထမဆုံးမေမေညာတာ။
   ကျွှန်တော်တို့ နည်းနည်းကြီးလာတဲ့အချိန် တစ်နေ့မှာ မေမေက မြစ်ထဲမှာ ငါးထွက်မျှားတယ်။ မျှားလို့ရတဲ့ ငါးတွေကိုမေမေက ကျွှန်တော်တို့ အဟာရဖြစ်အောင်လို့ စွပ်ပြုပ်လုပ်ပြီး ကျွှေးတယ်။ မေမေက ကျန်တဲ့ ငါးအရိုးမှာကပ်နေတဲ့ အသားလေးတွေကို ကိုက်စားနေတာတွေ့ရတော့ ကျွှန်တော့်ပန်းကန်ထဲက ငါးတစ်ကောင်ကို မေမေကိုလှမ်းပေးလိုက်ချိန်မှာမေမေက “သားစားပါကွယ်…မေမေက ငါးမကြိုက်လို့ပါ”တဲ့။ အဲဒါ မေမေကျွှန်တော်ကို ဒုတိယအကြိမ်ညာတာ…။
   နောက်တစ်ခါ ကျွှန်တော်တို့ ကျောင်းစရိတ်ရအောင်ဆိုပြီး မေမေက အပ်ထည်တွေကို အိမ်မှာယူပြီးချုပ်တယ် ဆောင်းညတစ်ညမှာ သန်းခေါင်ကျော်လောက် ကျွှန်တော်နိုးလာတဲ့အချိန်အထိ အမေဟာ မီးမှိန်မှိန်အောက်မှာ ချမ်းချမ်းစီးစီးနဲ့ အထည်တွေချုပ်နေတာတွေ့တော့“မေမေ…အိပ်တော့လေ မနက်ဖန်လည်း အလုပ်သွားရဦးမယ် မဟုတ်လား” ဆိုတော့မေမေက“သားပဲသွားအိပ်ပါကွယ်…မေမေ…မအိပ်ချင်သေးလို့ပါ ”တဲ့ အဲဒါလည်း မေမေညာတာပဲ ။
ကျွှန်တော် ဆယ်တန်းစာမေးပွဲဖြေတုန်းကဆို မေမေကျောင်းကိုလိုက်ပို့တယ်။ ကျွှန်တော်တို့ စာမေးပွဲခန်းထဲဝင်နေချိန်မှာတော့ မေမေဟာနေပူကျဲကျဲထဲမှာ စောင့်နေရတာပေါ့။ ကျွှန်တော်တို့ ပြန်ထွက်လာတဲ့အခါမှာ မေမေက အသင့်ယူလာတဲ့ လိမ္မော်ရည်တိုက်တယ်။ မေမေ့မှာလည်း ချွှေးတွေထွက်နေတော့ အအေးခွက်ကိုမေမေ့ဘက်ကမ်းပေးလိုက်ချိန်မှာ မေမေက“သောက်ပါသားရယ်၊ မေမေရေမဆာပါဘူး”တဲ့။ အဲဒိတုန်းကလည်း မေမေညာခဲ့တာပဲ။
   ဖေဖေဆုံးပြီးတဲ့နောက်မှာ မေမေက ဖအေလည်းသူ၊ မအေလည်းသူအဖြစ်နဲ့ ရုန်းကန်ခဲ့ရပါတယ်။မေမေ့အလုပ်ကရတဲ့ငွေကလည်း ကျွန်တော်တို့ နေ့စဉ်စားသုံးစရိတ်နဲ့ပဲ လုံးလည်ချာလည်လိုက်နေခဲ့တယ်။ ငွေပိုငွေလျှံမရှိခဲ့ဘူး။ အဲဒိမှာ ကံကောင်းချင်တော့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာပဲနေတဲ့ မေမေနဲ့လည်းရင်းနှီးတဲ့ ဦးလေးကြီးတစ်ယောက်က ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတယ်…။ ကျွန်တော်တို့အပေါ်မှာလည်း ကြင်နာတတ်ပါတယ်။ အဲဒိလိုကိစ္စကြီးငယ်ကို ကူညီဖြေရှင်းပေးနေတာလည်း ပတ်ဝန်းကျင်ကသိပါတယ်။ မေမေ့တစ်ယောက်တည်း မိသားစုကို ဆင်းဆင်းရဲရဲနဲ့ရုန်းကန် ကျွေးမွေးနေတာကိုလည်း သိတဲ့အိမ်နီးချင်းတွေက မေမေ့ကို နောက်အိမ်ထောင်ပြုဖို့ ဖြောင့်ဖြကြတယ်။ အဲဒိမှာ မေမေက “ကျမအတွက် ဒီကလေးတွေရှိရင်ပြီးတာပဲ ကျန်တဲ့အချစ်တွေ မလိုအပ်ပါဘူးရှင်” လို့ငြင်းခဲ့တယ်။ အဲဒါဟာလည်း မေမေညာခဲ့တာပါ။
   ကျွန်တော်ဘွဲ့ရပြီးချိန်မှာတော့ မြို့မှာအလုပ်တစ်ခုရခဲ့တယ်။ အဲဒါနဲ့ မေမေ့ကို အလုပ်တွေပေးမလုပ်ဘဲ အနားယူဖို့ ပြောခဲ့တယ်။ ဒါပေမယ့်မရပါဘူး။ မေမေက မနက်ခင်းတိုင်း ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ သွားရောင်းပါတယ်။ ကျွန်တော် မေမေ့ဆီ လိုအပ်မယ့်ငွေတွေ ပို့ပေးတော့ မေမေက ပြောင်းလဲမသွားဘဲ“မေမေငွေမလိုပါဘူးသားရယ်” လို့ဆိုပြန်တယ်။ ဒါလည်း မေမေညာတာပဲပေါ့…။ မြို့မှာ ကျွန်တော်အလုပ်ကောင်းလာတော့ ဝင်ငွေလစာလည်း ကောင်းလာတယ်။ ဒါနဲ့ မြို့လယ်ခေါင်မှာ တိုက်ခန်းငှားပြီးနေနိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် ၇လွှာက တိုက်ခန်းမှာ မေမေ့ကိုခေါ်ထားဖို့ကြိုးစားတော့ မေမေက“သားရယ်၊ မေမေအမြင့်မှာ မနေရဲဘူးကွယ်” ဆိုပြီးငြင်းခဲ့ပြန်တယ်။ အဲဒိလို မေမေ ကျွန်တော့်ကို ညာပြီးနယ်မှာပဲ နေမြဲနေ၊ ဟင်းရွက်ရောင်းတဲ့အလုပ်ကို လုပ်မြဲလုပ်နေခဲ့ပါတယ်။
   မေမေ အသက်ရွယ်ကြီးရင့်လာတဲ့အခါ မေမေ့မှာ ကင်ဆာရောဂါခံစားခဲ့ရပြီးနောက်ဆုံး ဆေးရုံတင်ရတဲ့အထိ ဖြစ်လာခဲ့တယ်။ ကျွန်တော် သတင်းကြားတဲ့အချိန် မေမေရှိရာ နယ်မြို့လေးကို ကျွန်တော် အပြေးအလွှားသွားခဲ့တယ်။ မေမေကို ဆေးရုံကနေ အိမ်ကို ပြန်သယ်လာကြတယ်။ ကျွန်တော်ရောက်သွားတော့ မေမေဟာ ကုတင်ပေါ်မှာ အိပ်လျက်သား။ ပိန်ချုံးပြီးအားနည်းနေပုံရတဲ့ မေမေကို တွေ့ရတဲ့အချိန်မှာ ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေ အလိုလို စီးကျလာခဲ့ပါတယ်။ ဒါကို မေမေက အားယူပြုံးပြပြီး “မငိုပါနဲ့ သားရယ် မေမေ ဘယ်လိုမှ မခံစားရပါဘူး” တဲ့။ ဒါဟာ မေမေကျွန်တော့်ကို နောက်ဆုံးညာခဲ့တာပါ။ ဒီဝေဒနာနဲ့ပဲ မေမေ ကျွန်တော်တို့ကို အပြီးအပိုင်ခွဲခွာသွားခဲ့တယ်လေ…။
   တကယ်တော့ မေမေက ကျွန်တော်တို့ကိုငဲ့ညှာပြီး ညာခဲ့မိတာပါ။ မေမေ လောကကြီးမှာ မရှိတော့ပေမယ့် မေမေ့ရဲ့သားသမီးတွေအပေါ် စာနာငဲ့ညှာမှုတွေ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေနဲ့ နွေးထွေးတဲ့ မေမေ့ မေတ္တာတွေကို ငတ်မွတ်နေဆဲပါ။ အခုအချိန်မှာမှ မေမေ့ကျေးဇူးတွေ ပြန်ဆပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ကမ္ဘာပေါ်မှာ အမေသက်ရှိထင်ရှားရှိနေသေးတဲ့ သားသမီးတွေအတွက် ဒီဇာတ်လမ်းလေးကို ဖတ်ပြီး မိဘကျေးဇူးသိနိုင်တဲ့ ကံကောင်းသူများဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း…….

လင်းယုန် မဂ္ဂဇင်း အတွဲ ၁၊အမှတ်၁၀ မှကောက်နုတ်သှ်