Tuesday 7 August 2012
အခန်း (၁၈) အာခိရသ် တမလွန်
အခန်း (၁၈)
အာခိရသ် တမလွန်
“နဖ်စ် ဝိညာဉ်တိုင်းသည် သေခြင်းတရား၏ အရသာကို မြည်းစမ်းကြရလိမ့်မည်၊ အသင်တို့သည် ကိယာမသ်ခေါ် ရှင်ပြန်ထကြရမည့်နေ့၌သာလျှင် မိမိတို့၏ (ကောင်းမှု၊ မကောင်းမှုတို့၏) အကျိုးများကို အပြည့်အစုံ ပေးအပ်ခြင်း ခံကြရလိမ့်မည်” (ကုရ်အာန် ၃း၁၈၅)
လူသားတိုင်းသည် သေခြင်းတရားကို မလွတ်ကင်းနိုင်ကြချေ။ သို့သော် သေပြီးနောက် ဘာဖြစ်မည်နည်း ဆိုသည်ကို လူသားတို့၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာ အဆင့်ဆင့်တို့က ထိုးဖောက် လွှမ်းခြုံ သိနိုင်စွမ်းမရှိချေ။
သက်ရှိသက်မဲ့ လောကခပ်သိမ်းကို အဆင့်ဆင့် ပြုစုပျိုထောင်တော်မူသော ဖန်ဆင်းရှင် အလ္လာဟ်ရှိတော်မူခြင်း၊ ဖန်ဆင်းခံကြရသည့် ရည်ရွယ်ချက်၊ ရှင်ခြင်းနှင့် သေခြင်းတို့၏ ဆန်းကြယ်မှု၊ သေသည်၏ အခြားမဲ့ တမလွန်ဘဝ စသည်တို့သည် လူသားတို့၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာအဆင့်ဆင့်တို့ လွှမ်းခြုံထိုးဖောက် သိနိုင်စွမ်း မရှိသော ဂိုက်ဘ်ခေါ် အကွယ်တရားများ ဖြစ်ကြသည်။ ထို့ကြောင့် အလ္လာဟ်သည် ခေတ်တိုင်း လူမျိုးတိုင်းေးသတိုင်းတွင် လူသား နဗီတမန်တော်များ ပွင့်စေ၍ ဝဟီလမ်းညွှန် တရားအလင်းများ ပေးခဲ့ခြင်း ဖြစ်ပေသည်။
အလ္လာဟ်သည် နောက်ဆုံး ဝဟီလမ်းညွှန် ကုရ်အာန်ကျမ်းမြတ်မှ တစ်ဆင့် ဂိုက်ဘ်ခေါ် အကွယ်တရားများရှိကြောင်း လူသားတို့ ဉာဏ်မီနိုင်သည့် သက်သေလက္ခဏာတော်များ၊ ဥပမာများ ပေးကာ ပြဆိထားပေသည်။ ထို့ကြောင့် လူသားတိုင်းသည် မိမိထံ သေခြင်းတရား မဆိုက်ရောက်မီ မိမိ၏ ဆင်ခြင်တုံတရားကို အသုံးချ၍ မှန်ကန်သော ဘဝ၏ အဓိပ္ပယ်နှင့် အောင်မြင်မှုကို ရှာဖွေ ဆန်းစစ်ရပေမည်။
လူသားကို စကြဝဠာ လောကခပ်သိမ်းရှိ အရာတို့က အကျိုးပြုနေခြင်းသည် အကြောင်းမဲ့ မဟုတ်ပေ၊ အလွန်ကြီးမားသော ရည်ရွယ်ချက် ရှိနေ၏။ လူသားသည် ထို အရာခပ်သိမ်းတို့၏ နောက်ကွယ်မှ ကျေးဇူးတော်ရှင် အလ္လာဟ်ကို နာခံကိုးကွယ်ရန် ဖြစ်သည်။ လူသားသည် မိမိ၏ လုပ်ရပ် အားလုံးအတွက် တမလွန်တွင် မုချဧကန် အစားပေးခြင်း ခံရပေမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment