Thursday 23 August 2012

နှလုံး၏ သက်သေလက္ခဏာ

နှလုံး၏ သက်သေလက္ခဏာ ရုပ်ခန္ဓာကိုယ်ကို တည်ဆောက်ထားသော ဆဲလ်ပေါင်း ၆၀.၀၀၀.၀၀၀.၀၀၀.၀၀၀. ကျော် (၆၀၁၂ မှ ၇၅၁၂)တို့သည် ဖန်ဆင်းရှင် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်အတိုင်း ဆောင်ရွက်နာခံသူ မုစ်လင်မ်များ ဖြစ်နေကြောင်း သက်သေခံနေပေပြီ။ စက္ကန့်တိုင်းတွင် သန်း ၅၀ မျှသော ဆဲလ်တို့မှာ ကြေပျက်နေကြ၍ သန်း ၅၀ မျှသော ဆဲလ် အသစ်တို့ ဖြစ်ပေါ်နေကြ၏။ စင်စစ် အလ္လာဟ်က လူသားတို့ သေကြေပျက်စီးပြီးနောက် ရှင်ပြန်ထရမည့်နေ့တွင် လွယ်ကူစွာ ရှင်ပြန်ထစေနိုင်သော ဘုန်းတော်ကို စက္ကန့်တိုင်းတွင် သက်သေပြနေခြင်းသာ ဖြစ်၏။
ဆဲလ် တစ်ခုလုံးတိုင်းတွင် နျူကလီယပ်၊ ဆိုက်တိုပလာဇမ်နှင့် ခရိုမိုဆုမ်းတို့ပါဝင်သည်။ ခရိုမိုဆုမ်းသည် မျိုးပွားရာတွင် အဓိက ဖြစ်သည်။ ထိုခရိုမိုဆိုမ်းအတွင်း မျိုးရိုးဗီဇ၏ အဓိကသော့ချက် ညွှန်ကြားလွှာများ ပါဝင်သော ဒီအင်အေ ဒြပ်ပေါင်းရှိ၏ ဆဲလ်တစ်လုံးချင်း၏ ဆဲလ် တစ်လုံးချင်း၏ ဝိသေသ လက္ခဏာများ၊ အရည်အချင်းများနှင့် မျိုးရိုးဗီဇ လုပ်ငန်းတစ်ခုလုံး၏ စီမံကွပ်ကွဲမှုကို ဒီအင်အေက အဓိကအံ့ဖွယ် ညွှန်ကြား ဆောင်ရွက်နေပေသည်။ အလ္လာဟ်၏ သက္ကဒီရ် စီမံ သတ်မှတ်ချက်ကို နာခံနေမှုသာဖြစ်၏။
နှလုံးကို ခုန်စေရန် မည်သည့်အရာက ပြုလုပ်ထားသနည်း။
သိပ္ပံပညာတွင် အဖြေမရှိ၊ နှလုံးသည် နေ့စဉ်နှင့်အမျှ ရုပ်ခန္ဓာအတွင်းရှိ မိုင်ပေါင်း ခြောက်သောင်းကျော်မျှသော သွေးကြောများကို ဖြတ်သန်းစေသည့် သွေးများကို လွှတ်နေသည်။ ပြန်လာသောသွေးများကို လက္ခံနေသည်။ နေ့စဉ်နှင့်အမျှ (နောက်ဆုံး သတ်မှတ်ချိန်တစ်ချိန်တိုင်အောင်) မနားတမ်း မညည်းညူဘဲ တစ်စုံတစ်ခုသော အမိန့်ကို နာခံနေသည့်အရာ တစ်ခုသာဖြစ်သည်။ နှလုံးအင်္ဂါသည်လည်း ဆဲလ်များဖြင့်သာ ဖွဲ့စည်းထားရာ အလ္လာဟ်၏ သက္ကဒီရ်စီမံသတ်မှတ်ချက်နှင့် ဝဟီလမ်းညွှန်ကို ရထားပြီး၍ နာခံနေသော မုစ်လင်မ် လေးသာဖြစ်၏။ နှလုံးကို လူသားတို့ အစားထိုးကုသနိုင်ခြင်းသည် ဖန်ဆင်းရှင် အလ္လာဟ်မရှိဟု ဆိုခြင်းမဟုတ်၊ အလ္လာဟ်သည် လူသားကို ကမ္ဘာမြေ၏ ခလီဖဟ် ကိုယ်စာလှယ်အဖြစ် ခန့်အပ်တော်မူ၍ အသိဉာဏ်များ၊ ရုပ်နှင့်ရူဟ်ဝိညာဉ်ဆိုင်ရာ စွမ်းအင်များကို အကောင်းဆုံးပေးခြင်းဖြင့် ကျန်ဖန်ဆင်းခံတို့ထက် သာလွန်စေပြီး၊ ကျန်အရာအာလုံးကို လူသား၏ လက်အောက်ခံများအဖြစ် ပြုထားတော်မူသည်။ (ကုရ်အာန် ၂း၃၀။ ၉၅း၎။ ၃၂း၉။ ၃၁း၂၀။ ၄၅း၁၃။ ၃၃း၇၂)
နှလုံးအစားထိုးကုခြင်းနှင့် ကိယာမသ်ရှင်ပြန်ထခြင်း သက်သေ
လူသားသည် ကျန်အရာခပ်သိမ်းတို့ကို အလ္လာဟ်၏ လမ်းညွှန်အတိုင်း စနစ်တကျ အသုံးချရန် ‘အမာနသ်’ လွှဲအပ်ထားခြင်း ခံထားရပေသည် (ကုရ်အာန် ၃၃း၇၂)၊ အလ္လာဟ်ကို လက္ခံသူဖြစ်စေ၊ လကမခံသူဖြစ်စေ ရုပ်သဘာဝများကို မိမိတို့အား အလ္လာဟ်ပေးထားသောစွမ်းအင်းတို့ဖြင့် ဆန်းစစ်အသုံးချ၍ သဘာဝကို အတိုင်းအတာတစ်ရပ်အတွင်းမှသာ အောင်မြင်နိုင်ပေသည်။ ဤသည်မှာ လူသားတိုင်းကို ဖန်ဆင်းရှင် အလ္လာဟ်က ပေးထားသော မွေးရာပါ အခွင့်အရေး ဖြစ်သည်။ သို့သော် လူသားတို့၏ တတ်စွမ်းနိုင်မှုမှာ အကန့်အသတ်အတွင်းမှ သာဖြစ်သည်။ ဤစွမ်းအင်တို့ဖြင့် သဘာဝတရားအတွင်းမှ အလ္လာဟ်၏ သက်သေလက္ခဏာတော်များကိုကြည့်ခြင်းဖြင့် အလ္လာဟ်၏ ဘုန်းတော် တို့ကိုပို၍ သ်စေရန်ဖြစ်သည်။ သဘာဝတရားကို အလ္လာဟ်၏ လမ်းညွှန်အတိုင်း စနစ်တကျ အသုံးချ၍ အလ္လာဟ်၏ ကရုဏာတော်ကို ခံစားရန်ဖြစ်၏။ အလ္လာဟ်ထံမှ နဖ်စ်နှင့်ဆိုင်သော ဝဟီလမ်းညွှန် အမိန့်ကို လက္ခံဆောင်ရွက်ရန် ဖြစ်သည်။
နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်ပြီးနောက်တွင် တမန်တော် အသစ်ပွင့်စရာမရှိတော့ချေ။ လက်ရှိရုပ်စကြဝဠာကြီးသည် မိမိပျက်သုဉ်းရမည့် အချိန်နာရီဆီသို့ တရွေ့ရွေ့ သွားနေသည်။ လူသားအားလုံး ပြန်ရှင်ထ၍ အလ္လာဟ်ထံ၌ စစ်ဆေးခံရမည့်နေ့တော်ကြီးသည် နီးကပ်လာသည်ထက် နီးကပ်လာနေပေသည်။ တမန်တော်မြတ် မုဟမ္မဒ်သခင်၏ သြဝါဒတော် တစ်ပုဒ်တွင် ကိယာမသ် ရှင်ပြန်ထရမည့်နေ့ နီးကပ်လာလျှင် ဖြစ်ပေါ်မည့် နိမိတ်လက္ခဏာများကို ဖော်ပြထား၏။ ယင်းတို့အနက်တစ်ချက်မှာ ကိယာမသ်နီးလျှင် ကမ္ဘာမြေ၌ သေသောသူကိုပင် ရှင်အောင်ပြုနိုင်လိမ့်မည်၊ ထိုအခါ အလ္လာဟ်ကို အီမာန်သက်ဝင်ယုံကြည်ခြင်းမှ မထွက်ကြရန်နှင့် ၄င်းမှာ ကိယာမသ်ဖြစ်ရန်နီးကပ်မှု နိမိတ်သာဖြစ်ကြောင်း ဖော်ပြချက်ကို တွေ့ရလေသည်။ ယနေ့ ဆေးသိပ္ပံက ရပ်သွားသော နှလုံးကို သေနေ့မစေ့လျှင်) ပြန်ခုန်အောင် ရပ်ရပ်ချင်း အမြန်ဆုံးပြုလုပ်နိုင်ခြင်း၊ နှလုံးအစားထိုးကုနိုင်ခြင်းမှာ စင်စစ် ဆေးပညာအရ သေပြီဟု ယူဆနိုင်သူကို အသက်ရှင် စေခြင်းသာဖြစ်သည်။ သို့သော် မသေအောင် မည်သူတစ်ဦးတစ်ယောက်မျှ မပြုနိုင်၊ အလ္လာဟ်၏ စီမံသတ်မှတ်ချက် အချိန်စေ့က သေရမည့်အချိန်ရောက်လျှင် မည်သည့်အရာကမျှမသေအောင် တားဆီးရန် တစ်စက္ကန့်မျှပင်မရနိုင် ချေတကား။
ဦးနှောက်နှင့် အင်္ဂါအစိတ်အပိုင်းတို့၏ သက်သေများ
လူသား၏ ဦးနှောက်သည် အရွယ်နှင့် မမျှအောင် ရှုပ်ထွေးနေသော်လည်း အလွန် စနစ်ကျ၍ အံ့ဖွယ်စွမ်းအင်များစွာ ရှိနေ၏။ စဉ်းစားနိုင်သော၊ ချင့်ချိန်နိုင်သော၊ ဆုံးဖြတ်ချက်ချနိုင်သော၊ မှတ်နိုင်သော စသည့် ဉာဏ်အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့ ရှိနေသည်၊ ထိုအရည်အချင်းတို့မှာ စိတ်အားဖြင့် ပြုနေ၏။ တစ်ချိန်ကကျောက်တုံးကိုသာသုံးစွဲသော လူသားသည် ယနေ့ အဏုမြူကိုပင် အသုံးပြုနေပေပြီ၊ အာကာသသို့တက်နေပေပြီ။ သေးငယ်သော ဦးနှောက်တွင်းမှ မချိန်တွယ်နိုင်သည့် စိတ်စွမ်းအင်တို့ကို အသုံးချနေခြင်းသာ ဖြစ်၏။
စိတ်စွမ်းအင်သည် ရုပ်တရားမဟုတ်ချေ၊ သို့သော် ရုပ်ဝတ္ထုဦးနှောက်အတွင်းမှ လာသည်။ ဦးနှောက်အတွက်လိုအပ်သော အစားအစာများကို ခန္ဓာကိုယ်က စားပေးရသည်။ သို့သော် အဆုံး၌၊ ထိုရုပ်တရားအားလုံးတို့သည် ဦးနှောက်မှ တစ်ဆင့်ရုပ်တရား မဟုတ်သော၊ စွမ်းအင်တို့အဖြစ် ဆန်းကြယ်စွာပြောင်းလဲ ထွက်ပေါ်နေပေသည်။ ကွန်ပျူတာဟူသည် လူသား၏ အသိဉာဏ်မှ ပေါက်ဖွား တီထွင်ထားသော အရာသာဖြစ်သည်။ ၄င်းကွန်ပျူတာ စံနစ်အတွင်းသို့ သွင်းထားသော အချက်အလက်တို့များကို ၄င်း၏ စွမ်းအားနှင့်အညီမှတ်သား ထိန်းသိမ်းထား၏။ ယင်းထိန်စိမ်း မှတ်သားချက်များကို အခြေခံ၍ မေးသွင်းသောပြဿနာများကို အလွန်လျှင်မြန်စွာ အဖြေပေးလေသည်။ သို့သော် ဦးနှောက်သည်ကား မိမိမသိသော အရာများကိုပင် ဆန်းစစ် လေ့လာတီထွင် နိုင်ပေသည်။
ထို့အတူ နှာခေါင်း၊ ပါးစပ်၊ လျာ၊ နား၊ မျက်စိနှင့် သားရေပြားတို့၏ စွမ်းအင်များ ခန္ဓာကိုယ်တွင်းရှိ ကျောက်ကပ်၊ အသည်း၊ ကြွက်သား၊ အရိုး၊ ခြင်ဆီ၊ သွေးနီဥ၊ သွေးဖြူဥ၊ အကြောများစသည်တို့သည်လည်း မိမိတို့အတွက် သတ်မှတ်ထားရာ သဘာဝနှင့် အညီ အလ္လာဟ်၏ လမ်းညွှန်ဝဟီကို နာခံဆောင်ရွက်နေကြသည်။ ခန္ဓာကိုယ်တွင်း၌ လူသားတို့ နားမလည်နိုင်သောအရာ များစွာ ကျန်နေပေသေးသည်။ အလ္လာဟ်ထံတော်မှ ထူးခြားသော ‘ရူဟ်စွမ်းအင်’ ထည့်သွင်းပေးထား၍ လူသားသည် ကျန်ဖန်ဆင်းခံ သက်ရှိသက်မဲ့တို့ထက် သာလွန်နေရခြင်းသာ ဖြစ်သည်။ ဤမျှ စနစ်ကျစွာ အံ့ဖွယ် ဆန်းကြယ်နေသော်လည်း မိမိတို့အတွက် သတ်မှတ်ရာစနစ်တစ်ခု (အသီးသီး)ကိုသာ နာခံနေကြသော ရုပ်ခန္ဓာကြီးသည် ထိန်းချုပ်မှုစနစ်တစ်ခုမရှိဘဲ မဖြစ်နိုင်ချေ။ နောက်ကွယ်၌ ဖန်ဆင်းရှင်၏ ဘုန်းတော် အနန္တကို တွေ့မြင်နေရပေသည်တကား။

No comments:

Post a Comment