Saturday 15 September 2012

မပြောင်းလဲသော ကုရ်အာန်ကဏ္ဍ

မပြောင်းလဲသော ကုရ်အာန်
ကုရ်အာန်ကျမ်းမြတ်သည် သိပ္ပံဖတ်စာအုပ်ကြီးကား မဟုတ်ပေ၊ သို့သော် လူသားတို့အတွက် အခြေခံကျသော သိပ္ပံအချက်များစွာတို့ကို သက်သေ လက္ခဏာတော်အဖြစ် ဖော်ပြထားသည်။ အလ္လ်ာကိုယ်တော်တိုင်လည်း မိမိ စကြဝဠာ လောကခပ်သိမ်းကို မည်သို့ဖန်ဆင်းထားကြောင်း လူသားတို့အား ကြည့်စေသည်။ သို့မှသာ အလ္လာဟ်ကိုသိပြီး မိမိ၏ဘဝကို ကုရ်အာန်လမ်းညွှန်နှင့်အညီ မှန်ကန်မျှတစွာ တည်ဆောက်နိုင်ပေမည် ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ကျော်ဖြစ်သော (၇)ရာစု အချိန်က ကမ္ဘာပေါ်တွင် ခေတ်သစ်သိပ္ပံ မရှိသေး။ အယူသီးချိန်နှင့် အမှောင်ခေတ်သို့ ရောက်နေ၏။ ကုရ်အာန် ကျမ်းမြတ်ကို ဆင့်ပြန်ဟောကြားရသူ တမန်တော် မုဟမ္မဒ်သခင်မှာလည်း မိဘမဲ့ အဖြစ်ကြီးခဲ့ရပြီး စာပေသင်ကြားခဲ့ရသူ မဟုတ်ပေ။
သို့သော် ထိုတမန်တော်၏ နှုတ်မှတစ်ဆင့် ချပေးခြင်းခံရသော ကုရ်အာန်တွင်းမှ သမိုင်းကြောင်းနှင့် သိပ္ပံပညာအချက်အလက်တို့သည် ငွေကြေးအကုန်အကျများစွာ၊ လူပေါင်းများစွာ ခေတ်ပေါင်းများတို့ဖြင့် ရှာဖွေတွေ့ရှိခဲ့သော ယနေ့ သိပ္ပံပညာရပ် ရှုထောင့်များစွာတို့ဖြင့် ကိုက်ညီနေခြင်းမှာ အလ္လာဟ်သည် စကြဝဠာလောက ခပ်သိမ်းတို့၏ ဖန်ဆင်းရှင် ဖြစ်တော်မူခြင်း၊ ကုရ်အာန်သည် အလ္လာဟ်ထံမှ လူသားတို့ထံ နောက်ဆုံး ဝဟီလမ်းညွှန်ဖြစ်ခြင်း၊ တမန်တော် မုဟမ္မဒ်သခင်သည် အလ္လာဟ်ထံမှ နောက်ဆုံး တမန်တော်ဖြစ်ခြင်းတို့ကြောင့်ပင် ဖြစ်သည်။
သို့သော် အစ္စလာမ်ကို သိပ္ပံနည်းကျ သာသနာဟု မဆိုလိုပါ၊ အဘယ်ကြောင့်ဆိုသော် သိပ္ပံဟူသည် အမြဲတမ်း တိုးတက် ပြောင်းလဲနေသည်။ သို့သော် ဘုန်းတော်၊ ဂုဏ်တော်၊ ဉာဏ်တော်အနန္တတို့ဖြင့် ချပေးတော်မူသော အလ္လာဟ်ထံမှ ဤကုရ်အာန်ကျမ်းမြတ်၏ အာယာသ်တော်များသည် မည်သည့် ခေတ်တွင်မှ ပြောင်းလဲမည် မဟုတ်သော ခေတ်တိုင်းအတွက် အမှန်တရားဖြစ်ပေသည်။ ထို့ကြောင့် ကုရ်အာန်သည် ခေတ်တိုင်း၏ ပညာရှင်တိုင်းကို စိန်ခေါ်ထားသည်။ ဖန်ဆင်းခံ၏ ဉာဏ်သည် ဖန်ဆင်းရှင် အလ္လာဟ်၏ ကုရ်အာန်ကို မည်သို့ ယှဉ်နိုင်အံ့နည်း။
“အသင့် အရှင်မြတ်၏ အာယာသ်တော်တို့သည် မှန်ကန်ခြင်း အရာ၌ လည်းကောင်း၊ မျှတခြင်း အရာ၌ လည်းကောင်း ပြည့်ဝစုံလင်လှပေသည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ပြောင်းလဲနိုင်စွမ်း မရှိချေ” (ကုရ်အာန် ၆း၁၁၅)
>ငြင်းပယ်မှု၏ အကျိုးဆက်
“ထိုအရှင်မြတ်သည် လူသားအား ထိုသူမသိခဲ့သော အရာများကို သင်ကြားပေးတော်မူခဲ့ပေသတည်း” (ကုရ်အာန် ၉၆း၅)
အလ္လာဟ်သည် လူသားကို ကျမ်းမြတ်ကုရ်အာန် ချပေးထားပြီးနောက် အခြားတစ်ဖက်မှလည်း လူသားတို့၏ အသိဉာဏ်ကို အံ့မခန်းတိုးမြှင့်ပေးလျက်ရှိသည်။ အလ္လာဟ်သည် မဟာ ကရုဏာတော်ရှင် ဟူသော ဂုဏ်တော်နှင့်အညီ မည်သည့် လူသားကိုမဆို ဤရုပ်လောက၌ ကြိုးစားသလောက် ပေးမည်သာဖြစ်၏။ ယနေ့ သိပ္ပံ ပညာရှင်တို့၏တွေ့ရှိချက်၊ တိုးတက်မှုတို့မှာ အံ့မခန်းပင် ဖြစ်သည်။ လူသားတို့သည် မိမိတို့ မသိခဲ့သော အရာများစွာကို တွေ့နေရသည်။ ဤသည်မှာ အလ္လာဟ်သည် မိမိ၏ ကတိတော်နှင့်အညီ သက်သေလက္ခဏာတော်များကို တွေ့စေရန် ဖြစ်သည်။ သိပ္ပံ၏ တွေ့ရှိချက်တို့ကို အလွဲသုံးစားပြုရန် မဟုတ်ချေ။
ထို့ကြောင့် လူသားတိုင်းသည် မိမိ၏ ကျေးဇူးတော်ရှင် ဖန်ဆင်းရှင် အလ္လာဟ်ကို ဆန်းစစ်ဆင်ခြင်ခြင်းမရှိဘဲ မငြင်းပယ်ထိုက်ချေ။ အဘယ်ကြောင့်ဆိုသော် ငြင်းပယ်မှုအတွက် ဂျဟန္နမ်မီး(ပူလောင်မှုဒုက္ခ)သည် အမှန်ခံစားရမည်ဟု ဆိုထားသည်။ ထို့ပြင် သေပြီးနောက်တွင် အချိန်မရှိတော့ချေ။ သံသရာ ဟူသည်လည်း မရှိဟု ဆိုထား၏။ သေပြီးနောက်မှ အလ္လာဟ်ကို လက္ခံပါမည်ဟုဆို၍ မရတော့ချေ။
“အကြင်သူတို့သည် ငါအရှင်မြတ်၏ အာယာသ် သက်သေ လက္ခဏာတော် တို့ကို ငြင်းပယ်ကြကုန်အံ့၊ ထို့ပြင် ထိုသူတို့သည် ထိုအာယာသ်တော်များကို မထီလေးစား ပြုလုပ်ကြကုန်အံ့၊ ထိုသူတို့သည် (ဂျဟန္နမ်)မီး၏ မိတ်ဆွေများ ဖြစ်အံ့ ၄င်းတို့သည် ထိုမီး (ပူလောင်မှုဒုက္ခ အခြေအနေ)၌ နေထိုင်ကြရသူများ ဖြစ်ကြပေသည်” (ကုရ်အာန် ၇း၃၆)
ထို့ကြောင့် မသိလိုပါ၊ မကြားလိုပါဟု ဆိုကာ လျစ်လျူရှုခြင်းဖြင့် အကြောင်းအရာ တစ်ခုသည် ပြီးပျောက် မသွားချေ။ လျစ်လျူရှုခြင်း၏ ဆိုးကျိုးရလာဒ် မုချရောက်လာပေမည်၊ ထို့အတူ မိမိ မသိပါဟု ဆိုလျင် သိအောင် ရှာဖွေဆန်းစစ် လက္ခံရပေမည်။ ဖန်ဆင်းရှင် အလ္လာဟ်‘မရှိနိုင်’ဟု မှန်းဆလိုပါလျင် ‘ရှိနိုင်သည်’ ဟူသော အဆိုအတွက်လည်း မျှတစွာ စဉ်းစားရန်လိုသည်။
>ဆန်းစစ်ကြစို့<blockquote> အလ္လာဟ်မရှိပါ……ဟူ၍ တပ်အပ်ဆိုပါလျင် အဘယ်ကြောင့် ဆိုနိုင်မည်နည်း၊ အဘယ်သို့သိသနည်း စသည်တို့က သံသယကင်းဖွယ် ဖြစ်သော လက်တွေ့ကျ၍ ခိုင်မာသော သက်သေများပေးရန် လိုအပ်သည်။ ဖန်ဆင်းရှင် အလ္လာဟ်ကိုယ်တိုင်ကမူ သက်သေ လက္ခဏာတော်များစွာ ပြထားပြီးဖြစ်သည်။ ထို့အတူ အလ္လာဟ်ကို လက်မခံလိုသော ဖန်ဆင်းခံတို့အား သက်သေပြရန် တောင်းဆိုထားသည်။ (ကုရ်အာန် ၂၁း၂၄။ ၄၆း၎)
မည်သူမဆို အကြောင်းအရာ တစ်ခုကို မိမိဉာဏ်စွမ်းရှိသလောက် ပြောနိုင်စွမ်း၊ ရေးဖွဲ့နိုင်စွမ်း ရှိကြသည်။ သို့သော် မိမိရေးသားပြောဆိုသည်တို့ကို အမှန်တရား ဖြစ်ကြောင်း သက်သေပြရန်ကား ခဲယဉ်းကြသည်။ ဤသို့ဖြင့် ကမ္ဘာ့သမိုင်းတွင် အမှန်တရားတို့သည် လွန်ကျူးစွာဖွဲ့ဆိုမှု၊ အကျယ်ချဲ့မှုတို့အောက်ဝယ် တိမ်မြုပ်ပျောက်ကွယ်လေ့ ရှိခဲ့လေသည်။
“ဧကန်အမှန် အသင်တို့အလျင် အမျိုးမျိုးသော (အယူဝါဒ) ထုံးတမ်းဓလေ့များကို(လိုက်စားခဲ့ကြသူများ) လွန်ခဲ့ကြလေပြီ၊ သို့ဖြစ်ပေရာ အသင်တို့သည် ကမ္ဘာမြေပြင်ဝယ် သွားလာလှည့်ပတ်၍ (အလ္လာဟ်၏ လမ်းညွှန်တော်တို့ကို) မဟုတ်မမှန်ဟူ၍ မုသားပြောဆို ငြင်းပယ်ကြသူတို့၏ နောက်ဆုံး အဖြစ် အပျက်သည် မည်သို့ဖြစ်ခဲ့သည်ကို ကြည့်ရှုဆင်ခြင်ကြလေကုန်” (ကုရ်အာန် ၃း၁၃၇)
ဖန်ဆင်းရှင် အလ္လာဟ်က ကုရ်အာန်တွင်း၌ မိန့်တော်မူသည်မှာ အလ္လာဟ်၏ သက်သေလက္ခဏာတော်များကို ငြင်းပယ်သူသည် ဤဘဝ၌လည်း မိမိကိုယ်ကို မိမိ နှိပ်စက်နေခြင်းသာ ဖြစ်သည်။ (၇း၁၇၇)။
ကိယာမသ် ရှင်ပြန် ထကြရမည့်နေ့တွင်လည်း (ဂျဟန္နမ်ငရဲ၌) ဆင်ခြင်မှု မရှိဘဲ အလ္လာဟ်ကို ငြင်းခဲ့သူတို့သည် မိမိတို့၏ ရှေးလူတို့ကို ကျိန်ဆဲ၍ အပြစ်ဒဏ် ပိုပေးရန် အလ္လာဟ်ကို တောင်းဆိုကြလိမ့်မည်။ ရှေးလူတို့ကလည်း နောက်လူတို့ကို မိမိတို့၏ လုပ်ရပ်သာဖြစ်၍ မိမိတို့သာ ခံရမည်ဖြစ်ကြောင်း ဆိုကြလိမ့်မည်၊ သေပြီးနောက်မှ သူတစ်ပါးကို အပြစ်ရှာနေ၍ မရတော့ချေ (၇း၃၈-၃၉)။
ထို့ကြောင့် နှစ်ဘဝလုံးတွင် ဆုံးရှုံးသူ မဖြစ်ရလေအောင် မိမိတတ်နိုင်သောအချိန်တွင် အလ္လာဟ်၏ သက်သေလက္ခဏာတော်များနှင့် အစ္စလာမ်ဒိန် သာသနာကို ဆင်ခြင်တုံတရားနှင့် သိပ္ပံပညာရပ်တို့ဖြင့် ဆန်းစစ် လက္ခံကြပါစို့။

No comments:

Post a Comment