တမန်တော်များပွင့်ရန် လိုအပ်ချက်
“……ငါအရှင်မြတ်သည် အချို့သော တမန်တော်များကို ပိုမို၍ ဂုဏ်ဒြပ် ချီးမြှင့်တော်မူခဲ့၏” (ကုရ်အာန် ၂း၂၅၃)
ကျမ်းမြတ် ကုရ်အာန်တွင် အလ္လာဟ် မိန့်တော်မူသော တမန်တော်များပွင့်ရခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းများကို ခြုံငုံသုံးသပ်သော် ဖန်ဆင်းရှင် အလ္လာဟ်သည် ကမ္ဘာ၏ ဒေသတစ်ခု (သို့မဟုတ်) လူသားမျိုးနွယ် တစ်ခုသို့ အောက်ဖော်ပြပါ(၄)ချက်အနက် တစ်ခုခုလိုအပ်ပါက တမန်တော်တစ်ပါးကို ပွင့်စေသည်။
(၁) မျိုးနွယ် (သို့)ဒေသတစ်ခုခုတွင် တမန်တော် တစ်ပါးမျှမပွင့်ရသေး၍ တရားအလင်းရောင် မရသေးခြင်း၊ အခြားဒေသမျိုးနွယ်တွင် ပွင့်သော တမန်တော်၏ တရားများ ထိုဒေသမျိုးနွယ်သို့ မရောက်ခြင်း။
(၂) မျိုးနွယ်(သို့) ဒေသတစ်ခုခုတွင် ယခင်က တမန်တော်ပွင့်ဖူးသော်လည်း ထိုတမန်တော် မရှိသည့်နောက် မူရင်းတရားများ လုံးဝပျောက်ကွယ်သွားခြင်း(သို့မဟုတ်) အမှန်နှင့် အမှား ရောထွေး၍ မူရင်းပျက်နေခြင်း။
(၃) ယခင်ပွင့်သော တမန်တော်တစ်ပါးသည် တရားအလင်းကို ပြီးပြည့်စုံသည့်တိုင် မပေးနိုင်ခဲ့၍ ထိုတရားကို ဆက်လက်ဟောကြားရန် နောက်ဆက်တွဲ တမန်တော်များ ပွင့်ပေးရခြင်း။
(၄) မျိုးနွယ် (သို့မဟုတ်) ဒေသတစ်ခုတွင် တမန်တော်ကြီးတစ်ပါး ပွင့်နေသော်လည်း ထို တမန်တော်ကြီး၏ ကြီးမားသော တာဝန်ကို ကူညီရန် အခြားတမန်တော်ငယ်တစ်ပါး ပွင့်ရခြင်း။
ထို့ကြောင့် တမန်တော်များအတွင်း ထမ်းဆောင်ရသော တာဝန်ကို အခြေခံ၍ အဆင့်အတန်းမှာ မတူကြ။ အစမှ စတင်၍ ဟောကြားရန်၊ မှားနေသည်ကိုပြုပြင်ရန်၊ အခြားတမန်တော်ကို ကူရန် စသည်ဖြင့် ကွာခြား၏။ သို့သော် အလ္လာဟ်ကို နာခံလက္ခံသူ လူသားတိုင်းသည် ကမ္ဘာ့တမန်တော်အားလုံးကို ယုံကြည်လက္ခံရမည် ဟူ၍ ကုရ်အာန် ၂း၂၈၅ နှင့် ၄း၁၅၀ တို့တွင် အလ္လာဟ်အမိန့်တော်မူထား၏။ မိမိမျိုးနွယ်(သို့မဟုတ်) မိမိဒေသမှ မဟုတ်၍ ဟူ၍ ခွဲခြားငြင်းပယ်ပိုင်ခွင့် မရှိချေ။
တမန်တော်တို့သည် ကိုးကွယ်ရာမဟုတ်
“မည်သည့် လူသားတစ်ဦးတစ်ယောက်ကိုမဆို အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကျမ်းဂန်ကို လည်းကောင်း၊ အကျိုးအကြောင်း ဆင်ခြင်နိုင်သော ဟက္ကမသ်၊ ဉာဏ်အမြော်အမြင်ကို လည်းကောင်း၊ နဗူဝသ်ခေါ် နဗီတမန်တော်ဂုဏ်ထူးကို လည်းကောင်း ချီးမြင့်ပေးသနားတော်မူပြီးနောက် ထိုသူ(တမန်တော်)က လူအပေါင်းတို့အား အသင်တို့သည် အလ္လာဟ်ကို စွန့်လွှတ်၍ ငါ၏ကျွန်များ ဖြစ်ကြကုန် ဟူ၍ ပြောဆိုရန် မဖြစ်နိုင်ပေ” (ကုရ်အာန် ၃း၇၉)
စင်စစ် လူသား နဗီတမန်တော် အပေါင်းသည် လူသားတို့တွင် အမြင့်ဆုံးသော ဉာဏ်တော်နှင့် ဘွဲ့ထူးကို အလ္လာဟ်က ချီးမြှင့်ပေးထားခြင်းသာ ဖြစ်၏။ အရှိနှင့် အကွယ်မှ (အမှန်တရား)တို့ကို ဝဟီလမ်းညွှန်အဖြစ် အလ္လာဟ်ကပေးခြင်း ခံရသူများဖြစ်သည်။ လူသားတို့ကို တစ်ဆင့်ပြန်၍ ဟောကြား သွန်သင်ရမည့် သူများသာ ဖြစ်ကြ၏။ လူသားတို့က ကိုးကွယ်ရာအဖြစ် အကြည်ညိုမလွန်ရချေ။ တစ်ပါးတည်းသော အလ္လာဟ်သည်သာ ကိုးကွယ်ရာ ဖြစ်၏။ တမန်တော်တိုင်းသည် ရှင်ပြန်ထရမည်နေ့တွင် သက်သေ “…..ငါအရှင်မြတ်သည် (ကိယာမသ်နေ့တွင်) သာသနာဝင် အုပ်စုတိုင်း၌ ၄င်းတို့နှင့် ဆန့်ကျင်၍ ၄င်းတို့အနက်မှပင် သက်သေတစ်ဦးကျစီ ထူတော်မူမည်….” (ကုရ်အာန် ၁၆း၈၉)
ကမ္ဘာ့တမန်တော် အားလုံးသည် အလ္လာဟ်ထံမှ လမ်းညွှန်ဝဟီနှင့် သက်သေ လက္ခဏာများကို လူသားတို့အား သွန်သင်ရသူများ ဖြစ်၏။ ၄င်းတို့ ရှိစဉ်ကာလတွင် လက္ခံသူများ ရှိသလို ဆန့်ကျင်သူများ လှောင်ပြောင်သူများ၊ ခြိမ်းခြောက် ဒုက္ခပေးသူများ၊ စွပ်စွဲသူများ၊ ရန်သူများ ရှိခဲ့ကြသော်လည်း အလ္လာဟ်၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားကြသည်။
ထိုသို့ တမန်တော်များရှိစဉ်က ဒုက္ခပေး ငြင်းဆန်ခြင်းများနှင့် မရှိသည့် နောက်ပိုင်းတွင် အကြည်ညိုလွန်ကာ တမန်တော်များကို ကိုးကွယ်ခြင်း စသည့် လူသားတို့၏ မှားယွင်းချက်တို့ကို ကိယာမသ် ရှင်ပြန်ထရမည့်နေ့တွင် သက်ဆိုင်ရာ တမန်တော်များ ကိုယ်တိုင် သက်သေထွက်ဆိုကြရမည် ဖြစ်သည်။
No comments:
Post a Comment