Thursday, 13 September 2012

နောက်ဆုံးတမန်တော်ချုပ်နှင့် ကျမ်းချုပ်ကုရ်အာန်

နောက်ဆုံးတမန်တော်ချုပ်နှင့် ကျမ်းချုပ်ကုရ်အာန် “၄င်းတို့သည် အလ္လာဟ် အရှင်မြတ်၏ တရားရောင်ခြည်ကို မိမိတို့၏ ပါးစပ်ဖြင့် ငြိမ်းသတ်လိုကြ၏။ သို့ရာတွင် ကာဖိရ်သွေဖည် ငြင်းပယ်သူများ မနှစ်မြို့ကြသော်လည်း အလ္လာဟ် အရှင်မြတ်သည် မိမိ၏ တရားရောင်ခြည်ကို ပြည့်ဝ စုံလင်အောင် ပြုလုပ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်သည်” (ကုရ်အာန် ၆၁း၈)
“…မုရှ်ရိက်တို့ မနှစ်မြို့ကြသော်လည်း ထို(အလ္လာဟ်) အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော် (မုဟမ္မဒ်)အား တရားလမ်းညွှန်နှင့်တကွ လည်းကောင်း၊ မှန်ကန်သော ဒီန်သာသနာတော်နှင့် လည်းကောင်း (ယင်းမှန်ကန်သော ဒီန်သာသနာကို) ဘာသာ သာသနာ အလုံးစုံတို့ထက်ဝယ် လွှမ်းမိုးစေရန် လည်းကောင်း စေလွှတ်တော်မူခဲ့ပေသတည်း” (ကုရ်အာန် ၆၁း၉)
တမန်တော်တစ်ပါး လွန်လေပြီးတိုင်း လူသားတို့၏ အတ္တနှင့် အခြား အကြောင်းအရာတို့ကြောင့် အလ္လာဟ်၏ တရားလင်းရောင်ခြည် မှေးမှိန်သွားတိုင်း အလ္လာဟ်သည် နောက်ထပ် တမန်တော် တစ်ပါးပွင့်စေ၍ သောဝ်ဟီးဒ်နှင့် အခြေခံတူညီသော ကျင့်စဉ်ကို ပေး၏။
ဤသို့ဖြင့် လူ့သမိုင်းသည် တမန်တော် ပွင့်လိုက်၊ တရားအလင်းရလိုက်၊ သက်ဆိုင်ရာ တမန်တော်မရှိသည့်နောက် တဖြည်းဖြည်း တရားအလင်းမှိန်လိုက်၊ တမန်တော် အသစ်တစ်ပါးပွင့်လိုက်နှင့် အဆက်မပြတ် ဖြစ်ခဲ့ရာ ကမ္ဘာ့လူသားတို့၏ အသိသည် “မျိုးနွယ်လိုက်၊ ဒေသလိုက်” ကျင့်စဉ် မဟုတ်တော့ဘဲ လူသားထုတစ်ရပ်လုံးနှင့် ကိယာမသ်တိုင် ခေတ်အားလုံးအတွက် ပြီးပြည့်စုံသော လမ်းညွှန်ကို လက္ခံနိုင်သော အဆင့်သို့ ရောက်လေသည်။
အလ္လာဟ်ထံမှ နောက်ဆက်နှင့် ပြီးပြည့်စုံသော တရားအလင်းရောင်ကို ‘နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင်’မှ တစ်ဆင့် ကမ္ဘာ့လူသားထု တစ်ရပ်လုံးအတွက် ခေတ်တိုင်းအတွက် ချပေးလေသည်။ ထိုတရားအလင်း အာယာသ်တော်တို့သည် ယခင်ကျမ်းများကဲ့သို့ ပျက်ခြင်းမရှိတော့ဘဲ “ကုရ်အာန်ကျမ်းမြတ်” အဖြစ် တစ်လုံး တစ်ပါဒမျှ ပြောင်းလဲခြင်းမရှိဘဲ ယနေ့တိုင် တည်နေပေတော့သည်။ ကိယာမသ်နေ့တိုင် တည်နေဦးမည်သာ ဖြစ်၏။ နောက်ထပ် တမန်တော်အသစ်ပွင့်စရာ မရှိတော့ချေ။ ကုရ်အာန်၊ စကြဝဠာ လောကခပ်သိမ်းတို့၏ အရှင်ထံမှကျမ်း
“ဤကျမ်းဂန်သည် လောက ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ချပေးတော်မူခြင်း ဖြစ်သည်။ ယင်းကျမ်းဂန်နှင့် စပ်လျဉ်း၍ ဒွိဟသံသယဟူ၍ အလျင်းမရှိပြီ” (ကုရ်အာန် ၃၂း၂)
မိမိကျမ်း၏ အဓိပ္ပာယ်ကို မိမိကိုယ်တိုင် ရှင်းလင်းထားသောကျမ်း
“(ဤကျမ်းသည်) အလွန်တရာသနားကြင်နာတော်မူသော မဟာကရုဏာတော်ရှင်၏ အထံတော်မှ ချပေးတော်မူခြင်း ဖြစ်သည်။ ထိုကျမ်းသည် သိနားလည်သောသူတို့အတွက် ယင်း၏ (ကျမ်းတွင်းပါ) အာယာသ်တော်များ (၏အဓိပ္ပာယ်)ကို(ယင်းကျမ်းတွင်း၌)ပင် ရှင်းလင်းစွာ ဖော်ပြထားခြင်း ခံရသော အာရဗီဘာသာစကားဖြင့် ထုတ်ပြန်ထားသော ကုရ်အာန်ကျမ်းမြတ်ပင်တည်း” (ကုရ်အာန် ၄၁း၂-၃)
အမှောင်ထုမှ အလင်းသို့ ပို့ပေးမည့်ကျမ်း

“….အသင် (မုဟမ္မဒ်)သည် လူသားတို့ကို အမှောင်ထုမှ အလင်းသို့ ထုတ်ဆောင်ကယ်တင်အံ့သောငှာ ငါအရှင်မြတ်သည် ယင်းကျမ်းတော်မြတ်ကို အသင်၏ထံသို့ ချပေးသနားတော်မူခဲ့သည်။ (ကုရ်အာန် ၁၄း၁)
ရုပ်နာမ်ရောဂါ ပျောက်ဆေးနှင့်အလင်း
“အို..လူသားအပေါင်းတို့ မုချဧကန်အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်မှ အသင်တို့ထံသို့ ဆုံးမသြဝါဒတော်သည် လည်းကောင်း၊ ရင်များတွင်း၌ရှိသော (ဝေဒနာများကို) ပျောက်ကင်းစေသော ဆေးသည်လည်းကောင်း၊မုအ်မင်သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်သည် လည်းကောင်း၊ ကရုဏာတော်သည် လည်းကောင်း ရောက်ရှိလာခဲ့လေပြီ” (ကုရ်အာန် ၁၀း၅၇)
လူဖျက်၍မရ အလ္လာဟ်ကိုယ်တော်တိုင် စောင့်ရှောက်ထားသော နောက်ဆုံးကျမ်း
“ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျင် ဤကျမ်းတော်ကို ချပေးသနားတော်မူ၏။ ဧကန်မလွဲ ငါအရှင်မြတ်သာလျင် ထိန်းသိမ်း စောင့်ရှောက်တော်မူမည့် အရှင်မြတ်ဖြစ်တော်မူ၏” (ကုရ်အာန် ၁၅း၉)
>ချပေးရသည့် ရည်ရွယ်ချက်
“စင်စစ် ငါအရှင်မြတ်သည် အသင်(မုဟမ္မဒ်)၏ အပေါ်၌ ကျမ်းမြတ်ကို ချပေးသနားတော်မူခဲ့သည်မှာ ၄င်းတို့အား ၄င်းတို့ကွဲလွဲလျက်ရှိခဲ့ကြသော အကြောင်းကို ရှင်းလင်းအံ့သောငှာ လည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့အတွက် တရားလမ်းညွှန်အဖြစ် လည်းကောင်း၊ ကရုဏာတော်အဖြစ် လည်းကောင်း ချပေးတော်မူခဲ့ခြင်းသာ ဖြစ်၏” (ကုရ်အာန် ၁၆း၆၄)
ခေတ်တိုင်းအတွက် လမ်းညွှန်(ကိယာမသ်နေ့တိုင်)
“….စင်စစ်ကျွန်ုပ် (မုဟမ္မဒ်)၏ ထံဝယ် ဤကုရ်အာန်ကျမ်းမြတ်သည် (အလ္လာဟ်ထံမှ)ဝဟီအမိန့်တော် အဖြစ် ပို့သခဲ့ခြင်းပင်ဖြစ်၏။ ထိုကုရ်အာန်ကျမ်းမြတ်ဖြင့် (လက်ရှိ) အသင်တို့အား လည်းကောင်း၊ ထိုကုရ်အာန် ကျမ်းမြတ်ရောက်ရှိသော(ခေတ်အသီးသီး)သူတို့အား လည်းကောင်း ကျွန်ုပ် သတိပေးနှိုးဆော်ရန် ဖြစ်သည်” (ကုရ်အာန် ၆း၁၉)
ကိယာမသ်နေ့တိုင် ယှဉ်နိုင်သူမရှိသောကျမ်း
“ငါအရှင်မြတ်၏ အစေတော်(မုဟမ္မဒ်)ထံသို့ ငါအရှင်မြတ် ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန် ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့သံသယဒွိဟရှိပါလျင် ထိုကျမ်းမြတ်နှင့် အလားတူ စူရဟ်ကဏ္ဍတစ်ခုမျှ (ကိုသာစီကုံးရေးသား၍) ယူဆောင်လာကြကုန်၊ အကယ်၍ အသင်တို့သည် မှန်ကန်သောစကား ပြောဆိုသူများ ဖြစ်ကြပါလျင် ထိုသို့စီကုံးရေးသားရာ၌ အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ အသင်တို့အားကူညီ ယိုင်းပင်းမည့် သူများကိုလည်း ခေါ်ဆောင်လာကြကုန်လော့”
“အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို (အတိတ်ခေတ်တွင်လည်း မပြုလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက်ခေတ်တွင်လည်း လုပ်နိုင်ကြသည်လည်း မဟုတ်။ နောင် အနာဂတ်ကာလတွင်လည်း အလျင်း လုပ်နိုင်ကြမည် မဟုတ်ပေ” (ကုရ်အာန် ၂း၂၃-၂၄)
“၄င်းပြင် အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်သည် မှန်ကန်ခြင်းအရာ၌ လည်းကောင်း၊ တရားမျှတခြင်းအရာ၌ လည်းကောင်း စုံလင်ပြည့်ဝလှပေသည်” (ကုရ်အာန် ၆း၁၁၅)

1 comment:

  1. ဤပို့စ်နှင့်ပတ်သက်၍ မရှင်းသည်များကို ဆက်သွယ်မေးမြန်းလိုပါက thetlwin007@gmail.com သို့ ဆက်သွယ်စုံစမ်း မေးမြန်နိုင်ပါသည်

    ReplyDelete