Thursday 23 August 2012

နဖ်ဝိညာဉ်နှင့် အိပ်ခြင်း၊ သေခြင်းတို့၏ သက်သေ လက္ခဏာများ

နဖ်ဝိညာဉ်နှင့် အိပ်ခြင်း၊ သေခြင်းတို့၏ သက်သေ လက္ခဏာများ “နဖ်စ်ဝိညာဉ်တိုင်းသည် သေခြင်းတရား (၏ အရသာ) ကို မြည်းစမ်းကြရလိမ့်မည်။ စင်စစ် ငါအရှင်မြတ်သည် ၄င်းတို့အား ဆိုးသော အခြေအနေဖြင့်လည်းကောင်း၊ ကောင်းသော အခြေအနေဖြင့် လည်းကောင်း (ကောင်းစွာ) စမ်းသပ်တော်မူသည်။ ထို့ပြင် ငါအရှင်မြတ် အထံတော်သို့ပင် အသင်တို့သည် ပြန်လည် ရောက်ရှိကြရပေမည်” (ကုရ်အာန် ၂၁း၃၅)
အလ္လာဟ်သည်ပင် (ရုပ်ခန္ဓာ သေဆုံးချိန်ရောက်သော) နဖ်စ်ဝိညာဉ်များကို ၄င်းတို့သေဆုံးချိန်တွင် နှုတ်သိမ်းတော်မူသည်။ ထိုနည်းတူ သေဆုံးချိန်မရောက်သေးသော နဖ်စ်များကိုလည်း ၄င်းတို့အိပ်စက်ချိန်တွင် (သေသကဲ့သို့ပင် နှုတ်သိမ်းတော်မူသည်)။ ထို့နောက် သေဆုံးရန် စီရင်ဆုံးဖြတ်တော်မူခဲ့ပြီးဖြစ်သော နဖ်စ်များကို (ရုပ်ခန္ဓာ အသက်ရှင်စေရန် ပြန်သွားခြင်းမှ) တားဆီးထားတော်မူသည်။ သို့ရာတွင် ကျန်နဖ်စ်ဝိညာဉ်များကို (ရုပ်ခန္ဓာ အသက်ရှင်စေရန် ပြန်သွားခြင်းကို) ထိုအရှင်မြတ်သည် (ရုပ်ခန္ဓာသေဆုံးရန်) သတ်မှတ်ပြီး ဖြစ်ချိန်တိုင်အောင် လွှတ်ထားတော်မူသည်။ ဧကန်မလွဲ ဤသည်တွင် စဉ်းစားဆင်ခြင်ကြသော သူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများ ရှိကြ၏။
“သဝပ်ဖာ”ဟူသည် တစ်စုံတစ်ခုကို ပြည့်ဝစွာယူခြင်း (နုတ်သိမ်းခြင်း) ကိုခေါ်သည်။ သေခြင်းနှင့် ရှင်ခြင်း၊ အိပ်ခြင်းနှင့် အိပ်မက်တို့၏ ဆန်းကြယ်မှုကို ကမ္ဘာ့စာပေများ၊ အတွေးအခေါ်များတွင် များစွာဖွဲ့နွဲ့ကြသော်လည်း ဖန်ဆင်းရှင် အလ္လာဟ်ကမူ စကားလုံးအနည်းငယ်မျှဖြင့် ဖော်ပြထားသည်။ သေခြင်းဟူသည် ရုပ်ခန္ဓာပျက်သုဉ်း၍ ရုပ်လောကကို စွန့်လွှတ်ခြင်းဖြစ်ပြီး၊ နဖ်စ်ဝိညာဉ်ကား မသေချေ။ သေခြင်း၏ ရသာကို မြည်းစမ်းရခြင်း ဖြစ်သည်။ တည်ရှိမှုအခြေအနေတစ်ခုအတွက် ဆက်လက်ဖြစ်ပေါ်နေပေသည်။
နဖ်စ်သည် သေခြင်းမရှိ၊ ပျက်သုဉ်းသွားခြင်းမရှိ၊ ရုပ်ခန္ဓာသေဆုံးချိန်တွင် ရုပ် ခန္ဓာမှ နဖ်စ်ထွက်ခွာစဉ် (အလ္လာဟ် နှုတ်သိမ်းစဉ်) သေခြင်းတရား အရသာကို ခံစားရပေမည်။ မိမိပြုကျင့်ခဲ့သော ကောင်းမှု ပြစ်မှုများကို အစားပေးခံရန် ရှင်ပြန်ထရမည့်နေ့တိုင် အလ္လာဟ်က ထိန်းထားပေမည်” (ကုရ်အာန် ၃း၁၈၅)
အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်ကြီး ကိုင်ရိုမြို့
အထက်ပါ အာယယသ်တော်အရ အိပ်သောအခါတွင်လည်း အလ္လာဟ်သည် လူသား၏ နဖ်စ်ဝိညာဉ်ကို သေသည့်အခါတွင် နှုတ်ယူသကဲ့သို့ပင် နှုတ်သိမ်းထားသည်။ သေချိန်မကျသေးသူထံသို့ နဖ်စ်ဝိညာဉ်ကို ပြန်လွှတ်ပေးသည်။ ထိုအခါ နိုးလာသည်။ သေချိန်ကျသူထံသို့မူ နဖ်စ်ဝိညာဉ်ကို ပြန်မလွတ်တော့၍ ထိုအခါ ထိုသူ (၏ရခန္ဓာ) အိပ်ရင်းနှင့်ပင် သေလေသည်။ ထို့ကြောင့် အိပ်ခြင်းနှင့် သေခြင်း၏ အကြောင်းအရာမှာ အတူတူသာဖြစ်သည်။ ခေတ္တခဏနှင့် ထာဝရသာ ကွာသည်။ အိပ်ခြင်းသည် သေခြင်း၏ ညီငယ်သာဖြစ်သည်။
ထို့ကြောင့် လူသားတို့၏ ရုပ်ခန္ဓာ ရှင်ခြင်းနှင့် သေခြင်းသည် ဘဝ၏ အဆုံးသတ်မဟုတ်၊ လူသားတို့သည် ရုပ်လောကတွင် မွေးဖွား ရှင်သန် သေဆုံးကြရမည်ဖြစ်ပြီး ရုပ်ခန္ဓာသေဆုံးချိန်တွင် ဝိညာဉ်လောက တို့၌ နိုးကြားကြရပေမည်။
အိပ်စက်မှုသည် ရုပ်လောကမှ ခေတ္တ အနားယူသည်သာမက သေခြင်းတရား၏ အရသာ အနည်းငယ်မျှကို သက်သေပေးခြင်း ခံရခြင်းဖြစ်သည်။ ကိယာမသ် ရှင်ပြန် ထရမည့်နေ့သည်လည်း အိပ်ရာမှ နိုးထသကဲ့သို့ပင် ဝိညာဉ်လော၌ နိုးထကြရမည်သာ ဖြစ်သည်။ အလ္လာဟ်သည် လူသားတိုင်းကို နေ့စဉ် သက်သေလက္ခဏာ ပေးနေခြင်းသာ ဖြစ်သည်။ ပရောဖက်ဆာ အာသာအလီစန် (Arthur Alison) သည် လန်ဒန် တက္ကသိုလ် လျှပ်စစ်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာဌာန၏ အကြီးအကဲဖြစ်သည်။ ဗြိတိသျှ စိတ်ပညာနှင့် ဝိညာဉ်ဆိုင်ရာ လေ့လာမှု အသင်းကြီး (British Society for Psychology and Spiritual Studies) ၏ ဥက္ကဋ္ဌကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့သူဖြစ်သည်။ ဘာသာတရား များစွာကိုလည်း လေ့လာခဲ့သူ ဖြစ်သည်။
၁၉၈၅-ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်မှ အောက်တိုဘာလ (၆) ရက်နေ့ထိ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် (Medical Inimitability in the Quran) နှင့် စပ်လျဉ်း၍ ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ အစ္စလာမစ် ကွန်ဖရင့်ကြီးကို အီဂျစ်ဆေးပညာ စုပေါင်းအဖွဲ့က ကမကထပြု ကျင်းပခဲ့သည်။ ပရော်ဖက်ဆာ အာသာကိုလည်း ဖိတ်ကြားခဲ့လေသည်။
ထိုကွန်ဖရင့်ကြီးတွင် ပရော်ဖက်ဆာ အာသာသည် စိတ်ပညာနှင့် ဝိညာဉ်ဆိုင်ရာ ကုသမှု နည်းလမ်းများကို ကုရ်အာန်၏ အလင်းရောင်အောက်တွင် ဖွင့်ဆိုသောစာတမ်းတစ်စောင်ကို တင်သွင်းခဲ့သည်။ ထို့အပြင် ဒေါက်တာ မုဟမ္မဒ်ယဟ်ယာရှရာဖီနှင့် ပူတွဲ၍ ‘အိပ်ခြင်းနှင့်သေခြင်း’ကို အထက်ပါ ဖော်ပြပါ ကုရ်အာန် (စူရဟ် ၃၉း။ အာယာသ်တော် ၄၂) ၏ အလင်းရောင်အောက်တွင် ဖွင့်ဆို ရှင်းလင်းသော စာတမ်းတစ်စောင်ကိုလည်း တင်သွင်းခဲ့သည်။ ထို (၈) ရက်ကြာ ကွန်ဖရင့်ကြီးတွင် တင်သွင်းဆွေးနွေးကြသော အချက်များစွာတို့သည် ပရော်ဖက်ဆာ အာသာကို မျက်စိပွင့်စေခဲ့သည်။ ကွန်ဖရင့်ကြီး၏ နောက်ဆုံးနေ့ အခမ်းအနားသိမ်းပွဲ ကျင်းပရာတွင် အီဂျစ်နိုင်ငံ၏ ဝကဖ် ဆိုင်ရာ ဝန်ကြီး ရှိက်ခုလ်အဇ်ဟုရ်ဂျတ်ဒ် အလ်ဟတ်က် တက်ရောက်ခဲ့ပြီး ဒေါက်တာ အဟ်မဒီနှင့် ဒေါက်တာ မုဟမ္မဒ် ယဟ်ယာရှရာဖီ၊ သတင်းစာဆရာများ၊ တီဗွီသတင်းရိုက်ကူးသူများ ရှေ့တွင်ပင် ပရောက်ဖက်ဆာအာကာသည် မတ်တတ်ရပ်၍ အစ္စလာမ်သည် မှန်ကန်သော သာသနာဖြစ်ကြောင်း ကြေညာ ကြွေးကြော်ခဲ့၍ အစ္စလာမ်သာသနာကို လက္ခံပြီဖြစ်ကြောင်း ‘ရှဟာဒတ်’ အစ္စလာမ့်သစ္စာကို သက်စေထွက်ဆိုခဲ့လေသည်။
“အလ္လာဟ်မှအပ အခြား ခဝပ်ကိုးကွယ်ရာအရှင် မရှိ” “မုဟမ္မဒ်သခင်သည် အလ္လာဟ်၏ ရစူလ်တမန်တော် ဖြစ်သည်” (အစ္စလာမ့်ယုံကြည်ချက်)
လန်ဒန်မြို့ အပတ်စဉ်ထုတ် ‘အလ်မုစ်စလီမူးန်’နှင့် ကိုယ်တွေ့ မေးမြန်းခန်းတွင် ပရော်ဖက်ဆာ အာသာအလီစန် (ယခု ပရော်ဖက်ဆာ အဗ်ဒုလ္လာဟ် အလီစန်) က သူ၏ အစ္စလာမ်သာသနာကို လက္ခံရပုံ အကြောင်းကို ရှင်းပြခဲ့လေသည်။ ဘာသာတရားများကို လေ့လာခဲ့သူ စိတ်ပညာနှင့် ဝိညာဉ်ရေးရာများကို လက်တွေ့လေ့လာ သုတေသနပြုသူ ပရော်ဖက်ဆာကြီးအတွက် ထိုကွန်ဖရင့်ကြီး၏ (၈) ရက်တို့ အတွင်း၌ တင်ပြကြသော ဆွေးနွေးကြသော အချက်များသည် အခြားအရာများနှင့် များစွာ ကွာခြားချက်ရှိကြောင်း၊ အစ္စလာမ်သည် လူ့ဗီဇ သဘာဝနှင့် ကိုက်ညီ၍ မှန်ကန်သော သာသနာဖြစ်ကြောင်း၊ စကြဝဠာကို စီမံကွပ်ကွဲနေသော ဖန်ဆင်းရှင်ရှိကြောင်း အစ္စလာမ်ကို လေ့လာရာတွင် ဆင်ခြင်တုံတရား၊ သိပ္ပံပညာရပ်တို့နှင့် ဆန့်ကျင်မှုမတွေ့ရကြောင်း ရှင်းပြခဲ့သည်။
နဖ်စ်ဝိညာဉ်နှင့် ပါရာဆိုင်ကော်လော်ဂျီ၏သက်သေ
ထို့ပြင် ကုရ်အာန်သည် တစ်ပါးတည်းသော အလ္လာဟ်ထံမှ လမ်းညွှန်ဖြစ်ကြောင်း၊ မုစ်လင်မ်အဖြစ် ရှဟာဒတ်သစ္စာထွက်ဆိုရာတွင် ဖော်ပြနိုင်စွမ်းမရှိသော ထူးဆန်းသည့် ကျေနပ်နှစ်သိမ့်မှုသည် သူ့အားလွှမ်းမိုးသွားကြောင်း ပရော်ဖက်ဆာ အာသာက ဆို၏။ ထို့ပြင် ယနေ့ ရုပ်လောကကြီးသည် အရေးကြီးသော အခြေအနေသို့ ရောက်နေ၏။ မြင်သမျှ ပြောသမျှတို့သည် အကြောင်းအရာကို တိကျစွာ ရှင်းမပြနိုင်ကြ။ နားမလည်နိုင်အောင် ရှုပ်ထွေးနေပြီး ရောက်ရာခရီးသွားဖြစ်နေသော လူသားထုကြီးအပေါ် မုစ်လင်မ်တို့တွင် တာဝန်ရှိကြောင်း၊ သို့မှသာ လူသားထုသည် သာသနာ၊ သိပ္ပံ၊ ဤဘဝ၊ တမလွန် စသည်တို့ကို တစ်လက်မှ တစ်လက်သို့ လက်ဆင့်ကမ်းခြင်းဖြင့် ပျော်ရွှင်သာယာသော စုစည်းမှု အရိပ်သာယာအောက်သို့ ရောက်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ကွန်ဖရင့်ကြီးတွင် ဒေါက်တာမုဟမ္မဒ်ယာဟ်ယာနှင့် ပူးတွဲတင်သွင်းခဲ့သော (ကုရ်အာန် ၃၉း၄၂) ကို ဖွင့်ဆိုသော အိပ်ခြင်းနှင့် သေခြင်းစာတမ်းအရ အိပ်ခြင်းနှင့် သေခြင်းသည် သိမြင်နိုင်သော အကြောင်းအရာ အတူတူသာ ဖြစ်ကြောင်း၊ နဖ်စ်ဝ်ညာဉ်သည် ရုပ်ခန္ဓာမှ ထွက်ခြင်းဖြစ်ကြောင်း ၄င်းတို့ သက်သေပြနိုင်သည်ဟု ဆိုသည်။ အိပ်သောအခါ ဝိညာဉ်ပြန်လာနိုင်၏။ (နိုး၏)။ သေသောအခါ ဝိညာဉ်ပြန်မလာ၊ ဤအချက်များကို ပါရာဆိုင် ကော်လိုဂျီ လေ့လာမှု (စိတ်ပညာနှင့် ဝိညာဉ်အကြောင်းအရာများ၊ အကြားအမြင် အကြောင်းအရာများ လေ့လာမှုပညာ) အရ သက်သေပြခဲ့သည်။ အဓိကအချက် (၃) ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ရုပ်ခန္ဓာ၏ ပြင်ပရောက်အတွေ့အကြုံ (OBE)
OUT OF BODY EXPERINCE လေ့လာစုံစမ်းမှုအရ အချို့သော သူများသည် မိမိတို့၏ ရုပ်ခန္ဓာများကို အိပ်ရာပေါ်တွင် သော်လည်းကောင်း၊ အခြားတစ်နေရာတွင် သော်လည်းကောင်း တွေ့မြင်ရမှုပင် ဖြစ်သည်။ လေလာမှုပြုခဲ့သော ဖြစ်ရပ်များ၏ (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းထိမှာ မိမိတို့၏ ရုပ်ခန္ဓာမှ ထွက်ခွာမှု၊ ပြင်ပရောက်နေမှု အတွေ့အကြုံများကို တွေ့ရကြောင်း ဆိုသည်။
သေခြင်းနှင့်တူသော မြောမှု (COMA RESEMBLING DEATH)
အလွန်ပြင်းထန်သော ဝေဒနာရောဂါ ခံစားနေရသူ အချို့သည် မြောသွားသော အခြေအနေသို့ ရောက်သွားကြသည်။ ၄င်းတို့ကို ကုသနေသော ဆရာဝန်တို့သည် ကုသမှုအရ သေပြီဟု ဆိုကြသည်။ (Clinically Dead) သို့သော် အခြားသော ဆေးပညာဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ အရာများကြောင့် ထိုမြောနေသူတို့ သတိပြန်ရလာကြသည်။ ထိုအခါ သူတို့သည် ၄င်းတို့ မြောနေစဉ် တွေ့ကြုံရသော ထူးဆန်းသည့် အတွေ့အကြုံတို့ကို ပြန်ပြောလေတော့သည်။ ထိုသို့သော အတွေ့အကြုံများသည် ကုရ်အာန် ကျမ်းမြတ်၏ အလင်းရောင်အောက်တွင် သိပ္ပံနည်းကျစွာ သုတေသန ပြုသင့်သည်။
အိပ်မက် (DREAM)
အချို့သောသူများသည် အိပ်မက် မက်နေစဉ်တွင်ပင် မိမိတို့ အိပ်မက် မက်နေသည်ကို သိနေကြ၏။ ထိုသို့ သိရခြင်းမှာ အိပ်ခြင်းဟူသည် ရုပ်ခန္ဓာမှ တစ်စုံတသ်ခုသောအရာ ထွက်ခွာခြင်း ဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။ ထိုအရာသည် ‘နဖ်စ်ဝိညာဉ်သာ’ဖြစ်ကြောင်း ဖန်ဆင်းရှင်အလ္လာဟ်က ဆိုသည်။ (နဖ်စ်ရှိနေ၍ နဖ်စ်ဝိညာဉ် ထွက်သောကြောင့်သာ မိမိအိပ်မက် မက်နေသည်ကို မိမိ၏ နဖ်စ်ကပြန်၍ သိခြင်းသာ ဖြစ်သည်။ ထို့အတူ မကြာခဏ ဆိုသလို လူတို့သည် အိပ်မက်တွင်း၌ ဖြစ်ပြီးခဲ့သော အရာများကို တွေ့ခြင်း၊ အနာဂတ်တွင် ဖြစ်မည့် အရာအချိုကို ကြိုမြင်ခြင်း၊ ရုပ်လောကတွင် ပြုနိုင်စွမ်းမရှိသည်များ အိပ်မက်တွင်း၌ ပြုနိုင်ခြင်း စသည်တို့ကို မြင်မက်ကြသည်။ တစ်ခါတစ်ရံ ပြင်ပတွင်လည်း ဤနေရာ ရောက်ဖူးသလိုလို၊ ဤအဖြစ်အပျက် ဖြစ်ဖူးသလိုလို ခံစားမိကြသည်။ စင်စစ် အလ္လာဟ်သည် လူသားတို့အား သက်သေလက္ခဏာများ ပြနေခြင်းသာ ဖြစ်သည်။ (စာရေးသူ)
ပရော်ဖက်ဆာ အာသာ အလီစန်က ကွန်ဖရင့်တွင် တင်ပြကြသော ကုရ်အာန်မှ အခြား ဖန်ဆင်းခြင်းနှင့်ဆိုင်သော အချက်များမှာ ယနေ့ သိပ္ပံက ထောက်ခံနေကြောင်း ကုရ်အာန်ကျမ်းမြတ်သည် လူသားတို့ လုပ်ထားသောကျမ်း မဟုတ်၊ ဖန်ဆင်းရှင် အလ္လာဟ်ထံမှဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း (၁၄၀၀) ကျော်က ကုရ်အာန်ကို ဟောကြားခဲ့သူ မုဟမ္မဒ်သခင်သည်လည်း တမန်တော်ဖြစ်ကြောင်း သက်သေထွက်ဆိုခဲ့ပေသည်။
အနောက်တိုင်းတွင် အစ္စလာမ်သာသနာ ဖြန့်ချီမှုအတွက် သိပ္ပံပညာ အချက်အလက်များ လိုအပ်ကြောင်း၊ အနောက်တိုင်း၏ အသိပညာရှာဖွေမှုစနစ်က လူသားကို သိစေသည်မှာ လူသားသည် အကန့်အသတ် ဆဲလ်များသာ ဖြစ်ကြောင်း၊ စကြဝဠာသည်လည်း မြင်နိုင်၊ ကြားနိုင်သော အရာဖြစ်ကြောင်း သိစေသည်။ အချက်အလက် အသစ်များ ရှာဖွေ တွေ့ရှိလေလေ လူသားသည် မသိမိုက်မဲသူ၊ ဂရုမစိုက်သူ ဖြစ်ကြောင်း ပို၍ သိလာစေသည်။
ပရော်ဖက်ဆာကြီးက ၄င်းသည် လန်ဒန်တွင် ‘အစ္စလာမ်မစ် ဆိုင်ကော်လော်ဂျီ လေ့လာမှု သိပ္ပံ’ကို ထူထောင်၍ ကုရ်အာန်နှင့် တမန်တော်မြတ်၏ စွန္နသ် ဓလေ့များကို လေ့လာမည် ဖြစ်ကြောင်း၊ သိပ္ပံအချက်အလက်များကို ကုရ်အာန်တွင်း၌ ရှာဖွေ၍ အနောက်တိုင်းကို ပြမည်ဖြစ်ကြောင်း၊ ထိုသိပ္ပံကျောင်းတွင် အင်္ဂလိပ်စာပေနှင့် အာရဗီစာပေများ ပါဝင်သော အစ္စလာမ် စာကြည့်တိုက်လည်း ပါဝင်မည် ဖြစ်ကြောင်း၊ ကုရ်အာန်၏ အလင်းရောင် အောက်တွင် သိပ္ပံသုတေသနများ ပြုမည်ဖြစ်ကြောင်း ဆိုသည်။ (ပရော်ဖက်ဆာ အာသာ အလီစန်၏ ဖြစ်ရပ်နှင့် စာတမ်းကို ပါကစ္စတန်ထုတ် (YAQEEN INTER NATIONAL APRIL 7,1986 မှ ဖော်ပြပါသည်)
“ပြောလော့။ အို….လူသားအပေါင်းတို့ အမှန်စင်စစ် အသင်တို့၏ အရှင်မြတ်ထံတော်မှ အသင်တို့ထံ အမှန်တရား (ကုရ်အာန်)သည် ရောက်ခဲ့လေပြီ၊ သို့ဖြစ်ပေရာ မည်သူမဆို တရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိ၏ နဖ်စ် ဝိညာဉ်အကျိုးငှာ တရားလမ်းမှန် ရခြင်းပင်၊ ထိုနည်းတူ မည်သူမဆို လမ်းမှားခဲ့ပါမူ ထိုသူသည် မိမိ၏ နဖ်စ်အတွက် လမ်းမှားခဲ့သည်ပင်” (ကုရ်အာန် ၁၀း၁၀၈)

1 comment:

  1. စလာမ် လာလည်သွားပါတယ်း)

    http://1alif.blogspot.com/

    ReplyDelete