Thursday 23 August 2012
လက်ဗွေတို့က ပြသော သက်သေလက္ခဏာများ
လက်ဗွေတို့က ပြသော သက်သေလက္ခဏာများ
လူသားတို့သည် တစ်ဦးနှင့်တစ်ဦး လက်ဗွေများ မတူကြချေ။ ဤအချက်ကို ၁၈၈၄ ခုနှစ်တွင် အင်္ဂလန်၌ စတင်သိခဲ့ကြ၍ လက်မှတ်ထိုးရာတွင် လည်းကောင်း၊ အခြားကိစ္စများတွင် လည်းကောင်း စတင်အသုံးပြုခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) ကျော်ကမှ လူသားတို့ စတင်သိခဲ့ကြသော်လည်း ဖန်ဆင်းရှင် အလ္လာဟ်သည် လွန်ခဲ့သော နှစ်ပေါင်း (၁၄၀၀)ကျော်က ကုရ်အာန်တွင်း၌ သက်သေလက္ခဏာအဖြစ် ဖော်ပြထားရင်း ဖန်ဆင်းရှင် အလ္လာဟ်ရှိကြောင်း၊ လူသားတို့သည် သေပြီးနောက် အလ္လာဟ်ထံသို့သာ ပြန်ရမည် ဖြစ်ကြောင်း၊ ရှင်ပြန်ထကြရမည့်နေ့တွင် အစစ်ဆေးခံကြရမည် ဖြစ်ကြောင်း သတိပေးထားတော်မူလေသည်။
“ငါအရှင်မြတ်သည် ကိယာမသ် ရှင်ပြန်ထကြရမည့် နေ့တော်ကြီးကို သက်သေထူ ကျိန်ဆိုတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် (လူသား၏ မိမိအပြစ်အတွက် မိမိကိုယ်ကို) လွန်စွာ ပြစ်တင် ဆုံးမတတ်သော နဖ်စ်ဝိညာဉ် (နဖ်စ်လောင်ဝါမဟ်) ကိုလည်း သက်သေထူ ကျိန်ဆိုတော်မူ၏။ အလ္လာဟ်သည် (လူသားကို ပြန်လည်ရှင်ထစေ၍) ၄င်း၏ အရိုးများကို စုပေါင်းတော်မူနိုင်မည် မဟုတ်ဟု လူသားသည် ထင်လေသလော့” (ကုရ်အာန် ၇၅း၁၃)
“အဘယ့်ကြောင့် မဟုတ်ပါသနည်း၊ ငါအရှင်မြတ်သည် ထိုလူသား၏ လက်ထိပ်များ ကိုပင်လျှင် မူလအခြေအနေအတိုင်း ပင်လျှင်ပြန်၍ ပြုပြင် ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေရန် တတ်စွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ စင်စစ် လူသားသည် မိမိရှေ့ အနာဂတ်ကာလ၌ ဖြစ်အံ့သော ကိယာမသ် ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန် စွပ်စွဲ ငြင်းပယ်လို၏” (ကုရ်အာန် ၇၅း၎-၅)
အထက်ပါ အာယာသ် (၇၅း၎)တွင် (ဗနားနဟူ) လူသား၏ လက်ထိပ်ကလေးများကိုပင် မူလ အခြေအနေအတိုင်း ပြန်ဖန်ဆင်းမည် ဟူ၍ လက်ထိပ်ကလေးများ၏ ထူးခြားမှုကို အလ္လာဟ်က လူသားတို့အား အသိပေးထားခြင်း ဖြစ်သည်။ လူသားကို မြေမှတစ်ဆင့် သုက်နှင့်မမျိုးဥ၊ တွယ်ကပ်သောအရာ၊ ဝါးထားသောအသွင် အသားတုံး၊ အရိုးနှင့် ကြွက်သား စသည့် ထူးဆန်းသော အဆင့်ဆင့်တို့မှ ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်သည် လူသားသေပြီး မြေဖြစ်သည် ဖြစ်စေ၊ မည်သည့်နေရာကို ရောက်သည်ဖြစ်စေ ဒုတိယအကြိမ် ပြန်လည်ရှင်ပြန်ထစေတော်မူမည်သာ ဖြစ်သည်။ (ကုရ်အာန် ၂၃း၁၄)
လူသားနှင့် သောဝ်ဟီဒ်
လူသား၏ မွေးဖွားခြင်းကို ပြန်လည် ဆန်းစစ်လျှင် ကလလရေကြည်၏ အနည်းငယ်သော ပမာဏနှင့် မမျိုးဥတို့ ပေါင်းစပ်အောင်မြင်ခြင်းဖြင့် အံ့ဖွယ် မွေးဖွားခြင်း စတင်ခဲ့သည်။ ဆေးပညာအရ အလွန် ရှည်လျား ဆန်းကျယ်၍ အလွန် စနစ်ကျသော ဇာတ်လမ်း ဖြစ်သည်။ ကလလရေကြည်မှ သုက်ပိုးနှင့် မမျိုးဥ ပေါင်းစပ်အောင်မြင်ခြင်း၊ ထိုပေါင်းစပ်အောင်သည့် မေထုန် ဆဲလ်လေးသည် (သစ်စေ့ အပင်ပေါက်ရန် မြေတွင် စိုက်သလို) မိခင်၏ သားအိမ်တွင် စိုက်ခြင်း၊ သားအိမ်မှ အစာရေစာများ ရယူ၍ အဆင့်ဆင့် ကြီးထွား ဖွံ့ဖြိုးလာခြင်း စသည်တို့ ဖြစ်သည်။ သက်မဲ့ ထိုသန္ဓေသားလေးသည် မိမိကိုယ်ကိုမိမိ ဘာမျှ မသိဘဲ သတ်မှတ်ထားသော အချိန်ဇယားအရသာလျှင် ဖွံ့ဖြိုးပြည့်စုံကြီးထွားခဲ့ရသည်။ နောက်ဆုံးတွင် အသက်၊ စိတ်၊ ရူဟ်ဝိညာဉ်စွမ်းအင် စသည်တို့ကို လက္ခံနိုင်သော အဆင့်တွင် သက်မဲ့အရာလေးသည် ထူးဆန်းသော သက်ရှိအသွင် ပြောင်းခဲ့ပေတော့သည်။
စင်စစ် ထိုသက်မဲ့ သန္ဓေသားလေးသည် ပြင်ပသို့ ထွက်ချင်တိုင်း ထွက်၍မရ၊ သို့သော် သတ်မှတ်ချိန်ရောက်၍ ရုပ်နှင့် အသက်တွဲ၍ ထွက်လာပြန်သောအခါ ရုပ်ခန္ဓာအစိတ်အပိုင်း အားလုံးတို့သည် မည်သည့်စက်မျှ မယှဉ်နိုင်သည့် ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။ မိခင်၏ နို့ရည်သည်လည်း ရင်သွေးမွေးပြီးမှသာ မိခင်၏ သားမြတ်မှ ထွက်လေသည်။ ရင်သွေး၏ နှုတ်ခမ်းနုနုလေးများနှင့် နေတော် ဖြစ်သည်။ နူးညံ့သော ရင်သွေးငယ်ကို နာကျင်စေမှုမရှိ အားလုံး ဆန်းကျယ်စွာ စနစ်တကျ ရှိနေ၏။
လူသား၏ ရုပ်ခန္ဓာသည် အသက်မရှိက မြေသာ ဖြစ်၏။ အလ္လာဟ်ထံတော်မှ ရူဟ်ဝိညာဉ်စွမ်းအင် ရပြီးနောက် စွမ်းအင် ပေါင်းများစွာတို့ဖြင့် ပြည့်နေသော ရုပ်ခန္ဓာသက်ရှိ ဖြစ်လာသည်။ ကျန်ဖန်ဆင်းခံတို့ထက် သာလွန်သော စွမ်းရည်များဖြင့် ကျန်သက်ရှိသက်မဲ့တို့ကု စိုးမိုးသူ ဖြစ်လာသည်။ အသက်နှင့် ဝိညာဉ်ကို လူသားကိုယ်တိုင်လည်း တိကျစွာမသိ၊ မည်သည့် ဆေးသိပ္ပံ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် သချာင်္တို့ကမျှလည်း တိကျစွာ ရှင်းမပြနိုင်၊ စင်စစ် အလွန်အံ့ဖွယ် ဆန်းကြယ်သော လူသား ဖြစ်ပေါ်လာမှု၏ နောက်ကွယ်တွင် တစ်ပါးတည်းသော ဖန်ဆင်းရှင် အလ္လာဟ်၏ မဟာကရုဏာတော် စီမံကိန်းနှင့် ရည်ရွယ်ချက်၊ အလ္လာဟ်၏ လက်ရာတော် သက်သေလက္ခဏာများကို တွေ့နိုင်ပေသည် တကား။
“မုဧကန် ငါအရှင်မြတ်သည် လူသားကို မြေ၏ အဆီအနှစ်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ငါအရှုမြတ်သည် ၄င်းအား ကလလရေကြည်၏ အနည်းငယ်သော ပမာဏအဖြစ် လုံခြုံသော နေရာတစ်ခု (သားအိမ်)၌ ထားတော်မူခဲ့၏” (ကုရ်အာန် ၂၃း၁၂-၁၃)
“သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် (ထိုလုံခြုံသောနေရာ၌ ထားတော်မူခဲ့သည်) ဤသို့ (လူသားကို ဖန်ဆင်းမှု သဘာဝကို) ငါအရှင်မြတ် စနစ်တကျ စီမံပြဋ္ဌာန်း သတ်မှတ်တော်မူခဲ့ပေရာ အဘယ်မျှကောင်းမြတ်သော စီမံပြဋ္ဌာန်းသတ်မှတ်တော်မူသော အရှင်ဖြစ်တော်မူပါသနည်း” (ကုရ်အာန် ၇၇း၂၃-၂၄)
“ထို့နောက် ငါအရှင်မြတ်သည် ယင်း ကလလရေကြည်၏ အနည်းငယ်သော ပမာဏမှ တွယ်ကပ်နေသော အရာအဖြစ်ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းတွယ်ကပ်နေသော အရာကို သွားဖြင့်ဝါးထားသော သဏ္ဍာန် အသားတုံးအဖြစ် ဖန်ဆင်းပြုလုပ်တော်မူခဲ့သည်။ တစ်ဖန် ယင်း ဝါးထားသော သဏ္ဍာန် အသားတုံးမှ အရိုးများအဖြစ် ဖန်ဆင်းပြုလုပ်တော်မူခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာဆင်မြန်းပေးတော်မူခဲ့သည်၊ ထို့နောက် ငါအရှင်မြတ်သည် ယင်းကို အခြားဖန်ဆင်းခံ အရာတစ်ခုအသွင် ဖြစ်ပေါ်လာစေတော်မူခဲ့၏” (ကုရ်အာန် ၂၃း၁၄)
“ထို့နောက် ငါအရှင်မြတ်သည် ၄င်းအား ဖန်ဆင်းခံရသည့် သဘာဝနှင့် လျော်ညီအောင် နေထားကျစွာ ပြုလုပ်တော်မူ၍ ၄င်း၏ (ရုပ်ခန္ဓာအတွင်း)၌ မိမိထံတော်မှ ‘ရူဟ်’ကို မှုတ်သွင်းတော်မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့၊ ကြားခြင်း၊ မြင်ခြင်းနှင့် စိတ်နှလုံးများ (စိတ်နှင့်ခံစားမှုများ)ကို ပြုလုပ်တော်မူခဲ့သည်……” (ကုရ်အာန် ၃၂း၉)
“ထိုမှတစ်ပါး နဖ်စ်ကို လည်းကောင်း၊ ထိုနဖ်စ်ကို (ဖန်ဆင်းခံရသည့် သဘာဝနှင့် လျော်ညီစွာ) စုံလင်အောင် ပြုလုပ်တော်မူသော (အလ္လာဟ်) အရှင်မြတ်ကို သက်သေထူတော်မူ၏။ တစ်ဖန် အရှင်မြတ်သည် နဖ်စ်ဝိညာဉ်၏ စိတ်တွင်းဝယ် ထိုနဖ်စ်၏ ပြစ်မှု၏ အသိနှင့် ကောင်းမှု၏ အသိ (ဆင်ခြင်တုံတရား)ကို ထည့်သွင်း ပေးသနားတော်မူခဲ့သည်” (ကုရ်အာန် ၉၁း၇-၈)
“အသင်တို့သည် သက်မဲ့များသာ ဖြစ်ခဲ့ကြရာ ထိုအရှင်မြတ်သည် အသင်တို့အား သက်ရှိဘဝသို့ ပို့ဆောင်တော်မူ၏” (ကုရ်အာန်၂း၂၈)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment