Thursday 23 August 2012

လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ် လုပ်ပိုင်ခွင့်

လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ် လုပ်ပိုင်ခွင့် အလ္လာဟ်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်ပါလျက် အဘယ်ကြောင့် လူသားအားလုံးကို မုစ်လင်မ်များအဖြစ် မပြုလုပ်သနည်း….? အလ္လာဟ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ တတ်စွမ်းနိုင်တော်မူ၏။ သို့သော် ဖန်ဆင်းခံလူသားကို ကမ္ဘာမြေပေါ်ဝယ် ခလီဖဟ် ကိုယ်စားလှယ်အဖြစ် ချီမြှင့်၍ ဝဟီလမ်းညွှန်အမိန့်များ? ဆင်ခြင်တုံ့တရားနှင့် လွတ်လပ်စွာ ရွေးချယ်ပြုနိုင်ခွင့်ပေးထားပြီးနောက် မလိုအပ်ဘဲ ဝင်မစွက်တော့ချေ။ အလ္လာဟ်၏ စီမံကိန်းတွင် လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့်ပေးပြီးနောက် အဓမ္မစနစ် မရှိချေ။
“စင်စစ်အကယ်၍သာ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အလိုရှိတော်မူခဲ့ပါလျင် ကမ္ဘာမြေဝယ် ရှိရှိသမျှသော လူခပ်သိမ်းတို့သည် အီမာန်သက်ဝင်ယုံကြည်ကြမည်သာ ဖြစ်သည်။ သို့ဖြစ်ပေရာ အသင်တို့အား (၄င်းတို့၏ဆန္ဒကို ဆန့်ကျင်၍) သက်ဝင်ယုံကြည်သူများ ဖြစ်အောင် ပြုနိုင်ပါသလော၊ စင်စစ် အလ္လာဟ်၏ အလိုတော်မရှိက မည်သူတစ်ဦး တစ်ယောက်မျှပင် အီမာန် သက်ဝင်ယုံကြည်နိုင်သည်မရှိ။ စင်စစ် ထိုအရှင်မြတ်သည် အသိဉာဏ်ကိုအလျင်း အသုံးမပြုသော သူတို့အပေါ်၌သာလျှင် မစင်ကြယ်မှုကို သက်ရောက်စေတော်မူ၏” (ကုရ်အာန် ၁၀း၉၉-၁၀၀)
“ထို့နောက် ထိုအရှင်မြတ်သည် ၄င်းအား ဖန်ဆင်းခံရသည့် သဘာဝနှင့် အညီ ဖြစ်စေရန် နေထားကျစွာပြုလုပ်တော်မူ၍ (၄င်း၏ ရုပ်ခန္ဓာအတွင်း၌) မိမိအထံတော်မှ ‘ရူဟ်ဝိညာဉ်’ကို မှုတ်သွင်းတော်မူခဲ့သည်။ ထို့ပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ကြားခြင်း၊ မြင်ခြင်းနှင့် စိတ်နှလုံးများကို ပြုလုပ်ပေးသနားတော်မူခဲ့၏။” (ကုရ်အာန် ၃၂း၉)။
“စင်စစ် အသင်တို့ထံ အသင်တို့၏ အရှင်မြတ်ထံတော်မှ သက်သေခံများ ရောက်ရှိလာခဲ့ချေပြီ၊ သို့ဖြစ်ပေရာ မည်သူမဆို (ထိုသက်သေခံများကို) မြင်ပါလျင် ထိုသူ၏အဖို့သာ အကျိုးရှိအံ့၊ ထိုနည်းတူ မည်သူမဆို ကန်းလျက် နေပါလျင် ထိုသူ၏အပေါ်၌သာ နစ်နာမှုရှိအံ့” (ကုရ်အာန် ၆း၁၀၄)
“ထို့ပြင် ပြောလော့၊ အမှန်တရား (ကုရ်အာန်ကျမ်းမြတ်)သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို ယုံကြည်လိုလျင် ယုံကြည်နိုင်၏။ ထိုနည်းတူ မည်သူမဆို ငြင်းပယ်လိုလျင် ငြင်းပယ်နိုင်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည် အမှန်တရားကို ငြင်းပယ်ခြင်းဖြင့် (မိမိတို့ကိုယ်ကို မိမိတို့) မတရားပြုသူများအဖို့ မီးကို အဆင့်သင့် ပြုလုပ်ထားတော်မူ၏” (ကုရ်အာန်၁၈း၂၉)
“ထိုမှတစ်ပါး နဖ်စ်ဝိညာဉ်ကိုလည်းကောင်း၊ ထိုနဖ်စ်ကို (ဖန်ဆင်းခံရသည့် သဘာဝနှင့် အညီဖြစ်စေရန်) စုံလင်အောင် ပြုလုပ်တော်မူသော (အလ္လာဟ်) အရှင်မြတ်ကိုလည်းကောင်း သက်သေထူတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည် နဖ်စ်၏ စိတ်တွင်းဝယ် ထိုနဖ်စ်၏ မကောင်းမှု၏ အသိစိတ်နှင့် ကောင်းမှု၏ အသိစိတ်တို့ကို ထည့်သွင်းပေးသနားတော်မူခဲ့၏” (ကုရ်အာန် ၉၁း၇-၈)
“စင်စစ် ထိုနဖ်စ်ဝိညာဉ်ကို စင်ကြယ်သန့်ရှင်းစေခဲ့သောသူသည် အောင်မြင်ခဲ့လေပြီ၊ သို့ရာတွင် ထိုနဖ်စ်ကို (မကောင်းမှုများတွင်) နစ်မြုပ်စေခဲ့သောသူသည် ပျက်စီးဆုံးရှုံးခဲ့ချေပြီတကား” (ကုရ်အာန် ၉၁း၉-၁၀)
သက္ကဒီရ် သတ်မှတ်ချက်ဟူသည်
သက္ကဒီရ် ဟူသည် အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းခံလောက အပေါင်းရှိ စကြဝဠာခပ်သိမ်းနှင့် သက်ရှိသက်မဲ့ ခပ်သိမ်းတို့ကို မျိုးနွယ်များ အမျိုးအစားများ ခွဲခြားကာ သဘာဝများ သတ်မှတ်ပေး၍ ယင်း သဘာဝများနှင့် အညီ ကျင့်ကြံ နေထိုင်နိုင်ရန် စွမ်းရည်များ၊ အရည်အချင်းများ ထည့်သွင်းပေးခြင်းပင် ဖြစ်သည်။ ထိုမျိုးနွယ်များ အမျိုးအစား အသီးသီးတို့ကို အုပ်စုအသီးသီး ခွဲခြားကာ စွမ်းရည်နှင့် အရည်အချင်းတို့ ထပ်ဆင့်ခွဲခြားပေး၏။ ထို့နောက် ထိုအုပ်စု အသီးသီးတွင် ပါဝင်သော သက်ရှိတစ်ဦးချင်း၊ သက်မဲ့တစ်ခုချင်းကို စွမ်းရည်နှင့် အရည်အချင်း ထပ်ဆင့်ခွဲခြား သတ်မှတ်ပေးပြန်သည်။
ထိုကဲ့သို့ သဘာဝစွမ်းရည် အရည်အချင်းအသီးသီးကို သတ်မှတ်ပေးပြီးနောက် ယင်းအသီးသီးတို့ ဖြစ်ပေါ်ရမည့်အချိန်၊ ဖြစ်ပေါ်ရမည့် ပတ်ဝန်းကျင်နှင့် နေရာတို့ကို သတ်မှတ်ပေးပြန်သည်။ ထိုသို့ ဖြစ်ပေါ်ပြီးနောက် ယင်း အသီးသီးတို့၏ ဖြစ်ပေါ်တည်ရှိနေရေးအတွက် လိုအပ်သောရိက္ခာကို ပြုလုပ်ပေးပြန်သည်၊
ထို့နောက် ယင်းအသီးသီးတို့၏ ပျက်သုဉ်းခြင်း သေဆုံးခြင်းတို့အတွက် အချိန်နှင့် နေရာကို အလ္လာဟ်က သတ်မှတ်ပေးပြန်သည်။ လူသားအတွက် သက္ကဒီရ် သတ်မှတ်ချက်မှာ လူသည် သဘာဝအရ ကမ္ဘာမြေပေါ်ဝယ် ခလီဖဟ် ကိုယ်စားလှယ်ဖြစ်ခြင်း၊ ကျန် ဖန်ဆင်းခံ လောကအားလုံးထက် သာလွန်သော အရည်အချင်းများ ရထားခြင်း၊ ကျန် ဖန်ဆင်းခံအားလုံးသည် လူသား၏ လက်အောက်ခံဖြစ်ခြင်း၊ အလ္လာဟ်ထံမှ အမာနသ်လွှဲအပ်မှုခံထားရခြင်း၊ အလ္လာဟ်တစ်ပါးတည်းကိုသာ အိဘာဒတ် ပြုရန် ဖန်ဆင်းထားခြင်း၊ ဆင်ခြင်တုံတရားနှင့် လွတ်လပ်စွာ ရွေးချယ်ပြုလုပ်ပိုင်ခွင့် ရထားခြင်း စသည်တို့ဖြစ်သည်။
လူသားကို ထိုသဘာဝတို့ဖြင့် သတ်မှတ်ချက်ပေးပြီးနောက် မျိုးနွယ်အုပ်စုများ၊ အသားအရောင်၊ ဘာသာစကားအသီးသီး စသည်ဖြင့် ထပ်မံ ခွဲခြားပြန်သည်။ ကျား/မ လိင် အားဖြင့် ထပ်မံခွဲခြားပြန်သည်။ ပြီးနောက် တစ်ဦးချင်းလိုက်ဖြစ်စေ၊ မျိုးနွယ်အလိုက်ဖြစ်စေ ရိက္ခာနှင့် သေဆုံးချိန်တို့ကို သတ်မှတ်တော်မူ၏။
လူသားတစ်ဦးချင်းအတွက် လောကီဆိုင်ရာသက္ကဒီရ် (ကံ)
“ထိုအရှင်မြတ်သည် အသင့်အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် အသင့်ကို ဖန်ဆင်းရသည့် သဘာဝနှင့်အညီ ဖြစ်စေရန် နေသားတကျ ဖြစ်အောင်လည်း ပြုပြင်တော်မူခဲ့သည်။ တစ်ဖန် အသင့်အား အချိုးအစား ကျအောင်လည်း စီမံတော်မူခဲ့၏။ (အလ္လာဟ်သည်) မိမိအလိုရှိတော်မူသော ပုံသဏ္ဍာန်ဤ အသင့်အား စီစဉ်ပြုလုပ် ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၈၂း၇-၈)
အထက်ပါ အာယာသ်တော်များအရ အလ္လာဟ်သည် လူသားတစ်ဦးချင်းကို ၄င်းတွေ့ကြုံရမည့်ဘဝနှင့် ပတ်ဝန်းကျင်သဘာဝတို့နှင့် အညီကျင့်ကြံနေနိုင်ရန် စွမ်းအင်နှင့် အရည်အချင်းတို့ကို ထည့်သွင်းပေးလေသည်။ အချိုးအစားကျအောင် ပြုလုပ်သည်ဟုဆိုရာတွင် ၄င်း လူသား၏ ရုပ်ပိုင်းဆိုင်ရာနှင့် ရူဟ်ဝိညာဉ်ပိုင်းဆိုင်ရာ လိုအပ်ချက်တို့ကို လိုက်လျောညီထွေနေစေရန် ပြုလုပ်ခြင်းပင် ဖြစ်သည်။
“ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ကမ္ဘာဂြိုဟ်၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များအဖြစ် ချီးမြှင့်တော်မူခဲ့လေသည်။ ထို့ပြင် ထိုအရှင်မြတ်သည်ပင် အသင်တို့အား မိမိချီးမြှင့်ထားတော်မူသော ကျေးဇူးတော်များနှင့် စပ်လျဉ်း၍ စမ်းသပ်တော်မူခြင်းငှာ အသင်တို့အနက် အချို့ကို အချို့ထက် အဆင့်အတန်းအားဖြင့် မြင့်စေတော်မူခဲ့၏” (ကုရ်အာန် ၆း၁၆၅)
အစ္စလာမ်သာသနာတွင် အတိတ်ဘဝနှင့် သံသရာလည်ခြင်းဟူသည် မရှိပေ။ ထို့ကြောင့် အတိတ်ဘဝ၏ ပါရမီနှင့် ဝဋ်ကြွေးဟူသည်လည်း မရှိချေ။ လူသားများအတွင်း အချို့သူများသည် အချို့သူများထက် ဉာဏ်၊ ပညာ၊ ရုပ်ရည်၊ စည်းစိမ်၊ အာဏာစသည်ဖြင့် အရည်အချင်းသာကြရခြင်းမှာ အလ္လာဟ်၏ စီမံမှုသာ ဖြစ်သည်။ ဤတိုတောင်းလှသော လောကီဘဝတွင် ခလီဖဟ်ကိုယ်စားလှယ်များအဖြစ် အလ္လာဟ်၏ တာဝန်ထမ်းဆောင်စဉ် ယာယီသတ်မှတ်ပေးထားသောအဆင့်အတန်းသာ ဖြစ်ပေသည်။ အာဏာ၊ စည်းစိမ်၊ ပညာပို၍ ရှိသူများသည် ရှိသည့်အလျောက် နည်းပါးသူ မရှိသူများထက် ပို၍တာဝန်ကြီး၏။ အလ္လာဟ်ထံတွင် ပို၍ အစစ်အဆေးခံရမည် လူသားတိုင်း မိမိရထားသော တာဝန်နှင့် အဆင့်အတန်းကို မည်သို့ဆောင်ရွက်သည်ကို စမ်းသပ်ခြင်းခံရမည်သာ ဖြစ်သည်။

No comments:

Post a Comment