Saturday 15 September 2012

သေခြင်းတရား၏ အရသာ

သေခြင်းတရား၏ အရသာ
“နဖ်စ် ဝိညာဉ်တိုင်းသည် သေခြင်းတရား၏ အရသာကို မြည်းစမ်းကြည့်ကြရလတ္တံ့။ ထို့နောက် အသင်တို့သည် ငါအရှင်မြတ်ထံတော်သို့ပင် ပြန်လည် ပို့ဆောင်ခြင်းကို ခံကြရပေမည်” (ကုရ်အာန် ၂၉း၅၇)
“ထို့ပြင် အကယ်၍သာ အသင် မြင်ခဲ့ရပါလျင် (ထိုအဖြစ်ကို မုချ တွေ့ရပေမည်)အလ္လာဟ်၏ မလာအိကဟ် ကောင်းကင်တမန်တို့က ကာဖရ် အလ္လာဟ်ကို မယုံကြည် ငြင်းပယ်သူတို့၏ အသက်ကို (၄င်းတို့သေချိန်၌) နုတ်ယူသောအခါ ၄င်းတို့၏ မျက်နှာများကိုလည်းကောင်း၊ ၄င်းတို့၏ ကျောက်ကုန်းများကို လည်းကောင်း ရိုက်နှက်ကြ၍ အသင်တို့သည် မီး၏ ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန် ဟု ပြောဆိုကြပေမည်” (ကုရ်အာန် ၈း၅၀)
“……အကယ်၍သာ အသင် မြင်ခဲ့ရပါလျင် (ထိုအဖြစ်ကို မုချ တွေ့ပေမည်) ထိုအခါဝယ် မတော်မတရား ပြုသူတို့သည် သေခြင်းတရား၏ ပြင်းထန်မှု ဒုက္ခတို့၌ ကျရောက်လျက် ရှိကြကုန်အံ့။ ၄င်းပြင် မလာအိကဟ် ကောင်းကင် တမန်များသည် မိမိတို့ လက်များကို ဆန့်တန်းလျက် အသင်တို့သည် မိမိတို့၏ နဖ်စ်ဝိညာဉ်များကို ထုတ်ကြလေကုန်၊ ယနေ့တွင်မူကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မမှန်ကန်သော စကားကိုကြံဖန် လီဆယ်၍ ပြောဆိုသည့်အတွက်ကြောင့် လည်းကောင်း၊ ထိုအရှင်မြတ်၏ သက်သေ လက္ခဏာတော်များကို မထီမဲ့မြင် ပြုကြသည့် အတွက်ကြောင့်လည်းကောင်း၊ ယုတ်ညံ့ သိမ်ဖျင်းစေသော ပြစ်ဒဏ်ကို ခံစားကြရလတ္တံ့ ဟု ပြောဆိုကြပေမည်” (ကုရ်အာန် ၆း၉၃)
“….နဖ်စ် ဝိညာဉ်သည် (သေမည့်သူ၏) လည်ချောင်းသို့ ရောက်သောအခါ ထိုဝေဒနာရှင်၏ အနီးရှိသူတို့က (၄င်းကိုကယ်ရန်) မန်းမှုတ်မည့်သူ ရှိပါသလော ဟု ဟစ်အော် မေးမြန်းကြပေမည်။ စင်စစ် ဤအချိန်သည်ကား (လောကီဘဝမှ)စွန့်ခွာ ရမည့်အချိန်ဖြစ်သည် ဟု ထို(သေမည့်)သူ ယုံကြည်လျက် ရှိပေမည်။ ထို့ပြင် ဒုက္ခသည် ဒုက္ခပေါ်၌ ထပ်ဆင့်၍ သွားပေမည်။ ထိုနေ့တွင် အသင့်အား ဖန်ဆင်းမွေမြူတော်မူသော အရှင်မြတ်ထံတော်သို့ပင် ပြန်သွားရပေမည်။ (ကုရ်အာန် ၇၅း၂၆-၃၀) မုစ်လင်မ်အဖြစ်သေလော့
“ဧကန်မုချ အကြင်သူတို့သည် အမှန်တရားကို သွေဖည်ငြင်းပယ်ကြ၍ သွေဖည်ငြင်းပယ်သူ ကာဖရ်များ အဖြစ်နှင့်ပင် သေဆုံးကြ၏။ ထိုသို့သော သူတို့အနက် တစ်ဦးတစ်ယောက်သည် (အပြစ်မှ ချမ်းသာခွင့် ရရန်) ကမ္ဘာမြေနှင့် အပြည့် ရွှေကိုလျော်ကြေး ပေးသော်လည်း (အလ္လာဟ်သည်) အလျင်းသဘောတူ လက္ခံတော်မူမည် မဟုတ်ပေ။ (စင်စစ်)ယင်း သူတို့ အဖို့ အလွန်ပြင်းပြနာကျင်စေသော ပြစ်ဒဏ်သာရှိ၏။ ထို့ပြင် ယင်းသူတို့အဖို့ ကူညီမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေ။ (ကုရ်အာန် ၃း၉၁)
“နဖ်စ် ဝိညာဉ်တိုင်းသည် သေခြင်းတရား၏ အရသာကိုမြည်းစမ်းရလတ္တံ့။ အသင်တို့သည် ကိယာမသ် ရှင်ပြန်ထရမည့်နေ့၌သာလျင် မိမိတို့၏ (ကောင်းမှုနှင့် ပြစ်မှုများ၏) အကျိုးများကို အပြည့်အစုံပေးအပ်ခြင်း ခံရမည်။ သို့ဖြစ်ပေရာ အကြင်သူသည် ဂျဟန္နာမ်မီးမှ ဖယ်ရှားခြင်းခံရ၍ ဂျန္နသ်နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုအခြေအနေသို့ ဝင်ရောက်စေခြင်းကို ခံရအံ့၊ သို့ဖြစ်လျင် ထိုသူသည်သာလျင် စင်စစ်ဧကန် အောင်မြင်သူ ဖြစ်ပေမည်။ (အမှန်သော်ကား တမလွန်သည်သာ ထာဝရပြီး ပြည့်စုံသော (ငြိမ်းချမ်းမှုဖြစ်၍) ဤလောကီဘဝသည်ကား ထင်ရောင်ထင်မှား ဖြစ်စေသော ပစ္စည်းမျှသာဖြစ်သည်။ (ကုရ်အာန် ၃း၁၈၅)
“ပြောလော့…..ငါ၏ ဆွလာသ်တည်ဆောက်မှု၊ ငါ၏ စွန့်လွှတ်မှု၊ ငါ၏ အသက်ရှင်ခြင်းနှင့် ငါ၏ အသက်သေခြင်းတို့သည် လောကခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာတည်း” (ကုရ်အာန် ၆း၁၆၂)
လူတိုင်းကို သေခြင်းတံခါးဆီသို့ အချိန်က တွန်းပို့နေသည်။ ဖန်ဆင်းရှင်အလ္လာဟ်ကိုတွေ့ရန် အဆင်သင့်ဖြစ်ကြပြီလော။ ကျွန်ုပ်တို့၏ ရှင်ခြင်းသည် အလ္လာဟ်အတွက် ဖြစ်ပြီလော။ ကျွန်ုပ်တို့သည် အလ္လာဟ်ကို ဆန့်ကျင်သူများ ဖြစ်နေသလော။ အသက်ရှင်နေသေးရွေ့ ပြုပြင်ရန် နောက်မကျသေးပါ။ သို့သော် နက်ဖြန်သည် ကျွန်ုပ်တို့အတွက် ဟုတ်မဟုတ် မည်သူမျှ မသိချေတကား။
လူသားသည် ဘာသာစကား၊ စာပေတို့ဖြင့် ဖော်ပြနိုင်စွမ်းရှိခြင်း
လူသားသည် ပထဝီမြေပေါ်ဝယ် ခလီဖာဟ် ကိုယ်စားလှယ်ဖြစ်ခြင်း၊ စကြဝဠာ လောကခပ်သိမ်းတွင် အကောင်းဆုံးသော သဘာဝ စွမ်းရည်ပိုင်ဆိုင်သော ဖန်ဆင်းခံဖြစ်ခြင်း၊ အလ္လာဟ်ထံတော်မှ ရူဟ်စွမ်းအင်ထူးရထားခြင်း၊ စကြဝဠာလောကခပ်သိမ်းနှင့် သက်ရှိသက်မဲ့ ခပ်သိမ်းသည် လူသား၏ လက်အောက်ခံဖြစ်ခြင်း၊ ထိုအရာတို့ကို စနစ်တကျသုံးစွဲရန် အမာနသ် အပ်နှံထားခြင်း၊ လူ့သဘာဝမှာ မြေမှစတင်ခဲ့သော်လည်း ရုပ်လောက၌ အမြင့်ဆုံးအဆင့်သို့ရောက်နိုင်သလို သေခြင်းတရားကိုတွေ့ကြုံပြီး တမလွန်၌ ပို၍မြင့်သော နိစ္စထာဝရပြီးပြည့်စုံသည့် ပန်းတိုင်သို့ ရောက်နိုင်ခြင်း စသည်တို့အပြင် တိရစ္ဆာန်များထက် သာလွန်သော အခြားအရည်အချင်းများမှာ မိမိ၏ဆန္ဒခံစားမှုကို သင်ကြားရခြင်းမရှိဘဲ ဘာသာစကားဖြင့် ပြောဆိုနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။ ထို့ပြင် စာပေဖြင့် ရေးသားနိုင်စွမ်းလည်း ရှိ၏။
“ထို (အလ္လာဟ်) အရှင်မြတ်သည်ပင် လူသားကို ထင်ရှားဖြစ်ပေါ်စေတော်မူခဲ့၏။ ထိုအရှင်မြတ်သည်ပင် လူသားအား စကားပြောဆိုမှုကို သင်ပေးတော်မူခဲ့သည်” (ကုရ်အာန် ၅၅း၃-၄)
“နူန်….(ငါအရှင်မြတ်သည်) ကလောင်ကို လည်းကောင်း၊ ရေးမှတ်ကြသည်တို့ကို လည်းကောင်း သက်သေထူတော်မူ၏” (ကုရ်အာန် ၆၈း၁)
“အသင်သည် မိမိအား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ နာမံတော်ဖြင့် (အစပြု၍) ဖတ်ရွတ်ကြွေးကြော်ပါလေ” (ကုရ်အာန် ၉၆း၁)
“ထိုအရှင်မြတ်သည် လူသားအား ထိုလူသား မသိခဲ့သော အရာများကို သင်ကြားပေးတော်မူခဲ့ပေသတည်း” (ကုရ်အာန် ၉၆း၅)
ထို့ကြောင့် စကြဝဠာ၊ ကမ္ဘာမြေနှင့် သက်မဲ့ အရာခပ်သိမ်း၊ ရုပ်နှင့်စွမ်းအင်တို့သည် မိမိတို့ နာခံဆောင်ရွက်ရမည့် သဘာဝကျင့်စဉ်ဖြစ်သော အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို ရုပ်ဥပဒေသများအဖြစ် ရကြသည်။
ကမ္ဘာဂြိုဟ်တွင် တိရစ္ဆာန်တို့သည် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို ရုပ်ဥပဒေများနှင့် အသိစိတ်တို့မှတစ်ဆင့် လက္ခံကြသည်။ လူသားသည်လည်း မိမိအား ဖန်ဆင်းခံထားရသည့် သဘာဝနှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရန် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို ရုပ်ခန္ဓာကိုယ်ကြီးသည် ရုပ်ပိုင်းဆိုင်ရာ ဥပဒေသများမှတစ်ဆင့် လက္ခံရရှိကြ၍ လူသား၏ နဖ်စ်ဝိညာဉ်အတွက် ဝဟီလမ်းညွှန်သည် လူသား တမန်တော်မှ တစ်ဆင့်ရကြ၏။ အလ္လာဟ်က ရွေးချယ်ပေးသူမှသာ ရကြလေသည်။ (ကုရ်အာန် ၄၂း၅၁)

No comments:

Post a Comment