Tuesday 7 August 2012
အစားပေးမည့် နေ့တော်ကြီး
အစားပေးမည့် နေ့တော်ကြီး
အလ္လာဟ်သည် ခေတ်အဆက်ဆက် ကမ္ဘာ့ဒေသအသီးသီး၊ လူသားမျိုးနွယ်အသီးသီးတွင် လူသားနဗီတမန်တော်များ ပွင့်ပေါ်စေ၍ လူသားတို့အား ဖန်ဆင်းရှင် အလ္လာဟ်တစ်ပါးတည်းကိုသာ နာခံကိုးကွယ်ရန်၊ အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း ဘဝတည်ဆောက်ရန်နှင့် ကိယာမသ် ရှင်ပြန်ထကြရမည့်နေ့တွင် အစားပေးခြင်း ခံရမည် ဖြစ်ကြောင်း ကြိုတင် အသိပေးခဲ့ပြီး ဖြစ်ပေသည်။ (ကုရ်အာန် ၁၆း၃၆။ ၄း၁၆၄)
သို့သော် လူသားတိုင်းသည် အလ္လာဟ်၏ တမန်တော်များကို မဟုတ်မမှန်ဟု သွေဖည် ငြင်းပယ်ခဲ့ကြသည်။ အချို့မှာ လက္ခံသော်လည်း နဗီတမန်တော်များ မရှိသည့်နောက်တွင် အလ္လာဟ်ကိုစွန့်၍ အလ္လာဟ့် တမန်တော်များကို အလ္လာဟ်နှင့် တန်းတူ ယှဉ်တွဲ ကိုးကွယ်ခြင်း စသည့် ပြစ်မှုတို့ကို ကျူးလွန်ကြလေသည်။
သို့သော် ကိယာမသ်နေ့တွင် သာသနာဝင် အုပ်စုတိုင်း အတွက် သက်ဆိုင်ရာ နဗီ တမန်တော်တို့သည် ၄င်းတို့ကို ကိုးကွယ်မှုနှင့် စပ်လျဉ်း၍ မိမိတို့၏ သင်ကြားချက် မဟုတ်ဘဲ လူတို့၏ ပြုလုပ်ချက်သာ ဖြစ်ကြောင်း သက်သေထွက်ဆိုကြပေမည်။ (ကုရ်အာန် ၁၆း၈၉။ ၃း၇၉-၈၁။ ၃၉း၆၉) မရ်ယမ်သခင်မနှင့် သူမ၏ သားတော် တမန်တော် အီစာကို လူသားတို့က အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်မှုအတွက် ကိယာမသ်နေ့တွင် အလ္လာဟ်ထံ၌ ၄င်းတို့၏ သင်ကြားချက် မဟုတ်ကြောင်း လူတို့၏ ပြုမူသော ပြစ်မူသော ပြစ်မှုသာဖြစ်ကြောင်း သက်သေထွက်ဆိုကြပေမည်။ (ကုရ်အာန်၅း၁၁၉)
“ထို့ပြင် အသင်တို့သည် (ကိယာမသ်နေ့တွင်) သာသနာဝင် အုပ်စုတိုင်းအား ဒူးထောက်လျက်ပင် ရှိကြသည်ကို တွေ့မြင်ရပေမည်။ သာသနာဝင် အုပ်စုတိုင်းမှာ ၄င်းတို့၏ မှတ်တမ်း (ရှိရာ)သို့ ဖိတ်ခေါ်ခြင်း ခံကြရပေမည်၊ ယနေ့သော်ကား အသင်တို့သည် မိမိတို့၏ ကျင့်မူချက်နှင့် စပ်လျဉ်း၍ အစားပေးခြင်း ခံကြရပေမည်။ ဤသည် ငါအရှင်မြတ်၏ မှတ်တမ်းပင် ၊ ယင်းမှတ်တမ်းစာအုပ်သည် အသင်တို့နှင့် ပတ်သက်၍ တိကျမှန်ကန်စွာ ပြောဆိုနေပေသည်။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူခဲ့ကြသည်တို့ကို ရေးမှတ်စေတော်မူခဲ့ပေသတည်း” (ကုရ်အာန် ၄၅း၂၈-၂၉)
သို့ဖြစ်ပေရာ (အလ္လာဟ်ကို) သက်ဝင်ယုံကြည်၍ (အလ္လာဟ်၏ ဝဟီလမ်းညွှန်နှင့်အညီ) ကောင်းမှုများကို ဆောက်တည်ကြသော သူတို့အား ၄င်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိ၏ ကရုဏာတော် အတွင်းသို့ ဝင်ရောက်စေတော်မူမည်။ ဤသည်ပင်လျင် ထင်ရှားလှစွာသော အောင်မြင်မှုပင် ဖြစ်ပေသည်။
“သို့ရာတွင် သွေဖည်ငြင်းပယ်သူတို့မှာကား (ဤသို့ပြောဆိုခြင်း ခံရပေမည်) ငါအရှင်မြတ်၏ အာယာသ်တော် သက်သေလက္ခဏာတော်များသည် အသင်တို့ရှေ့ဝယ် ဖတ်ကြားခြင်းခံခဲ့ရသည်မဟုတ်လော၊ သို့သော် အသင်တို့သည် မာနထောင်လွှားခဲ့ကြသည်။ ၄င်းပြင် အသင်တို့သည် ပြစ်မှု ကျူးလွန်သူများ ဖြစ်ခဲ့ကြကုန်၏” (ကုရ်အာန် ၄၅း၃၀-၃၁)
“ထို့ပြင် အသင်တို့၏ ခိုလှုံရာငှာနမှာ (ဂျဟန္နမ်) ငရဲမီးပင် ဖြစ်ပေသည်။ ထို့ပြင် အသင်တို့၌ ကူညီစောင့်မအံ့သော သူများဟူ၍လည်း မရှိတော့ပြီ၊ သို့ဖြစ်ရခြင်းမှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အာယာသ် သက်သေလက္ခဏာတော်များကို ပြက်ရယ် ပြောင်လှောင်ဖွယ်များ ပြုလုပ်ခဲ့ကြသောကြောင့် လည်းကောင်း၊ လောကီ ဘဝသည် အသင်တို့အား ဖြားယောင်းခဲ့သောကြောင့် လည်းကောင်း ဖြစ်ပေရာ ၄င်းတို့သည် ယင်းငရဲမီးမှ ထွက်စေခြင်းကိုလည်း ခံကြရမည် မဟုတ်ပေ” (ကုရ်အာန် ၄၅း၃၄-၃၅)
“မည်သည့်အခါမဆို အုပ်စုတစ်စုသည် ဂျဟန္နမ်ငရဲမီးသို့ ဝင်ရောက်လျှင် မိမိတို့နှင့် ဘာသာဝါဒတူ အုပ်စုအချင်းချင်းအား ကျိန်ဆဲကြလတ္တံ့၊ နောက်ဆုံးတွင် ထိုဂျဟန္နမ်ငရဲ၌ အုပ်စုအားလုံး စုမိကြသောအခါ ၄င်းတို့အနက်မှ နောင်လာနောက်သားများက မိမိတို့အနက်မှ ရှေးလူတို့နှင့် စပ်လျဉ်း၍
အို….ကျွန်တော်မျိုးတို့၏ အရှင်…ဤသူတို့ပင်လျှင် ကျွန်တော်မျိုးတို့အား လမ်းလွဲစေခဲ့ကြပါသဖြင့် အရှင်မြတ်သည် ၄င်းတို့အား ငရဲမီး၏ပြစ်ဒဏ်ကို ဆထက်ထမ်းပိုး တိုး၍ပေးတော်မူပါ…ဟု လျောက်ထားကြလတ္တံ့၊ ထိုအခါ (အလ္လာဟ်က) ဆထက်ထမ်းပိုး ပြစ်ဒဏ်သည် အသင်တို့ အသီးသီးတို့၌ ရှိ၏။ သို့ရာတွင် အသင်တို့ မသိကြချေ ဟု မိန့်ကြားဆိုအံ့။ ထို့ပြင် ၄င်းတို့၏ ရှေးလူများက ၄င်းတို့၏ နောင်လာနောက်သားများကို (ဤသို့) ဆိုအံ့၊ အသင်တို့၌ ငါတို့ထက် မည်သူမျှ သာပိုခြင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် (မဆင်ခြင်ဘဲ ငါတို့နောက် လိုက်ကြ၍) မိမိတို့ (ကိုယ်တိုင်) ဆည်းပူးခဲ့ကြသည့် (ပြစ်မှု) များကြောင့် ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန်။ ” (ကုရ်အာန် ၇း၃၈-၃၉)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment