Tuesday 7 August 2012

အလ္လာဟ်၏ လမ်းညွှန်နှင့် ဝေးကြသူများ (ရှိပါလျက်မသုံး၊ ပေးပါလျက်မယူ)

“ထိုသူတို့၌ စိတ်နှလုံးများကားရှိ၏ သို့သော် ယင်းစိတ်နှလုံးများဖြင့် ထိုသူတို့သည် စဉ်းစားဆင်ခြင် နားလည်ခြင်း မရှိကြချေ။ ထိုသူတို့၌ စက္ခုအာရုံများကား ရှိ၏ သို့သော် ထိုသူတို့သည် ယင်း စက္ခုအာရုံများဖြင့် မမြင်ကြချေ။ ထိုသူတို့၌ သောတအာရုံများကား ရှိ၏ ထိုသူတို့သည် ယင်းသောတ အာရုံများဖြင့် မကြားကြချေ။”
“……..စင်စစ် ထိုသူများသည် (မိမိတို့၏ တာဝန်ဝတ္တရားများကို) မေ့လျော့သူများသာ ဖြစ်ကြကုန်၏” (ကုရ်အာန် ၇း၁၇၉) အလ္လာဟ်သည် လူသားကို စကြဝဠာ လောကခပ်သိမ်းတွင် အမြင့်ဆုံးစွမ်းအင်များနှင့် ဆင်ခြင်တုံတရားကို ပေးထားပါလျက် အသုံးမချသူ လူသားသည် မည်မျှ မိုက်မဲသူဖြစ်ပါအံ့နည်း။ တိရစ္ဆာန်တို့ကို အလ္လာဟ်က ဆင်ခြင်တုံတရား ပေးမထား၍ အသုံးမချခြင်းသာ ဖြစ်သည်။ လူသား၌ရှိသော ဆင်ခြင်တုံတရားကိုကား လူသားကအသုံးချ၍ အမှန်တရားရှာဖွေရမည်သာ ဖြစ်သည်။ ထိုဆင်ခြင်တုံတရားဖြင့် မိမိကိုယ် မိမိ စတင် ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။ သို့သော် မိမိ၏ အလိုဆန္ဒကို ကိုးကွယ်မှု (ကုရ်အာန် ၂၈း၅၉)။ မိရိုးဖလာနှင့် ပတ်ဝန်းကျင်တို့ကို ဆန်းစစ် ဆင်ခြင်ခြင်းမရှိဘဲ လက္ခံမှု (ကုရ်အာန် ၄၃း၂၂။ ၆း၁၁၆) နှင့် ထင်မြင်ချက်တို့ကိုသာ အလွယ်တကူ လက္ခံသူတို့သည်လည်း ဆင်ခြင်တုံတရားကို အသုံးမချကြ၍ အလ္လာဟ်၏ လမ်းညွှန်မှ ဝေးကြရလေတော့သည်။ (ကုရ်အာန် ၁၀း၃၄)
ဇွာလီမ် ခေါ် မတော်မတရား ကျူးလွန်သူများ၊ တရားမမျှတသူများ၊ (ကုရ်အာန် ၂း၂၅၈)
ဖာဆိက် ခေါ် အလ္လာဟ်၏ အမိန့်တော်ကို မနာခံသော မသူတော်များ (ကုရ်အာန် ၂း၂၆)
မုနာဖိက် ခေါ် မုစ်လင်မ်အယောင်ဆောင် (မုသားသုံးသူ၊ မနာလိုသူများ) (ကုရ်အာန် ၂း၁၀)
လောကီရေး၌ ဖွဲ့နွဲ့မုသားသုံး၍ အကွယ်၌ ပျက်စီးရာ ကြံကြသူများ (ကုရ်အာန် ၂း၂၄၀)
အလ္လာဟ်နှင့်တမလွန်ကို မယုံဘဲ လူသားတို့ကို ပြစားရန် ကောင်းမှုပြုသူများ၊ အလ္လာဟ်ကို ကျေးဇူးကန်း သွေဖည်ငြင်းပယ်သူ ကာဖိရ်များ (ကုရ်အာန် ၂း၂၆၄)
စွမ်းဆောင်နိုင်ပါလျက် ရေသာခို အချောင်လိုက်သူများ (ကုရ်အာန် ၈း၅၃) စသူတို့သည် မိမိတို့ကို အလ္လာဟ်ပေးထားသော စွမ်းရည်တို့ကို အသုံးမချခြင်း၊ အလွဲသုံးစားပြုခြင်းတို့ကြောင့် အလ္လာဟ်၏ လမ်းညွှန်ရှိပါလျက်နှင့် မရနိုင်ကြချေ။
လက်မခံသူတို့၏ ဆင်ခြေနှင့် အလ္လာဟ်၏ သက်သေ
အလ္လာဟ်၏ လမ်းညွှန်ကို လက်မခံလိုသူများကမူ မိမိတို့လက်မခံမှုအတွက် အလ္လာဟ်သည် စွမ်းအားရှိပါလျှင် လူသားအားလုံးကို အဘယ့်ကြောင့် နာခံသူ မုစ်လင်မ်များ မလုပ်သနည်းဟု ဆိုကြ၏။ (ရှင်းခဲ့ပြီး ဖြစ်သည်) အလ္လာဟ်ကို လက္ခံသော်လည်း အလ္လာဟ်နှင့် အခြားအရာများကို တန်းတူထားကိုးကွယ်သူများကမူ အလ္လာဟ် အလိုတော် တူပါလျှင် ယင်းကာဖိရ်တို့ ကိုယ်တိုင်သော် လည်းကောင်း၊ ၄င်းတို့၏ ဘိုး၊ ဘေး၊ ဘီဘင်၊ မိဘတို့သည်လည်းကောင်း ယခုကဲ့သို့ ရှရိက် တန်းတူထား ကိုးကွယ်သည်ပြစ်မှု ကျူးလွန်မည် မဟုတ်။ အလ္လာဟ်ကြောင့်သာ ဖြစ်သည်ဟု ဆင်ခြေပေးကြသည်။ (ကုရ်အာန် ၆း၁၁၈) ဆင်ခြင်တုံတရားကို အသုံးမချဘဲ ထင်မြင်ချက်များဖြင့်သာ ဆိုနေကြသည်။ အဆန်းတကြယ်ကား မဟုတ်ချေ။
“ထို့ပြင် အလ္လာဟ်သည် အကြင်သူအား လမ်းမှန်သို့ ပို့ဆောင်တော်မူရန် အလိုတော်ရှိတော်မူပါလျင် ထိုအရှင်မြတ်သည် ၄င်း၏ရင် (စိတ်နှလုံး)ကို အစ္စလာမ် (ကိုယုံကြည် လက္ခံလာနိုင်ရန်) အလို့ငှာ ပွင့်လင်းကျယ်ဝန်းစေတော်မူအံ့။ သို့ရာတွင် ထိုအရှင်မြတ်သည် အကြင်သူအား လမ်းမှား၌ပင်ထားရှိရန် အလိုတော်ရှိတော်မူပါလျင် ထိုအရှင်မြတ်သည် ၄င်း၏ရင် (စိတ်နှလုံး)ကို ကျဉ်းကျပ်စေတော်မူအံ့။ ထိုသူသည် မိုးကောင်းကင်သို့ တက်ရဘိသကဲ့သို့ ဖြစ်နေအံ့။ ဤနည်းအတိုင်းပင် အလ္လာဟ်သည် အီမာန်သက်ဝင်ယုံကြည်ခြင်း ကင်းမဲ့သောသူတို့အပေါ် အညစ်အကြေးများကို ပြုလုပ်ထားတော်မူ၏” (ကုရ်အာန် ၆း၁၂၅)
အလ္လာဟ်၏ထံမှ ချီးမြှင့်ထားသော ဆင်ခြင်တုံတရားနှင့် လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်တို့ဖြင့် မိမိကိုယ်မိမိ စတင် မပြုပြင်သမျှ အလ္လာဟ်က လမ်းညွှန်ပေးနေသော်လည်း လမ်းညွှန်မရချေ။ ကိုယ်တိုင်က မပြောင်းလဲလိုသော လူသားကို အလ္လာဟ်သည်လည်း ဝင်မစွက်ချေ။ ထိုသူတို့ကမူ အလ္လာဟ်ဘာမျှ မတတ်စွမ်းနိုင်ဟု ထင်ပေမည်။ သို့သော် ‘ထိုသူတို့၏ နှလုံးသားမှာ မိုးကောင်ကင်သို့ တက်ရသကဲ့သို့ ကျဉ်းကျပ်ပေမည်။’ဟု လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကျော်က ကုရ်အာန်ကို ယနေ့ သိပ္ပံက ‘အမြင့်သို့တက်လေလေ လေဖိနှိပ်အား ကျလေလေ။ အသက်ရှု ကျပ်လေလေ’ ဖြစ်ကြောင်း တွေ့ရှိခြင်းဖြင့် အလ္လာဟ်ကို ထောက်ခံဦးချနေပေသည်။ လက်မခံလိုသူသည် မိမိ၏ ဆိုးကျိုးကိုသာ ရှာသူ ဖြစ်၏။

No comments:

Post a Comment