Tuesday 7 August 2012

မဟာကရုဏာတော်ရှင်၏ ဒုအာ လက်နက်ပေးထားမှု

မဟာကရုဏာတော်ရှင်၏ ဒုအာ လက်နက်ပေးထားမှု အလ္လာဟ်သည် အချိန်နှင့် အာကာသ ကန့်သတ်မှုတို့မှ ကင်းလွတ်တော်မူ၏။ အလ္လာဟ်သည် ဤရုပ်လောကရှိ အာဏာရှင်၊ စည်းစိမ်ရှင်များကဲ့သို့ သတ်မှတ်ရာ နေရာတစ်ခု၌ ပလ္လင်ထက်ဝယ် စံမြန်းနေခြင်း မဟုတ်၊ အလ္လာဟ်ကို တွေ့ရန် တံခါးစောင့်များ၊ ကိုယ်ရေးအရာရှိများလည်း မရှိချေ။ လူသားအား ဖန်ဆင်းရှင် အလ္လာဟ်နှင့် တိုက်ရိုက် ဆက်သွယ်တောင်းခံနိုင်မှုကို မွေးရာပါ အခွင့်အရေးအဖြစ် ချီးမြှင့်ထားပေသည်။ သို့သော် အလ္လာဟ်၏ သတ်မှတ်ချက်မှာ လူသားတိုင်းသည် နိစ္စထာဝရ ပြီးပြည့်စုံသည့် ငြိမ်းချမ်းမှု၊ ဂျန္နသ်ရရန် အလ္လာဟ်၏ လမ်းညွှန်နှင့် ကုရ်အာန်ကျမ်းနှင့်အညီ အစွမ်းကုန်ကြိုးပမ်းရုန်းကန်မှု (ဂျီဟာဒ်) ပြုရပေမည်။ မိမိကိုယ်သာ အားထားရာဟူသည် မပြီးမပြည့်စုံသော လူသားအတွက် အတိုင်းအတာ တစ်ရပ်အထိသာ ဖြစ်သည်။ မိမိစွမ်းအားရှိသလောက် ကြိုးစားဆောင်ရွက်ရင်း၊ အခက်အခဲ ကြုံကြိုက်လာပါက မိမိစွမ်းအားထက် သာလွန်သောစွမ်းအားကို အလ္လာဟ်ထံမှ တောင်းဆိုနိုင်သည်။ ထို့ကြောင့် ဆုဒုအာ တောင်းဆိုခြင်းဟူသည် မိမိ၏ကံ၊ ဉာဏ်၊ ဝီရိယကို အသုံးမချဘဲ လူပျော့ လူညံ့ ဖြစ်စေခြင်းကို ဆိုခြင်း မဟုတ်ပေ။
“ထို့ပြင် ထိုအရှင်မြတ်သည် အီမာန် သက်ဝင်ယုံကြည်၍ အလ္လာဟ် လမ်းညွှန်အတိုင်း ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော သူတို့၏ ဆုတောင်းဒုအာပြုချက်ကို သဘောတူ လက္ခံတော်မူ၏။ ထို့ပြင် ၄င်းတို့အား မိမိကျေးဇူးတော်ဖြင့် တိုး၍ ချီးမြှင့်ပေးသနားတော်မူ၏။ သို့ရာတွင် ကာဖိရ် သွေဖည်ငြင်းပယ်သူတို့၌မူ ပြင်းထန်လှစွာသော ပြစ်ဒဏ်သည် ရှိချေမည်” (ကုရ်အာန် ၄၂း၂၆)
ထို့ကြောင့် ဆုဒုအာသည် စွမ်းအားရှိပါလျက် အလုပ်မလုပ်သူ၊ အချောင်သမားတို့အတွက် မဟုတ်ချေ။ အလ္လာဟ်၏ လမ်းညွှန်နှင့် အညီ ဂျီဟာဒ်ပြု ဘဝတည်ဆောက်သူများအတွက်သာ ဖြစ်သည်။ (ကုရ်အာန် ၂း၁၈၆)။ တောင်းသော ဆုဒုအာတိုင်း မပြည့်ရခြင်းမှာ တောင်းဆိုသူ၏ အားနည်းချက်ကြောင့်လည်း ဖြစ်တန်ရာ၏။ သို့တည်းမဟုတ် တောင်းဆိုသူက ကောင်းမည်ဟုထင်၍ တောင်းဆိုနေသော်လည်း အကြွင်းမဲ့သိတော်မူသော အလ္လာဟ်၏ ဉာဏ်တော်အရ တောင်းဆိုသူနှင့် မသင့်တော်၍သာ ဖြစ်၏။ သို့သော် အခြားသင့်ရာကိုပေးမည်သာ ဖြစ်သည်။

No comments:

Post a Comment