Thursday 23 August 2012
အခန်း (၁၅) လူသားအတွင်းမှ သက်သေလက္ခဏာတော်များ
အခန်း (၁၅)
လူသားအတွင်းမှ
သက်သေလက္ခဏာတော်များ
“အို…..လူသား၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော ကျေးဇူးတော်ရှင် အလ္လာဟ်နှင့် ပတ်သက်၍ မည်သည့်အရာက အသင့်အား လှည့်ဖြားခဲ့လေသနည်း” (ကုရ်အာန် ၈၂း၆)
“စင်စစ်ယုံကြည်လိုသော သူတို့အဖို့ ကမ္ဘာဂြိုဟ်၌ (အလ္လာဟ် ရှိတော်မူကြောင်း) များစွာသော သက်သေလက္ခဏာများ ရှိကုန်၏။ ထိုနည်းတူစွာ အသင်(လူသား)တို့၏ ကိုယ်များတွင်လည်း (အလ္လာဟ်ရှိကြောင်း သက်သေလက္ခဏာများ) ရှိကုန်၏။ သို့ပါလျက် အသင်တို့သည် မမြင်ကြလေသလော့”
(ကုရ်အာန် ၅၁း၂၀-၂၁)
လူသားအတွင်းမှ သက်သေလက္ခဏာတော်များ
“မကြာမြင့်မီ ငါအရှင်မြတ်သည် ထိုသူတို့အား (ထိုသူတို့ သိမြင်နိုင်သော မိုးကုတ်စက်ဝိုင်း) ပတ်ဝန်းကျင်လောကများ၌ လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌ လည်းကောင်း။ မိမိ၏ သက်သေလက္ခဏာတော်များကို ပြသတော်မူမည့် နောက်ဆုံးတွင် ၄င်းတို့၌ ဧကန်အမှန် ယင်း(ကုရ်အာန်ကျမ်းမြတ်) မှန်ကန်ကြောင်း သိသာထင်ရှား၍ လာပေမည်……” (ကုရ်အာန် ၄၁း၅၃)
“….ထိုသူတို့၌ စိတ်နှလုံးများကားရှိ၏။ သို့သော် ယင်းကလ်ဘ် စိတ်နှလုံးများနှင့် ထိုသူတို့သည် စဉ်းစားဆင်ခြင် နားလည်ခြင်း မရှိကြချေ။ ထိုသူတို့၌ မမြင်အာရုံများကားရှိ၏။ သို့သော် ထိုသူတို့သည် ယင်းအမြင်အာရုံများဖြင့် မမြင်ကြချေ။ ထိုသူတို့၌ အကြားအမြင်အာရုံ များကားရှိ၏။ သို့သော် ယင်း အကြားအာရုံများဖြင့် မကြားကြချေ။ (ကုရ်အာန် ၇း၁၇၉)
“…..ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ထို့ပြင် ထိုသူတို့သည် မိမိတို့ကိုယ် ကိုသာလျှင် မိမိတို့နှိပ်စက်ညှဉ်းပန်းလျက်ရှိခဲ့ကြကုန်၏” (ကုရ်အာန် ၇း၁၇၇)
အလ္လာဟ်အရှင်မြတ်သည် သက်သေလက္ခဏာများကို ပြသလျက်သာ ရှိနေပေသည်။ မကြားလို့ပါ၊ မမြင်လို့ပါ၊ မသိလို့ပါဟုဆိုကာ စဉ်းစားဆင်ခြင်မှု မပြုခြင်းဖြင့် ဖန်ဆင်းရှင်အလ္လာဟ်နှင့် ကင်းလွတ်၍ မရပါ၊ မိမိကိုယ် မိမိ ညှဉ်းပန်းမှုသာ ဖြစ်ပေမည်။
သိပ္ပံသုတေသနများပြုကြပြီ
အလ္လာဟ်သည် မိမိကိုယ်မိမိ လူသားတို့အားလုံး၏ ဖန်ဆင်းရှင်၊ လောကခပ်သိမ်း၏ ဖန်ဆင်းရှင်ဟု ဆိုနေပေသည်။ အသင် လူသားတို့၏ ခန္ဓာကိုယ်ကြီးကပင် အလ္လာဟ်ရှိကြောင်း သက်သေဟု ဆိုထား၏။ ကုရ်အာန်ကျမ်းမြတ်ကိုလည်း လမ်းညွှန်အဖြစ် ပေးထားသည်။ အဘယ့်ကြောင့် လူသားတို့ မဆန်းစစ်ကြသနည်း။
ဒေါက်တာ ကီးသ်မူးရ် (Keith Moore) သည် ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ် ခန္ဓာဗေဒဆိုင်ရာဌာန၏ ဦးဆောင် ပါရဂူ သဘာပတိကြီး ဖြစ်သည်။ ဒေါက်တာမူးရ်ပြုစုသော ပဋိသန္ဓေနှင့် စပ်လျဉ်းသည့်ကျမ်း နှစ်အုပ်သည် ကမ္ဘာ့စံချိန်မီ ပြဋ္ဌာန်းကျမ်း ဖြစ်ခဲ့ပြီး နိုင်ငံခြားဘာသာစကားများစွာဖြင့် ပြန်ဆိုခဲ့ကြသည်။ သူ့အား ဆော်ဒီအာရေးဗီယားနိုင်ငံ ဂျစ်ဒါမြို့ရှိ ဘုရင်အဗ်ဒုလ်အဇီးဇ် တက္ကသိုလ်မှ ဖိတ်ကြား ခဲ့လေသည်။ ကုရ်အာန်ကျမ်းတော်မြတ်မှ သန္ဓေသားနှင့် ပတ်သက်သော အာယာသ်တော်များ၏ အဓိပ္ပာယ်ကို သိပ္ပံပညာရှုထောင့်မှ တိကျစွာ ဖွင့်ဆိုနိုင်ရေးအတွက် ဖြစ်သည်။ အစ္စလာမ် ပညာရှင်တို့က ကုရ်အာန်ကျမ်းမြတ်အတွင်းမှ လိုအပ်သော အာယာသ်တော်များကို ဘာသာပြန် ထုတ်နှတ်ပေးခဲ့သည်။ နှစ်နှစ်တာမျှ သုတေသနပြုခဲ့ကြသည်။
ဒေါက်တာမူးရ်၏ ကုရ်အာန် ကျမ်းတော်မြတ်အပေါ် သန္ဓေသားနှင့် စပ်လျဉ်းသော သုတေသနပြုချက်များအပြီးတွင် သူက ကုရ်အာန်၏ ဖော်ပြချက်အားလုံးတို့သည် ယနေ့ သိပ္ပံပညာ၏ တွေ့ရှိချက်များနှင့် လုံးဝကိုက်ညီနေပါသည်ဟု ဆိုသည်။ သူကိုယ်တိုင် ပြုစုထားသော စာတမ်းတစ်စောင်တွင် “သိပ္ပံပညာနှင့် ကိုက်ညီနေသော ဤကုရ်အာန်၏ ဖော်ပြချက်များသည် (၇)ရာစုနှစ် လောက်က ဆိုသည်မှာ မယုံနိုင်လောက်အောင် အံ့သြရပါသည်။ မုစ်လင်မ်တို့က ဤကုရ်အာန်ကျမ်းမြတ်ကို ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြစ်သည်ဟု ယုံကြည်ကြခြင်းမှာ ယုံလည်း ယုံလောက်ပါပေသည်”ဟု ဝန်ခံရေးသားခဲ့လေသည်။ ဒေါက်တာမူးရ်၏ တွေ့ရှိချက်များကို ဖန်ပြွန်သန္ဓေသား စမ်းသပ်မှုကို စတင် တီထွင်ခဲ့သူ ဒေါက်တာရောဘတ်အက်ဒဝပ်သည်လည်း အတည်ပြုခဲ့လေသည်။
ဒေါက်တာမောရစ်ကေးလ်သည် ပြင်သစ်နိုင်ငံတွင် အထူးကျော်ကြားသော ခွဲစိပ်ပါရဂူကြီးတစ်ဦး ဖြစ်သည့်ပြင် ဆေးသိပ္ပံပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ပြင်သစ်ဆေးပညာ အကယ်ဒမီ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ အမှန်တရားရှာဖွေလို၍ သူသည် ခရစ်ယာန်တစ်ဦးဖြစ်သော်လည်း ကုရ်အာန်ကျမ်းမြတ်ကို လေ့လာခဲ့သည်။ သာဘာပြန်များ လေ့လာရခြင်းကို အားမရဘဲ အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သော်လည်း အာရဗီစာပေကို လေ့လာခဲ့သည်။ အာရဗီစာပေဖြင့် ကျရောက်ခဲ့သော ကုရ်အာန်ကျမ်းမြတ်၏ အနှစ်သာရကို တိုက်ရိုက်ခံစား သိနိုင်ရန် ဖြစ်သည်။ ထို့နောက် သက်သေပြနိုင်ခဲ့ပြီးဖြစ်သော သိပ္ပံပညာ၏ တွေ့ရှိချက်များနှင့် သက်သေပြရန် လုံးဝမလိုသော ဘာသာတရား၏ မှန်ကန်မှုတို့ကို ဆက်စပ်နိုင်ရန် ကြိုးစာခဲ့သည်။ ၄င်း၏ သုတေသနပြုချက်မှာ (The Bible The Quran and Science) “သမ္မာကျမ်း၊ ကုရ်အာန်ကျမ်းနှင့် သိပ္ပံ” ဟူသော အမည်ဖြင့် စာအုပ်ထွက်ခဲ့သည် (၁၉၇၆-ခုနှစ်)။ ခရစ်ယာန်လောကနှင့် မုစ်လင်မ် လောကတွင် အထူးကျော်ကြားခဲ့သည်။ ကုရ်အာန်ကို ပိုမိုနက်ရှိုင်းစွာ လေ့လာပြီးနောက် (The Origin of man) လူသား၏ အစ” ဟူသော စာအုပ်ဖြင့် ကမ္ဘာကျော်သွားပြန်လေသည်။ အင်္ဂလန်နိုင်ငံ ကင်းဘရစ်ဂ်ျ တက္ကသိုလ်၊ အောက်စ်ဖို့ဒ် တက္ကသိုလ်များ၊ အမေရိကန်နိုင်ငံ ယေလ်တက္ကသိုလ်၊ ဟားဘာဒ်တက္ကသိုလ် စသည်တို့မှ ဖိတ်ခေါ်ခဲ့ကြ၍ အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများတွင် ဟောပြောစေခဲ့ကြ၏။
သူ၏ ကြိုးစားမှုများသည် များစွာသော အဆင့်အတန်းမြင့်ပညာရှင်တို့အား ကုရ်အာန်သည် အလ္လာဟ်တော်ထံမှ ကျမ်း(လမ်းညွှန်) ဖြစ်ကြောင်း လက္ခံနိုင်အောင် ပြုခဲ့သည်။ အနောက်တိုင်း ပညာရှင်များစွာတို့ ရေးသားဖော်ပြချက်များ ဖြစ်သော မုဟမ္မဒ် သခင်သည် ကုရ်အာန်ကျမ်းကို သမ္မာကျမ်းမှ ကူးယူဖော်ပြသည်။ ကုရ်အာန်သည် အလ္လာဟ်ထံမှ မဟုတ်ဘဲ မုဟမ္မဒ်သခင် ရေးသောကျမ်း ဖြစ်သည်” စသော ဖော်ပြချက်များ လုံးဝ မဟုတ်ကြောင်း၊ သမိုင်းကြောင်း သိပ္ပံပညာရပ်များဖြင့် ဆန်းစစ်ခြင်းတို့ဖြင့် သက်သေပြခဲ့လေသည်။ သူကိုယ်တိုင်လည်း ကုရ်အာန်သည် ဖန်ဆင်းရှင် အလ္လာဟ်ထံမှ ကျမ်းဖြစ်ကြောင်း၊ မုဟမ္မဒ်သခင်သည် အလ္လာဟ်၏ တမန်တော်ဖြစ်ကြောင်း နောက်ဆုံးတွင် သက်သေခံခဲ့သည်။ အစ္စလာမ် သာသနာကို လက္ခံခဲ့သည်။
ကမ္ဘာ့ဆေးပညာရှင်ပါရဂူကြီးများနှင့် မုစ်လင်မ်ပညာရှင်တို့၏ ရှာဖွေတွေ့ရှိချက်များကို စုပေါင်းဖော်ပြအပ်ပါသည်။
သန္ဓေသား အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်မှု
လူသားကဏ္ဍတွင် ဖန်ဆင်းရှင် အလ္လာဟ်အ၇ှင်မြတ်သည် လူသားကို မြေမှ စတင်ဖြစ်ပေါ်စေတော်မူခြင်း၊ မြေမှတစ်ဆင့် ကလလရေကြည်နှင့် မ.မျိုးဥတို့ ဖြစ်ခြင်းစသော၊ ၇ုပ်ခန္ဓာဆိုင်ရာ သဘာဝများ၊ အလ္လာဟ်ထံတော်မှ ရူဟ်ဝိညာဉ်စွမ်းအင် ထည့်သွင်းပြီးနောက် နဖ်စ်ဝိညာဉ်နှင့် ကလ်ဘ်ခေါ် စိတ်နှလုံးတို့ ဆက်စပ်ဖြစ်ပေါ်မှုများ၊ သဘာဝကို ရှင်းပြခဲ့ပြီး ဖြစ်သည်။ လူသားတိုင်းတွင် စိတ်နှလုံးအပြင် “နဖ်စ်”ဝိညာဉ် ရှိ၊ မရှိ” ဟူသည် “အလ္လာဟ် ရှိ၊ မရှိ” ဟူသော အမှန်တရားပေါ်တွင် အခြေခံပေသည်။
အလ္လာဟ်သည် ကုရ်အာန်ကျမ်းမြတ်ကို လူသားတို့အတွက် ဝဟီလမ်းညွှန်အဖြစ် ချပေးပြီး လူသားမသိခဲ့သော လူသားကို မည်သို့ ဖန်ဆင်းခဲ့ပုံများကို အလ္လာဟ်ရှိကြောင်း သက်သေလက္ခဏာများအဖြစ် ပြဆိုထားပေသည်။ ယနေ့ ဆေးသိပ္ပံ၏ တွေ့ရှိချက်တိုင်းက ကျမ်းမြတ်ကုရ်အာန်နှင့် ကိုက်ညီနေခြင်းဖြင့် ဖန်ဆင်းရှင်အလ္လာဟ်ရှိတော်မူကြောင်း သက်သေထွက်ဆိုနေပေပြီ။ လူသား၏ ရုပ်ခန္ဓာကြီးကိုယ်တိုင်က မုစ်လင်မ် (အလ္လာဟ်ကို နာခံသူ) ဖြစ်နေပါလျက် လူသားသည် အလ္လာဟ်ကို မည်သို့ ငြင်းနိုင်အံ့နည်း။
ကုရ်အာန်နှင့် ဖန်ပြွန်လူသား
ဖန်ပြွန်သန္ဓေသားကို စမ်းသပ်တီထွင် အောင်မြင်ခြင်းကြောင့် ဖန်ဆင်းရှင် အလ္လာဟ် မရှိဟူ၍ မဆိုနိုင်ချေ။ အလ္လာဟ်ရှိကြောင်း ပို၍ပင် သိသာစေသည်။ စင်စစ် ဖန်ပြွန်လူသား စမ်းသပ်မှုတွင် ဖိုမျိုးစေ့ သုက်ပိုးနှင့် မ,မျိုးဥမပါဘဲ မပြီးချေ။ ဤသည်ကို ဖန်ဆင်းရှင် အလ္လာဟ်က ကုရ်အာန်တွင်း၌ မိန့်ဆိုပြီး ဖြစ်သည်။ လူသားမျိုးစေ့ကို မည်သူမျှ တီထွင်ပြုနိုင်စွမ်း မရှိချေ။ အလ္လာဟ်၏ သက္ကဒီရ် သတ်မှတ်ချက် သဘာဝအရသာ ဖြစ်ပေါ်နေပေသည်။
“အသင်တို့ ပြောကြကုန်၊ အသင်တို့သည်မိမိတို့၏ မျိုးစေ့ကို အစက်ချကြ၏။ ယင်းမျိုးစေ့ကို အသင်တို့ ကိုယ်တိုင် ဖန်ဆင်းကြလေ သလော့၊ ငါအရှင်မြတ်ပင် ဖန်ဆင်းတော်မူပါသလော” (ကုရ်အာန် ၅၆း၅၈-၅၉)
“သို့တည်းမဟုတ် ထိုသူတို့သည် (ဖန်ဆင်းသူ) တစ်စုံတစ်ရာမျှ မရှိဘဲလျက် ဖန်ဆင်းခြင်း ခံခဲ့ကြရလေသလော၊ သို့တည်းမဟုတ် ထိုသူတို့ကိုယ်တိုင် (မိမိတို့ကို) ဖန်ဆင်းသူများ ဖြစ်ကြသလော” (ကုရ်အာန် ၅၂း၃၅)
သန္ဓေသားသည် ကလလ ရေကြည်၏ အနည်းငယ်သော ပမာဏမှ ဖြစ်ခြင်း
လူ့သမိုင်းတွင် ရာစုနှစ်ပေါင်းများစွာ သန္ဓေသား၏ အစကို နည်းမျိုးစုံဖြင့် ဖော်ပြခဲ့ကြသည်။ ယနေ့ ဆေးသိပ္ပံ၏ တွေ့ရှိချက်အရ သန္ဓေသားသည် ဖခင်ဖြစ်သူ၏ သုက်နှင့်မိခင်၏ မျိုးဥတို့ပေါင်းစပ်အောင်မြင်သော ဆဲလ် (Zygote) မှ စတင်ခဲ့လေသည်။ သန္ဓေသား၏ ကနဦးအစ အောင်မြင်ဖွံ့ဖြိုးမှုသည် ဖခင်၏ အဂါင်္ဇာတ်မှ ထုတ်လိုက်သော ကလလရေကြည်၏ အနည်းငယ်သော ပမာဏမှသာ ဖြစ်ကြောင်း ဖန်ဆင်းရှင် အလ္လာဟ်က ကုရ်အာန်ကျမ်းမြတ်အတွင်း (၁၁) ကြိမ်မျှ ဖော်ပြထားပေသည်။
“စင်စစ် ထိုအရှင်မြတ်သည် အသင်တို့အား (ရုပ်ဆင်းသဏ္ဍာန်) အမျိုးမျိုး၊ နည်းအမျိုးမျိုးဖြင့် အဆင့်ဆင့် ပြောင်း၍ ဖန်ဆင်းတော်မူခဲ့သည်” (ကုရ်အာန် ၇၁း၁၄)
အဓိကအားဖြင့် သုက်မျိုးစေ့နှင့် မမျိုးစေ့တို့ ပေါင်းစပ်အောင်မြင်မှု အောင်မြင်ပြီး မေထုန်ဆဲလ်သည် (သစ်စေ့ မြေတွင်စိုက်သကဲ့သို့) သားအိမ်နံရံတွင် စိုက်မှု၊ သားအိမ်နံရံမှ အစာရေစာ ယူကာ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်သည်။
“ယင်း (လူသား)မှာ သွန်းလောင်းခြင်းခံရသော သုက်ရည်၏ အနည်းငယ်ပမာဏသာ ဖြစ်ခဲ့သည် မဟုတ်လော” (ကုရ်အာန် ၇၅း၂၇)
အထက်ပါ အာယာသ်တော်တွင် “မနီ”ဟူသည် သုက်ရည်ကို ခေါ်သည် “နုသ်ွဖဟ်”ဟူသည် အနည်းငယ်သော ပမဏ (အစက်)ကို ခေါ်သည်။
“ထိုအရှင်မြတ်သည် ယင်း(လူသား)၏ အဆက်အနွယ်ကို အဖိုးမတန်သော ရေ၏ အနှစ်သာရဖြင့် ပြုလုပ်တော်မူခဲ့သည်”။ (ကုရ်အာန် ၃၂း၈)
“ထို လူသားသည် ပန်း၍ထွက်သော အရည်မှ ဖန်ဆင်းခြင်းကို ခံခဲ့ရလေသည်” (ကုရ်အာန် ၈၆း၆)
အထက်ပါ အာယာသ်တော်များအရ၊ သန္ဓေသားသည် အဖိုးမတန်သော ရေ၏ အနှစ်သာရ၊ ပန်း၍ထွက်သော အရည်၊ သွန်းလောင်းခြင်း ခံရသော သုက်ရည်၏ အနည်းငယ်သော ပမာဏမှ ဖြစ်သည် ဟူသော အဆိုကို ယနေ့သိပ္ပံက ထောက်ခံနေပေသည်။ ဖခင်၏ ကလလရေကြည်တွင် သုက်စပန်းပိုး သန်းပေါင်းများစွာတို့ အနက်မှ ရာပေါင်း အနည်းငယ်သာလျှင် အဖတ်တင်သော စပန်းပိုးအဖြစ် သားအိမ်ကို ဖြတ်၍ သားအိမ်ပြွန်တွင် မ,မျိုးဥ၌ ဝန်းရံနေပေသည်။
ရောနှော ပေါင်းစပ်နေသော “နုသ်ွဖဟ်” အစက်ကလေး ဖြစ်လာခြင်း
“စင်စစ် ငါအရှင်မြတ်သည် လူသားအား စမ်းသပ်လိုတော်မူသော သဘောဖြင့် ရောနှော ပေါင်းစပ်ထားသော (ကလလရေကြည်) အစက်ကလေးဖြင့် ဖန်ဆင်းတော်မူခဲ့သည်…..” (ကုရ်အာန် ၇၆း၂)
အထက်ပါ အာယာသ်တော်မှ “နုသ်ွဖဟ် အမ်ရှာဂ်ျ”ဟူသည် ရောနှောပေါင်းစပ်ထားသော (ကလလရေကြည်) အစက်ကလေးကို ခေါ်သည်။ ဒေါက်တာ မူးရ်က သုက်၏ အနည်းငယ်သော ပမာဏနှင့် မမျိုးဥတို့ ပေါင်းစပ် ဖြစ်ပေါ်လာသော အစက်ကလေးဟု ဆိုသည်။ ပြင်သစ်နိုင်ငံမှ ပရော်ဖက်ဆာ ဟာမီဒုလ္လာဟ် အပါအဝင် အခြားများစွာသော ပညာရှင်တို့ ဖွင့်ဆို ကူညီကြသည်။ သို့သော် ဤအာယာသ်တော်ဖွင့်ဆိုမှုတွင် ဒေါက်တာမောရစ်ဘူးကေးလ်က ရောနှောပေါင်းစပ်ထားသော အစက်ကလေး ဟူသည် သုတ်ရည် ကိုယ်တိုင်အတွင်းရှိ အမျိုးအစား မတူသော အရာများ ပေါင်းစပ်ထားမှုကို ဆိုလိုကြောင်း ဖွင့်ဆိုသည်။ ကျန်အချက်များအားလုံး ဖွင့်ဆိုမှု တူညီကြသည်။ မည်သို့ဆိုစေ ဤအချက်သည်လည်း သိပ္ပံက ထောက်ခံနေမှုသာ ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment