Friday, 7 September 2012
အတိတ်ခေတ်မှ ကုရ်အာန်၏ လမ်းညွှန်သည် (၂၀)ရာစုနှင့် အနာဂတ် ကာလများအတွက် လမ်းညွှန်ဖြစ်နိုင်ပါမည်လော
အတိတ်ခေတ်မှ ကုရ်အာန်၏ လမ်းညွှန်သည် (၂၀)ရာစုနှင့် အနာဂတ် ကာလများအတွက် လမ်းညွှန်ဖြစ်နိုင်ပါမည်လော
အလ္လာဟ်ကို လက်မခံလိုသူများ ရုပ်ဝါဒီသမား များစွာတို့က သဲကန္တာရထဲမှ လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ကျော်မှ ကုရ်အာန်၏ လမ်းညွှန်သည် ၂၀ ရာစု ယဉ်ကျေးမှုအတွက် လမ်းညွှန် မဖြစ်နိုင်ဟုဆိုသည်။ ဖန်ဆင်းရှင် အလ္လာဟ်ကလည်း ခေတ်အဆက်ဆက်တွင် ပေါ်လာမည့် ထိုကဲ့သို့သောသူများ အပါအဝင် လက်မခံသူတို့အား ကုရ်အာန်ကို လည်းကောင်း အတိတ်သမိုင်းများကို လည်းကောင်း၊ မိမိတို့၏ခန္ဓာကိုယ်များ၊ ပတ်ဝန်းကျင်များ၊ စကြဝဠာ လောကခပ်သိမ်းကို ဆင်ခြင်လေ့လာစေ၍ ကုရ်အာန်သည် ခေတိုင်းအတွက် လမ်းညွှန်ဖြစ်ကြောင်း သက်သေတို့ကို ကြည့်စေ၏။
ကု၇်အာန်သည် စကြဝဠာ လောကခပ်သိမ်းတို့၏ ဖန်ဆင်းရှင် အလ္လာဟ်ထံမှ သံသယကင်းသော ဝဟီလမ်းညွှန်ဖြစ်ပေရာ ကုရ်အာန်ကျမ်းမြတ်၏ ဥပဒေများ၊ လမ်းညွှန်များနှင့် ဖော်ပြချက်တို့သည် ဖန်ဆင်းခံ လောကအားလုံး၏ သဘာဝနှင့် ဆန့်ကျင်မှု မရှိဘဲ သဟဇာတ ဖြစ်နေပေသည်။ ကုရ်အာန်ကျမ်းမြတ် ကျရောက်စဉ်က ဂရိတို့၏ အတွေးအခေါ် သိပ္ပံအချို့ ပေါ်နေပြီ ဖြစ်သော်လည်း လက်တွေ့အဆင့်မရောက်သေးဘဲ အမှားများ ပါရှိနေသေးသဖြင့် အချက်များစွာတို့သည် ကု၇်အာန်၏ ဖော်ပြချက်တို့နှင့် ဆန့်ကျင်နေခဲ့သည်။ သိပ္ပံပညာဟူသည် အလ္လာဟ်ချီးမြှင့်ထားသော အသိဉာဏ်ဖြင့် အလ္လာဟ်၏ ဖန်ဆင်းခံ သဘာဝတရားများ အတွင်း၌ အမှန်တရားကို တိကျစွာရရန် ရှာဖွေသော လူတို့၏ ပညာရပ်သာဖြစ်၏။ ပြီးပြည့်စုံခြင်း မရှိသေးချေ။ သို့သော် ကုရ်အာန်သည် အလ္လာဟ်ထံမှ ပြီးပြည့်စုံသော အမှားကင်းသော လမ်းညွှန်ဖြစ်၏။ သိပ္ပံပညာ၏ မှန်ကန်သော တွေ့ရှိချက်တို့သည် ကုရ်အာန်နှင့် မဆန့်ကျင်ချေ။
ကုရ်အာန်ကျမ်းမြတ် ကျရောက်ပြီးနောက် မုစ်လင်မ်တို့သည် ဂရိ၊ ရောမ၊ အိန္ဒိယ၊ တရုတ် စသော စာပေများ၊ ယဉ်ကျေးမှုများကို စုဆောင်းထိန်းသိမ်းခြင်း၊ ကုရ်အာန်၏ အလင်းရောင်အောက်တွင် ပြုပြင်မွမ်းမံခြင်း ပညာရပ်အသစ်များ တီထွင်ခြင်း၊ သုတေသနများပြုခြင်း၊ ဂရိတို့၏ အမှားများစွာကို ပြင်ဆင်ခြင်း စသည်တို့ကို ပြုခဲ့ကြသည်။
ဗိသုကာပညာ၊ ဒဿနိကပညာ၊ ဆေးပညာ၊ ဓာတုဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ သင်္ချာပညာ၊ အာကာသ နက္ခတ္တပညာတို့ စသည် မုစ်လင်မ် သိပ္ပံပညာရှင်၊ ဝိဇ္ဇာပညာရှင်များစွာတို့ ပေါ်ပေါက်လာ၍ ကမ္ဘာကို ဦးဆောင် အလင်းပေးခဲ့သည်။ ၄င်းတို့အနက် ကမ္ဘာကျော် ပုဂ္ဂိုလ်အချို့မှာ ဟကီမ်၊ ဂျာဗီရ်၊ အလ်ခင်ဇီ၊ အလ်ခွာဇီမီ၊ အလ်ဖရာဗီ၊ အလ်မတ်စအူဒီ၊ အိဘ်နီစီးနား၊ အလ်ဘီရုနှီ၊ အဘူကာဆီမ်၊ အလ်ဂဇာလီ၊ အုမရ်ခယာမ်၊ အိဘ်နီရူယှုဒ်၊ အိဘ်နီခုလ်ဒုမ်၊ စသည်တို့ ဖြစ်သည်။ ၄င်းတို့၏ စာပေများ၊ သိပ္ပံအမွေအနှစ်များနှင့် ၄င်းတို့၏ အမည်များမှာ အနောက်တိုင်းတွင် လက်တင်ဘာသာသို့ ပြောင်းလိုက်ကြသဖြင့် မူရင်း မုစ်လင်မ်အမည်များကို လူသားတို့ မသိဘဲ ဖြစ်နေခဲ့ကြရသည်။
“အိဘ်နီစီနား”၏ ဆေးပညာကျမ်းတို့မှာ ဥရောပတွင် နှစ်ပေါင်း ၇၀၀ ကျော် ယှဉ်ဘက်မရှိဖြစ်ခဲ့၏။ ခလီဖဟ် ဝလိဒ်သည် ဆေးရုံကို ပထမဆုံးဆောက်ခဲ့၏။ ခွဲစိတ်ကိရိယာများကို မုစ်လင်မ်တို့ တီထွင်ခဲ့ကြ၏။ ဂျာဗီရ်သည် ဓာတုဗေဒစာတမ်း ၅၀၀ ကျော်နီးပါး ပြုစုခဲ့၏။ ဓာတုဗေဒတွင် ယနေ့တိုင် အာရဗီ အခေါ်အဝေါ်များစွာ ရှိနေ၏။ (အလ်ကမီ၊ အလ်ကိုဟော)။ မုစ်လင်မ်ပညာရှင်တို့သည် အလ်ဂျီဘရာ (အက္ခရာ သင်္ချာ)နှင့် တြိဂိုနိုမက်ထရီ ပညာရပ်များကို တီထွင်ခဲ့ကြသည်။ မသိကိန်း၊ ညီမျှကိန်းများ၊ ကုဗဆိုင်ရာ ညီမျှကိန်းများကို တီထွင်ခဲ့ကြသည်။
ဥရောပတွင် သိပ္ပံပညာရှင်တို့ကို ဘာသာရေးနှင့် ဆန့်ကျင်သည်ဟု ဆိုကာ ထောင်ချခြင်း၊ သတ်ပစ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြ၏။ သို့သော် မုစ်လင်မ် ခလီဖာသမ္မတမင်းများသည် လူမျိုး၊ ဘာသာမခွဲခြားဘဲ ပညာရေးအတွက် မြှောက်စားအားပေးခဲ့သည်။ အစ္စလာမ်သာသနာတွင် သိပ္ပံနှင့် ဘာသာရေးဆန့်ကျင်မှု အလျင်းမရှိ။ အထူးသဖြင့် မာမွန်နှင့် ဟာရွန် ရရှိဒ်မင်း လက်ထက်တွင် အလွန်တိုးတက်ခဲ့၏။ ဘဂ္ဂဒက်တွင် ကြီးကျယ်သော ယဉ်ကျေးမှုကြီး ထွန်းကားခဲ့သည်။ နက္ခတ္တမျှော်စင်ကြီးများ တည်ဆောက်၍ နက္ခတ္တပညာရပ်များ ထွန်းကားခဲ့၏။ မုစ်လင်မ်ဘုရင် ဟာရွန်ရရှိဒ်သည် ပြင်သစ်ဘုရင် ရှာလမိန်းကို နာရီတစ်လုံး လက်ဆောင်ပေးခဲ့သည်။ စပိန်တွင်လည်း မုစ်လင်မ်တို့သည် ကြီးကျယ်သော ယဉ်ကျေးမှုကြီးကို ထူထောင်ခဲ့ကြသည်။ တက္ကသိုလ်ကြီးများ ထူထောင်၍ ကမ္ဘာကို အမွေပေးခဲ့ကြလေသည်။
ခေတ်အဆက်ဆက်တွင် အနောက်တိုင်းသား များစွာတို့က အတိတ်ခေတ် မုစ်လင်မ်တို့၏ ယဉ်ကျေးမှုနှင့် ကမ္ဘာကို အကျိုးပြုခဲ့ပုံတို့ကို ဖုံးကွယ်ရန်ကြိုးစားခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် မုစ်လင်မ်တို့သည် ကုရ်အာန်ရရှိပြီးမှ ကြီးကျယ် အံ့ဖွယ်သော အင်ပါယာကြီးနှင့် ယဉ်ကျေးမှုကြီးကို ထူထောင်နိုင်ခဲ့ပေရာ အတိတ်ခေတ် မုစ်လင်မ်တို့အကြောင်း ဖော်ပြခြင်းသည် ကုရ်အာန်နှင့် အစ္စလာမ်ကို ထောက်ခံခြင်းဖြစ်၍ ဖြစ်သည်။ သို့သော် ဖြောင့်မတ်မှန်ကန်သော သမိုင်းပညာရှင်များက အမှန်အတိုင်း ဖော်ပြခဲ့ကြသည်။ ဥပမာ….
အိပ်ခ်ျဂျီဝဲလ် H.Gwell က ၁၉၂၀ ခုနှစ်၊ လန်ဒန်မြို့ထုတ် The Outline History စာအုပ်တွင် “ဂရိတို့သည် သိပ္ပံပညာ၏ ဖခင်ဖြစ်လျင် အာရပ်တို့သည် ဖွံ့ဖြိုးစေသော မွေးစာဖခင် ဖြစ်သည်”ဟု ဖော်ပြထားသည်။ ဗစ်တာ ရော်ဘင်စန် Victor Robinson ကလည်း ၄င်း၏ “ဆေးပညာသမိုင်း The Story of Medicine စာအုပ်၏ စာမျက်နှာ ၁၆၄ တွင် အတိတ်ခေတ် မုစ်လင်တို့လက်အောက်ရှိ စပိန်နိုင်ငံတွင် မုစ်လင်မ်တို့၏ တိုးတက်ထွန်းကားနေသော လူနေမှုစနစ်၊ ပညာရေးစနစ်၊ တက္ကသိုလ်များနှင့် စာကြည့်တိုက်ကြီးများ ထူထောင်ထားမှု၊ လျှပ်စစ် မီးများ ထွန်းညှိထားမှုတို့နှင့် ထိုစဉ်က ဥရောပသားတို့၏ အမှောင်ခေတ်၊ စာပေမတတ်မှု ပညာရေး နောက်ကျမှု၊ ရွံ့တောထဲတွင် သွားနေမှု စသည်တို့ကို နှိုင်းယှဉ် ဖော်ပြထားပေသည်။
ယခုအခါ မုစ်လင်မ်တို့သည် ယဉ်ကျေးမှု ဖျက်ဆီးသူများမဟုတ်ဘဲ ကမ္ဘာ့ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းသူ၊ အကျိုးပြုသူများဖြစ်ကြောင်း ကမ္ဘာက အသိအမှတ်ပြုကြရပေပြီ။ အထူးသဖြင့် စပိန်ပြည်ကော်ဒိုဘာ တက္ကသိုလ်သည် ကျော်ကြား၏။ စပိန်သည် နှစ်ပေါင်း (၈၀၀)နီးပါး မုစလင်မ်တို့၏ အင်ပါယာတွင် ပါဝင်ခဲ့၍ ကမ္ဘာကို (အထူးသဖြင့် ဥရောပသားတို့ကို) သိပ္ပံ ဝိဇ္ဇာ ပညာရပ်များ အမွေပေးခဲ့ရာ ဒေသကြီးဖြစ်ခဲ့၏။ ဥရောပသားတို့ ပညာလာရောက်ဆည်းပူးခဲ့ကြရ၏။ ဥပမာ ပြင်သစ်နိုင်ငံသား ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်သူ Syleveter II သည် မုစ်လင်မ်တို့၏ Toledo ထိုလေဒိုတွင် ၁၀ ရာစုနှစ်၌ ၃ နှစ်မျှ ပညာဆည်းပူးခဲ့သည်။
ဘဂ္ဂဒက် ယဉ်ကျေးမှုကြီးကို မွန်ဂိုတို့ ကျူးကျော် ဖျက်ဆီးပစ်ခဲ့ကြသည်။ ထိုလေဒို(စပိန်)သည် ၁၀၈၅ ခနှစ်တွင် ဥရောပသားတို့က မုစ်လင်မ်တို့လက်အောက်မှ သိမ်းပိုက်လိုက်ပြီးနောက် မုစ်လင်မ်တို့၏ သိပ္ပံ၊ ဝိဇ္ဇာပညာရပ်အမွေအနှစ်တို့ကို အာရဗီစာပေမှ အခြားဥရောပ စာပေများသို့ အထူးသဖြင့် လက်တင်စာပေသို့ ဘာသာပြန်ရန်ဌာနကြီး အဖြစ်ကျော်ကြားခဲ့လေသည်။ မုစ်လင်မ်ပညာရှင်ကြီးတို့၏ အမည်များကိုလည်း လက်တင်ဘာသာသို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။
မုစ်လင်မ်တို့လက်ထဲတွင် သိပ္ပံပညာရှိစဉ်က ကုရ်အာန်လမ်းညွှန်နှင့်အညီ လူသားတို့၏ အကျိုးပြုလုပ်ငန်းများကိုသာ ဆောင်ရွက်ခဲ့ကြသည်။ မုစ်လင်မ်တို့လက်ထဲမှ ဥရောပသားတို့လက်ထဲသို့ သိပ္ပံအမွေအနှစ်များရောက်ခဲ့၍ ခေတ်အဆက်ဆက်ဖြစ်ကာ ယခု(၂၁)ရာစုသို့ ရောက်ခဲ့ချေပြီ။ တိုးတက်ခဲ့သော်လည်း ပြည့်စုံမှုကား မရှိသေးချေ။ သို့သော် ကု၇်အာန်သည် အလ္လာဟ်ထံမှ ခေတ်တိုင်းအတွက် သက်သေလက္ခဏာတော်ဖြစ်ပေရာ သိပ္ပံခေတ်၊ အာကာသခေတ်၊ ကွန်ပြူတာခေတ် အသီးသီးတို့၏ တွေ့ရှိချက်တို့သည် ကုရ်အာန်ကို ထောက်ခံဦးချလျက်သာ ရှိနေပေတော့သည်။ ကဏ္ဍအသီးသီးတွင် ဖော်ပြထားပါသည်။
စည်းရုံးညီညွတ်ရန် လမ်းရှာမရဘဲ အစိတ်စိတ် ကွဲပြားနေသော စစ်သွေးကြွ အာရဗ်လူမျိုးများကို တစ်ခုတည်းသော အင်ပါယာ အွမ္မတ်သ် ဖြစ်စေခဲ့သော ကုရ်အာန်၊ တစ်ပါးတည်းသော အလ္လာဟ်ကို မှန်ကန်စွာ ကိုးကွယ်စေခဲ့သော ကုရ်အာန်၊ ကမ္ဘာက ဂရုမစိုက်နိုင်လောက်အောင် အဆင့်နိမ့်သော သဲကန္တာရတွင်းမှသူတို့အား ကမ္ဘာ့အင်ပါယာ အုပ်ချုပ်သူများ၊ သိပ္ပံ ဝိဇ္ဇာ ပညာရှင်ကြီးများ၊ ယဉ်ကျေးမှု တည်ထောင်သူများ ဖြစ်စေခဲ့သော ကုရ်အာန်၊ ကမ္ဘာ့သမိုင်းတွင် မကြုံစဖူး ထူးကဲစွာတိုတောင်းသော အချိန်အတွင်း လျင်မြန်သော အဟုန်ဖြင့် ကြီးကျယ်ထိရောက်သော ယဉ်ကျေးမှု ပြောင်းလဲမှုကြီးကို ဖြစ်စေခဲ့သော ကုရ်အာန်၊ တမန်တော်ချုပ် မုဟမ္မဒ်သခင်ကို ယနေ့တိုင် ခေတ်တိုင်းအတွက် အကြီးကျယ်ဆုံး ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုအောင် ပြုပေးသော ကုရ်အာန်၊ ခေတ်တိုင်း လူမျိုးတိုင်းကို ယှဉ်ပြိုင်ရန် စိန်ခေါ်နေသော ကုရ်အာန်သည်သာ (၂၀)ရာစုအတွက်သာမက ကိယာမသ်နေ့တိုင် ပြီးပြည့်စုံသော ဝဟီလမ်းညွှန် ဖြစ်ပေသည်။
>အစ္စလာမ် အေးရိပ်သာယာသို့<blockquote>
ပြင်သစ်စစ်ဘုရင် နပိုလီယန်ဘိုနာပတ်က “ကုရ်အာန်သည်သာ အမှန်တရားဖြစ်၍ ကုရ်အာန်သည်သာ လူတို့ကို သာယာပျော်ရွှင်သောဘဝသို့ ပို့ဆောင်နိုင်သည် ”ဟု ဆိုခဲ့သည်။ {Social contract Every man’s Library Cole’s edition P.17} ကမ္ဘာကျော် ဂျာမန်စာရေးဆရာကြီး ဂိုသေး {Goethe}ကလည်း “ဤကျမ်း (ကုရ်အာန်)သည် ခေတ်အဆက်ဆက်အားလုံးတစ်လျောက် အသုံးချခြင်း ခံရလိမ့်မည်။ အလွန် အကျိုးသက်ရောက်စေသော သြဇာ အရှိန်အဝါတစ်ခု ဖြစ်သည်”ဟု ဆိုသည်။ (West Oestlicher Divan) ထို့အတူ Rev. J.M.Rodwell (လန်ဒန်)၊ နာမည်ကျော် ကဗျာဆရာမ စာရိုဂျီနီနိုင်ဒူး (အိန္ဒိယ)။ အိပ်ခ်ျဂျီဝဲလ် (လန်ဒန်)၊ ဂျော့ဘားနက်ရှော (လန်ဒန်) တို့အပါအဝင် များစွာသော သူတို့က ကုရ်အာန်နှင့် အစ္စလာမ်သည်သာ ကမ္ဘာအတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးဖြစ်ကြောင်း ဖော်ပြကြသည်။ (islam Religion of Allah prophets ပါကစ္စတန်နိုင်ငံ)
ယခုအခါ ဘာသာတ၇ား နှိုင်းယှဉ်လေ့လာမှု၊ ကျမ်းများကိုဆန်းစစ်လေ့လာမှု၊ ဘာသာတရားအသီးသီးမှ ပညာရှင်များ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးမှုတို့ အားကောင်းလာပြီ ဖြစ်ပေသည်။ ကမ္ဘာနှင့်အဝန်း ထောင်သောင်းမက များစွာသော သူတို့သည် ကုရ်အာန်ကျမ်းမြတ်ကို လေ့လာ၍ အစ္စလာမ်၏ အေးရိပ်သာယာသို့ ဝင်ရောက်လျက်ရှိနေပေသည်။ ၄င်းတို့အနက် လက်ရှိလတ်တလော ဝင်ရောက်လာသူများထဲတွင် ခွဲစိတ်ပါရဂူ ဆေးပညာရှင် ဒေါက်တာ မောရစ်ဘူကေလ်စ် (ပြင်သစ်)၊ အဏ္ဏဝါဗေဒပညာရှင် ကပ္ပတိန် ဂျက်ကောစတို (ပြင်သစ်)၊ ပြင်သစ်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာ ရော်ဂျာဂရောဒီ (ဒု ဥက္ကဋ္ဌ ပြင်သစ်ပြည်သူ့လွှတ်)၊ ဂရီမစ်လာ (ကနေဒါ) ပရော်ဖက်ဆာ အာသာအလီစန် (လန်ဒန် တက္ကသိုလ်)၊ စတီရီယိုတေးဂီတ အဆိုတော် ကတ်စတီဗင် (လန်ဒန်)တို့မှာ ကမ္ဘာကျော် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ၄င်းတို့အပြင် အခြားများစွာသောသူတို့ အစ္စလာမ်သို့ ဝင်ရောက်လျက်ရှိသည်။ စာပေများရေးသားကြ၏။ လက်ရှိ မုစ်လင်မ်တို့ ကုရ်အာန်ကို မလေ့လာ၍ ဆုံးရှုံးနေကြရမှုနှင့် ကုရ်အာန်၏ အနှစ်သာရများကို ကမ္ဘာကို တင်ပြလျက်ရှိကြပေသည်။
အစ္စလာမ် သာသနာတော်တွင်း ထောင်သောင်းမက တဖွဲဖွဲ ဝင်ရောက်လျက်ရှိပေရာ ကမ္ဘာ့နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံပညာ၊ စိတ်ပညာ လောက အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်သည်။ အားကစားလောကတွင် ကမ္ဘာကျော် ဟဲဗီးဝိတ် ချန်ပီယံ မုဟမ္မဒ်အလီမှာ ထင်ရှား၏။ နိုင်ငံရေးနှင့် သံတမန် လောကတွင် လော့ဒ်-ဟက်ဒလေအလ်ဖာရုက် (အင်္ဂလန်)၊ လီယိုပိုလ်ဝစ် (မုဟမ္မဒ် အဆဒ် သြစတြီးယား)၊ ဆာ အဗ်ဒုလ္လာဟ် အာဂျီဘောလ် ဟာမစ်လ်တန် (အင်္ဂလန်)၊ မုဟမ္မဒ် အလက်ဇင်းဒါးရပ်ဆဲလ်ဝဲဘ် (အမေရိကန်)၊ ဆာ ဂျာလာလုနှင့် လောင်ဒါဘရုန်တန် (အင်္ဂလန်)၊ မုဟမ္မဒ်အမန်ဟိုဘူမ် (ဂျာမနီ) ထင်ရှားသည်။
သိပ္ပံပညာရှင်၊ သုတေသီနှင့် စာေ၇းဆရာများအနက် ပရော်ဖက်ဆာ ဟာရွန်မုစ်သဖာလီယွန် (အင်္ဂလန်)၊ ဒေါက်တာ အလီဆလ်မန်ဘီနိုအစ် (ပြင်သစ်)၊ ပရော်ဖက်ဆာ အုမ်ရ်ဝိုလ်ဖ်ကရွန် (သြစတြီးယား)၊ ဒေါက်တာ ဟာမစ်မာဟတ်စ် (ဂျာမနီ)၊ ပရော်ဖက်ဆာ သောမတ်စ်အီဗင် (ကနေဒါ)၊ ဗိုလ်မှူးကြီး ဒေါ်နယ်အက်စ်ရော့(တ်)ဝဲလ် (အမေရိကန်)၊ အာရ်အလ် မီလေမာ (ဟော်လန်) စသည်တို့မှာ ထင်ရှားသည်။
ဘာသာရေးနယ်ပယ်မှ အစ္စလာမ်သို့ဝင်လာသူများထဲတွင် ဘီရှော့ ပရော်ဖက်ဆာ ဒေးဗစ်ဘင်ဂျာမင်ကီလ်ဒါနီ (အဗ်ဒုလ် အဟဒ်ဒါဝုဒ်)၊ ဘက်ပတစ်ချာခ်ျဆရာမ-ဂျေ-ဂိလ်ခရိစ်၊ ဘုန်းတော်ကြီး ဒေါက်တာ ယာဟ်ယာအေ- အာရ်လီဟ်မန် (ဂျာမနီ)၊ အက်စ်အမ် စူလိုင်မန် (ဘက်ပတစ်ချာခ်ျမင်နစ်စတာ အမေရိကန်)၊ Rev. ဒေါက်တာ အမ်.အိပ်ခ်ျ ဒူးရားနီး (ပါကစ္စတန်) မရ်ယမ်ဂျမီလာ (အမေရိကန်)၊ စသည်တို့ထင်ရှားသည်။
၎င်းတို့အပါအဝင် များစွာသောသူတို့မှာ ကုရ်အာန်ကျမ်းမြတ်ကို လေ့လာ၍ အမှန်တရားကို ရှာဖွေခဲ့ခြင်းသာဖြစ်၏။ Islam Our Choice စင်ကာပူနှင့် Islam- The Religion of all Proptets ပါကစ္စတန်)။
Wednesday, 5 September 2012
အခန်း (၁၀) နျူကလီယားခေတ် အဏုမြူမှုန်တို့၏ သက်သေလက္ခဏာများ
အခန်း (၁၀)
နျူကလီယားခေတ် အဏုမြူမှုန်တို့၏ သက်သေလက္ခဏာများ
အလ္လာဟ်အရှင်မြတ်ထံတော်မှ လူသားတို့ထံ ကု၇်အာန်ကျမ်းမြတ် မကျရောက်မီ ကမ္ဘာပေါ်တွင် ဂရိတို့၏ အတွေးအခေါ်များ ထွန်းကားလာသည်။ ဂရိတို့က စကြဝဠာကြီးတွင်ရှိသော အစိုင်အခဲ၊ အရည်၊ အငွေ့ စသည်ဖြင့် အသွင်အမျိုးမျိုးဖြင့် ရှိနေသော ရုပ်ဝတ္ထုပစ္စည်းတို့၏ အသေးငယ်ဆုံး အစိတ်အပိုင်းသည် အဏုမြူမှုန်များဖြစ်သည်။ ထို့ကြောင့် စကြဝဠာကြီး၏ အသေးငယ်ဆုံးအရာသည် အဏုမြူမှုန်ဖြစ်သည်။ အဏုမြူမှုန်ထက် သေးငယ်သောအရာ (ဓာတုဗေဒအရ) မရှိ၊ အဏုမြူမှုန်ကို ဓာတုဗေဒနည်းအရ ထပ်မံ ခွဲခြား၍လည်း မရတော့ဟု ဆိုခဲ့ကြသည်။ အဏုမြူမှုန်ကို လူသားတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။
အလ္လာဟ်အရှင်မြတ်သည် အဏုမြူမှုန်များ အပါအဝင် စကြဝဠာလောကခပ်သိမ်းတို့ကို ဘုန်းတော်အနန္တတို့ဖြင့် တိကျမျှတစွာ စနစ်တကျ အဆင့်ဆင့် ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူသည်။ အလ္လာဟ်၏ အမရ်စီမံမှုအမိန့်တော်ဖြင့် သတ်မှတ်ချက် အားလုံးတို့သည် သဘာဝ နိယာမတရားအဖြစ် ရုပ်စကြဝဠာတွင်း၌ ဖြစ်ပေါ်နေသည်။ ထို့ပြင် ဖန်ဆင်းရှင် အလ္လာဟ်သည် စကြဝဠာ လောကခပ်သိမ်းရှိ ဖန်ဆင်းခံ သက်ရှိသက်မဲ့ အသီးသီးတို့ထံသို့ ၄င်းတို့အား မည်သည့်ရည်ရွယ်ချက်၊ မည်သည့် သဘာဝတို့ဖြင့် ဖန်ဆင်းထား၍ မည်သို့ ဘဝတည်ဆောက် နာခံကြရမည့် လမ်းညွှန် အသီးသီးကိုလည်း ဝဟီအဖြစ် ထုတ်ပြန်ပို့ချတော်မူသည်။
ဖန်ဆင်းရှင် အလ္လာဟ်၏ဘုန်းတော် ဉာဏ်တော် အနန္တတို့သည် အဏုမြူမှုန်ကလေးများ အပါအဝင် စကြဝဠာ လောကခပ်သိမ်းကို လွှမ်းခြုံလျက်ရှိပေသည်။ ဤသည်ကို စဉ်စား ဆင်ခြင်သူတို့အတွက် သက်သေလက္ခဏာတော်အဖြစ် ကုရ်အာန်ကျမ်းမြတ်တွင်း၌ အောက်ပါအတိုင်း ဖော်ပြထားသည်။
“စင်စစ် ကာဖိရ် သွေဖည်ငြင်းပယ်သူတို့က (ကိယာမသ်) ရှင်ပြန်ထရမည့် အချိန်ကာလသည် ကျွန်ုပ်တို့ထံ ဆိုက်ရောက်လာမည် မဟုတ်ဟု ဆိုကြသည်။ အသင်ပြောလော့။ (အချင်းတို့) ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော၊ အကွယ်၌ရှိသည်တို့ကို သိတော်မူသော (အလ္လာဟ်)အရှင်မြတ်ကို သက်သေထူတော်မူ၏။ ယင်းရှင်ပြန်ထရမည့် အချိန်ကာလသည် အသင်တို့ထံ အမှန်ပင် ဆိုက်ေ၇ာက်လာမည်။ မိုးကောင်းကင်များ၌ လည်းကောင်း၊ ကမ္ဘာဂြိုဟ်များ၌ လည်းကောင်း၊ အဏုမြူမှုန်ခန့်မျှသော ဝတ္တုပစ္စည်းသည်ပင်လျင် ထိုအရှင်မြတ်၏ အသိတော်မှ ကွယ်ပျောက်နေသည်ဟူ၍မရှိ၊ စင်စစ် ယင်းအဏုမြူမှုန်ထက်သေးသော အရာပင်ဖြစ်စေ၊ ယင်းအဏုမြူမှုန်ထက်ကြီးသော အရာပင်ဖြစ်စေ ထင်ရှားသော မှတ်တမ်းစာအုပ်၌ ရေးသားပြီး ဖြစ်၏” (ကုရ်အာန် ၃၄း၃)
မြေမှပေါက်သော အရာများတွင်လည်းကောင်း၊ ထိုလူသားတို့၏ ကိုယ်များ၌လည်းကောင်း၊ ထိုလူသားတို့မသိကြ (သေး)သော အရာများတွင်လည်းကောင်း (ဆန့်ကျင်ဘက်၊ ဖို.မ) စုံတွဲများကို ဖန်ဆင်းထားတော်မူသော အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ အတိုင်းအဆမရှိ စင်ကြယ် သန့်ရှင်းတော်မူပါ၏ တကား” (ကုရ်အာန် ၃၆း၃၆)
လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀တွင် ဂရိတို့က အဏုမြူမှုန်သည် ရုပ်ဝတ္ထုတို့၏ အသေးငယ်ဆုံး အစိတ်အပိုင်းဟု ဆိုနေချိန်တွင် အလ္လာဟ်အရှင်မြတ်က စာမတတ်သူ တမန်တော်ချုပ် မုဟမ္မဒ်ထံမှ တစ်ဆင့် အဏုမြူမှုန်ထက် သေးငယ်သော အရာများ ဖန်ဆင်းထားကြောင်း၊ လူသားတို့သိသော၊ မသိသောအရာခပ်သိမ်းတို့တွင် ဖို/မ ဆန့်ကျင်ဘက်အရာများ ဒွိစုံဖန်ဆင်းထားကြောင်း ဆိုလိုက်ပေသည်။ အကယ်၍ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ရှိတော်မူကြောင်းနှင့် လူသားတို့သည် သေပြီးနောက် ရှင်ပြန်ထမြောက်၍ အလ္လာဟ်ထံတော်တွင် စစ်ဆေးမေးမြန်းခြင်းခံရမည် ဖြစ်ကြောင်းကို သံသယရှိပါက အဏုမြူမှုန်လေးများအတွင်း သက်သေလက္ခဏာကိုကြည့်စေ၏။ အက်တမ်ခေါ် အဏုမြူမှုန်ထက်သေးငယ်သော အရာကိုတွေ့ပါက ဖန်ဆင်းရှင် အလ္လာဟ်နှင့် အလ္လာဟ်၏ လမ်းညွှန် ကုရ်အာန်ကျမ်းမြတ်ကို လက်ခံရမည် ဖြစ်ပေသည်။
၇.ရာစုနှစ်က ကျရောက်ခဲ့သော အလ္လာဟ်လမ်းညွှန် ကုရ်အာန်ကျမ်းမြတ်ကို ၂၀.ရာစု သိပ္ပံပညာက ထောက်ခံလေပြီ။ ၁၉၁၁.ခုနှစ်တွင် သိပ္ပံပညာရှင် လော့ဒ်ရူသာဖို့ဒ် (Lord Ruther Ford) က ဓာတုဗေနည်းဖြင့် ဆန်းစစ်သော် အဏုမြူမှုန်သည် စကြဝဠာ ရုပ်ဝတ္ထု ပစ္စည်းများ၏ အသေးငယ်ဆုံး အစိတ်အပိုင်း မဟုတ်ဘဲ အဏုမြူမှုန်ထက်သေးငယ်သောအရာများသည် အဏုမြူမှုန်အတွင်း၌ရှိကြောင်း တွေ့ရှိခဲ့လေသည်။ တစ်နည်းဆိုသော် အဏုမြူမှုန်ထက် သေးငယ်သောအရာများဖြင့် အဏုမြူမှုန်ကို ဖွဲ့စည်းထားသည်။
ထိုမှတစ်ဆင့် အဏုမြူမှုန်တစ်ခုတွင်း၌ အမဓာတ်ဆောင်သော အီလက်ထရွန်များ၊ အဖိုဓာတ်ဆောင်သော ပရိုတွန်များ၊ မည်သည့် ဓာတ်မျှ မဆောင်သော နျူထရွန်များ ရှိနေကြောင်း တွေ့ရပေသည်။ ပရိုတွန်များနှင့် နျူထရွန်တို့သည် အဏုမြူမှုန်၏အလယ် (နျူကလီယား) တွင်ရှနေ၍ အမဓာတ်ဆောင် အီလက်ထရွန်တို့က ၄င်းတို့အား သတ်မှတ်ထားရာ လမ်းကြောင်းများမှ စနစ်တကျ လှည့်ပတ်ရွေ့လျားလျက် ရှိကြောင်းတွေ့ရပေသည်။ ယခုအခါ “ကွမ်တမ်သီအိုရီ” အဆင့်သို့ပင် ရောက်နေပေပြီ။ အဏုမြုမှုန် အမျိုးအစားပေါင်း များစွာတို့သည် အလ္လာဟ် သတ်မှတ်ထားရာ နိယာမသဘောတရားများအတိုင်း နည်းမျိုးစုံဖြင့် စနစ်တကျပေါင်းစပ်၍ ရေ၊ မြေ၊ လေ၊ မီးအပါအဝင် ရုပ်စကြဝဠာအတွင်း ရုပ်ဝတ္ထုပစ္စည်းများစွာတို့ ထင်ရှား ဖြစ်ပေါ်လာပေသည်။ စင်စစ် အဏုမြူမှုန်အသီးသီးတို့သည် ဖန်ဆင်းရှင် အလ္လာဟ်ထံတော်မှ မိမိတို့အား မည်သည့်သဘာဝ၊ ရည်ရွယ်ချက်တို့ဖြင့် ဖန်ဆင်းထား၍ မည်သို့ ဖွဲ့စည်းဆောင်ရွက်ကြရမည်ကို ဝဟီလမ်းညွှန်ရပြီး ဖြစ်သည်။
>နျူကလီယား
အက်တမ်ခေါ် အဏုမြူမှုန်ကလေးများသည်ပင် ၄င်းတို့အတွက် အလ္လာဟ်သတ်မှတ်ထားရာ လမ်းညွှန်ကို နာခံသူ မုစ်လင်မ်များဖြစ်ကြောင်း ဆိုနေပေသည်။ လူသား၏ ရုပ်ခန္ဓာကိုယ်မှာလည်း အဏုမြူမှုန်များစွာတို့ဖြင့် ဖွဲ့စည်းထားပေရာ မိမိ၏ ခန္ဓာကိုယ်ကြီးက အလ္လာဟ်ကို နာခံသူ မုစ်လင်မ် ဖြစ်နေပါလျက် လူသားသည် ဖန်ဆင်းရှင် အလ္လာဟ်ကို မည်သို့ငြင်းအံ့နည်း။
“ (၁) နောက်ကွယ်၌ အတင်းပြောသူတိုင်း၊ အပြစ်ရှာ စောင်းချိတ် ရှုတ်ချ ပြောသူတိုင်း ကျိုးယုတ် ပျက်စီးမည်သာတည်း”
(၂) (အကြင်သူသည် ပျက်စီးအံ့) ထိုသူသည် (လောက) ပစ္စည်းဥစ္စာကို စုဆောင်းပြီး အကြိမ်ကြိမ် ရေတွက်လျက်ရှိ၏
(၃) မိမိဥစ္စာပစ္စည်းသည် မိမိအား အမြဲတစေ အသက်ထင်ရှား ရှိစေမည်ဟု ထင်မှတ်လေသည်။
(၄) အလျင်းမဟုတ်၊ စင်စစ်မှာကား ထိုသူသည် “ဟုသွမသ်” ချိုးဖျက်၊ ခြေခွဲ အပိုင်းပိုင်းဖြစ်စေသောအရာ၌ စွန့်ပစ်၊ ပစ်ချခြင်းကို အမှန်ပင် ခံရလတ္တံ့”
(၅) စင်စစ် ထို “ဟုသွမသ်” ချိုးဖျက် ခြေခွဲ အပိုင်းပိုင်းဖြစ်သော အရာသည် အဘယ်နည်းဟု အသင်သိပါ၏လော့
(၆) မွှေးထားပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ ငရဲမီးပင်။
(၇) အကြင်မီးသည် စိတ်နှလုံးများအပေါ်ဖုံးလွှမ်း (ထိရောက်)လေသည်။
(၈) ဧကန်မလွဲ ထိုမီးသည် ၄င်းတို့အပေါ်၌ ပိတ်ဆို့ထားပြီး ဖြစ်ပေသည်။
(၉) ရှည်လျားလှစွာသော (မီးကျည်) တိုင်များ၌” (ကုရ်အာန် ၁၀၄း ၁-၉)
အလ္လာဟ်အရှင်မြတ်လမ်းညွှန်အတိုင်း ဘဝတည်မဆောက်သူအဖို့ လမ်းဆုံးမှာ ပူလောင်မှုငရဲ ဒုက္ခသာ ဖြစ်ပေသည်။ တမလွန်၏ ဂျဟန္နာမ် ငရဲမီးပြစ်ဒဏ်သည် အမှန်ပင် ရှိ၏။ အလ္လာဟ်က “ဟုသွမသ်” ချိုးဖျက် ခြေခွဲ အပိုင်းပိုင်း ဖြစ်စေသောအရာဟု ပြဆိုရင်း သက်သေပြထားပေသည်။
အက်တမ်ခေါ် အဏုမြူမှုန်ကို အာရဗီစာပေတွင် “ဇရ်ရဟ် (သို့မဟုတ်) အုသွမဟ် ဟု ခေါ်သည်။ အဏုမြူမှုန်တစ်ခုကို သာမန် ရိုးရှင်းသော ဓာတုဗေဒနည်းလမ်းများဖြင့် ခွဲခြမ်းနိုင်ခြင်း မရှိချေ။ သို့သော် အထူးအခြေအနေတစ်ရပ်တွင် အုသွမဟ်ခေါ် အဏုမြူမှုန်သည် (ဟုသွမဟ်) အပိုင်းပိုင်း ကွဲသွားနိုင်သည်။ ထိုသို့ အဏုမြူမှုန်သည် အပိုင်းပိုင်း ကွဲပြားသွားသောအခါ အလွန်ကြီးမားသော အဏုမြူစွမ်းအင် (သို့မဟုတ်) နျူကလီးယားစွမ်းအင် ထက်ပေါ်လာလေသည်။ နျူကလီးယားစွမ်းအင် အဆင့်ဆင့်ဖြစ်ပေါ်လာမှုကို ကုရ်အာန်က “ဟုသွမဟ်”၏ သဘာဝဖြင့် တင်စားပြဆိုထားပေသည်။ ဟုသွမဟ် အပိုင်းပိုင်း ခြေခွဲမှုသည် အသက်မရှုနိုင်လောက်အောင် အခက်အခဲဖြစ်စေခြင်း ဒုက္ခ၊ အသက်အန္တရာယ်ထိခိုက်စေသော ဒုက္ခကိုဖြစ်စေ၍၊ ၄င်း၏လောင်ကျွမ်းမှုသည် ရှည်လျားသော မီးကျည်တိုင်ကြီးသဖွယ်ဖြစ်၍ မမှန်းဆနိုင်လောက်အောင် နေရာဒေသများထိ သက်ရောက်လေသည်။
အဏုမြူစွမ်းအင်၊ နျူကလီးယားစွမ်းအင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မှိုပွင့်သဏ္ဍာန် ပေါက်ကွဲမှုကြီးသည် ကောင်းကင်ယံတိုင်တက်၍ ကမ္ဘာ့ဒေသများစွာထိ ပျံ့နှံ့ကာ လူသားတို့ကို ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။ နျူကလီးယားစွမ်းအင်သုံးနေသော ကမ္ဘာကြီးတွင် လူသားတို့၏ နှလုံးသားတို့သည် နျူကလီးယား မတော်တဆ ပေါက်ကွဲမှုများ၊ လက်နက်များကို ကြောက်လန့်လျက် ရှိနေကြပေသည်။ အလ္လာဟ်ထံမှ လောကငရဲပြစ်ဒဏ်သည် လူသားတို့၏ မိုက်မဲမှားယွင်းမှုကြောင့် အချိန်မရွေး ကျရောက်နိုင်ပေသည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားတွင် အမေရိကန်တို့ ချခဲ့သော အဏုမြူဗုံးဒဏ်နှင့် ဒုက္ခနှင့် ၁၉၈၆ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန် ချဲလင်ဂျာအာကာသယာဉ် ပေါက်ကွဲမှု၊ ၁၉၈၆ ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင် ဆိုဗီယက်နိုင်ငံ၊ ချာနိုဘလ်နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု၏ ဒုက္ခတို့သည် မည်မျှ ထိတ်လန့်ဖွယ်နည်း။ တမလွန်၌ ကြုံတွေ့ရမည့် ဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်သည်ကား ရှောင်၍ လွတ်မည်မဟုတ်ချေ။
“ ပြောလော့ ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိတို့ ထင်မှတ်ကိုးကွယ်ခဲ့ကြသော သူတို့အား ဟစ်ခေါ်ကြလေကုန်။ ထိုသူတို့သည် မိုးကောင်းကင် စကြဝဠာများ၌ လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ လည်းကောင်း၊ အဏုမြူမှုန် ခန့်မျှပင် ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ထို့ပြင် ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်နှစ်ခုလုံး၌ ၄င်းတို့၏ ဖက်စပ်မှုဟူ၍လည်း လုံးဝမရှိပေ။ ထို့အတူ ၄င်းတို့အနက် ထိုအရှင်မြတ်အား ရိုင်းပင်းကူညီသူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိချေ” (ကုရ်အာန် ၃၄း၂၂)
Subscribe to:
Posts (Atom)


